ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်မြေများမှာ အခြားမြေများအဖြစ် ပြောင်းလဲမှု
ပိုမိုများပြားလာနေပြီး နှစ်စဉ်လယ်မြေ ဧကများ လျော့ကြလာနေကြောင်း သိရသည်။
လက်ရှိပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေတွင် လယ်ယာမြေများကို အခြားမြေများအဖြစ်
မပြောင်းလဲနိုင်စေရန် တင်းကျပ်သောအချက်များ မပါရှိသောကြောင့် ထိုသို့ ပိုမိုဖြစ်လာရကြောင်းနှင့်
ထို့အတွက် လယ်မြေမှ အခြားမြေအဖြစ်သို့ မပြောင်းလဲနိုင်သော ဥပဒေတစ်ခု အမြန်ပြဋ္ဌာန်း
သင့်ကြောင်း မြတ်မင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးအောင်မင်းက ပြောသည်။
''နှစ်စဉ်လျော့နည်းနေတဲ့ လယ်ယာမြေတွေကို ထိန်းသိမ်းဖို့ လယ်မြေကနေ အခြားမြေအဖြစ်
အလွယ်တကူပြောင်းလို့မရတဲ့ ဥပဒေတစ်ခု အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ လိုအပ်နေပါပြီ။ အဲဒီလို
မပြဋ္ဌာန်းပေးနိုင်သေးရင်တောင် လက်ရှိ ရှိနေတဲ့ လယ်မြေတွေကို လယ်မြေတွေအနေနဲ့
အသုံးပြုဖို့ အစိုးရက တိုက်တွန်းဖို့လိုအပ်နေပါပြီ''ဟု ၄င်းက ပြောသည်။
ထို့ပြင် လက်ရှိကျန်နေသေးသော လယ်မြေများကို လယ်မြေအဖြစ် အသုံးမပြုဘဲ ခွင့်ပြုချက်
မရှိဘဲ အခြားမြေအဖြစ် အသုံးပြုနေသူများကို အရေးယူမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း
ဦးအောင်မင်းက ပြောသည်။
''ရန်ကုန်မှာ လယ်မြေကို မြေကွက်လွတ်ပဲ ထားသူတွေနဲ့ ခွင့်ပြုချက်မရှိဘဲ အခြားမြေအဖြစ်
အသုံးပြုနေသူတွေကို ထိရောက်စွာ အရေးယူဖို့ လိုအပ်နေပါတယ်။ လယ်မြေကို
လယ်မြေအနေနဲ့ အသုံးပြုနိုင်ဖို့ အစိုးရက အားပေးသင့်ပါတယ်။ အဲဒီလိုခွင့်ပြုချက် မရှိဘဲ
အခြားမြေအဖြစ် ပြောင်းလဲ အသုံးပြုနိုင်ရင် လယ်မြေတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်''ဟု
၄င်းက ပြောသည်။
အိမ်ခြံမြေစျေးများမှာမြင့်မားနေပြီး စိုက်ပျိုးရေးလုပ်ငန်းများ ကျဆင်းနေသော ယခုအချိန်တွင်
လယ်မြေများကို ခွဲခြမ်းစိတ်ဖြာ ရောင်းချမှုများ ပိုမိုများပြားလာပြီး ရန်ကုန်မြို့ပြင်ဧရိယာရှိ
လယ်မြေအများစုမှာ နေအိမ်များအဖြစ် အခြေတကျ နေထိုင်မှုများရှိနေကြပြီဖြစ်ကြောင်း
ထောက်ကြန့်မြို့နယ်မှ မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်သန်းက ပြောသည်။
လယ်မြေများကို ထိန်းသိမ်းနိုင်ရန်နှင့် တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန် အစိုးရက လယ်မြေစျေးများကို တခြား မြေစျေးနှုန်းများထက် သိသာစွာ
လျော့နည်းရန် ဆောင်ရွက် ပေးသင့်ပြီး လယ်ယာစိုက်ပျိုးသူများသာ လယ်မြေများကို
ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ပေးသင့်ကြောင်း ၄င်းက ပြောသည်။
''မြေစျေးနှုန်းတွေမြင့်မားပြီး လယ်မြေတွေကို အခြား အမြတ်ပိုရတဲ့ လုပ်ငန်းတွေ
လုပ်ကိုင်လာကြတော့ တောင်သူလယ်သမားတွေက လယ်မြေတွေမှာ စိုက်ပျိုးဖို့က
ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။ အမြတ်ပိုရတဲ့ တခြားလုပ်ငန်းတွေ လုပ်ကိုင်
လာကြတာဖြစ်ဖြစ်၊ အိမ်ရာ နေထိုင်လိုသူတွေကို မြေယာခွဲဝေရောင်းချတာဖြစ်ဖြစ်
လုပ်လာတာတွေကို အချိန်မီတားဆီးပြီး ကျန်ရှိနေတဲ့ လယ်မြေတွေကို လယ်မြေအနေနဲ့ပဲ
အသုံးပြုဖို့ လိုအပ်လာပါပြီ။ များပြားလာတဲ့ ရန်ကုန်မြို့ လူဦးရေအတွက်လည်း နေ့စဉ်
စားသောက်ဖို့ စိုက်ပျိုးရေးကို ပိုမိုပြုလုပ်ဖို့ လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။
စိုက်ပျိုးရေးကဏ္ဍအတွက် အခြားပြည်နယ်နှင့် တိုင်းများကို သီးသန့်ရွေးချယ်သင့်ပြီး
စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကုန်ထုတ်လုပ်ငန်းများနှင့်
စက်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန်သာ ဆောင်ရွက်သင့်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်ဖို့အတွက် အထူးပြုဆောင်ရွက်နေတဲ့ ပြည်နယ်နဲ့
တိုင်းတွေ သီးသန့်ရှိရမှာဖြစ်ပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့က စက်မှုဇုန်လုပ်ငန်းတွေ
ပိုမိုတိုးတက်ဖို့ ဆောင်ရွက်သင့်ပါတယ်။ အစိုးရကလည်း လယ်ယာမြေကနေ အခြားမြေအဖြစ်
ပြောင်းလဲမယ်ဆိုရင် အလွယ်တကူ ပြောင်းလဲခွင့်ပြုပြီး စက်မှုလုပ်ငန်းတွေ တွင်တွင်
ကျယ်ကျယ် လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်''ဟု ၄င်းက ပြောသည်။
နှစ်စဉ် လူဦးရေ ထူထပ်လာနေသည့် ရန်ကုန်မြို့အတွက် အိမ်ရာစီမံကိန်းများ တိုးချဲ့ဆောက်လုပ်ရန်
လိုအပ်နေပြီး ထိုအိမ်ရာစီမံကိန်းများကို မြေနေရာများစွာ ရှိနေသော မြို့သစ်များမှ
လယ်ယာမြေများတွင် တည်ဆောက်သင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊
အဆောက်အအုံဦးစီးဌာနမှ ဒေါ်လှိုင်မော်ဦးက ပြောသည်။
''အထပ်မြင့်အဆောက်အအုံနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို မြေနေရာများပြားစွာ ရှိနေသေးတဲ့
မြို့လယ်ကောင်မကျတဲ့ မြို့နယ်တွေမှာ ဆောက်သင့်ပါတယ်။ တန်ဖိုးသင့် အိမ်ရာတွေနဲ့
တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ဖို့ မြေစျေးနှုန်း မကြီးမြင့်သေးတဲ့ မြို့ပြင်က
လယ်မြေတွေမှာ တည်ဆောက်ဖို့ သင့်တော်ပါတယ်''ဟု ၄င်းက ပြောသည်။
ရန်ကုန်မြို့ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးမြေများ ထားရှိခြင်းထက် များပြားလာသော
လူဦးရေအတွက် လိုအပ်သော အထပ်မြင့်အဆောက်အအုံများ ပိုမိုတည်ဆောက်သင့်ကြောင်း
ပညာရှင်များကပြော ဆိုကြသည်။
လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ လယ်ယာမြေကို အခြားနည်းလမ်းများအဖြစ်
အသုံးပြုနိုင်ရန်အတွက် အပိုဒ် ၃ဝ (ခ)အရ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေ
စီမံခန့်ခွဲရေးအဖွဲ့၏ ထောက်ခံမှု မရှိမဖြစ် လိုအပ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်
ရရှိထားသူများအနေဖြင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား
စီရင်ခြင်းခံရပါက ထိုသူကို အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ ချမှတ်နိုင်ပြီး
ကျပ် ၁ဝ သိန်းအောက် မနည်းသည့် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ငွေနှင့် ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်
သိမ်းဆည်းနိုင်ကြောင်း လယ်ယာမြေဥပဒေ အပိုဒ် ၃၇တွင် ဖော်ပြထားသည်။
















