အစိုးရပိုင်မြေများငှားရမ်းခ သိသာစွာလျော့နည်းရရှိနေ

အစိုးရပိုင်မြေများငှားရမ်းခ သိသာစွာလျော့နည်းရရှိနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရပိုင်မြေနေရာများနှင့် အဆောက်အအုံများကို
ပုဂ္ဂလိက လုပ်ငန်းများသို့ ငှားရမ်းထားမှုမှ ရသည့် အခနှုန်းများမှာ သိသာစွာ လျော့နည်း
ရရှိနေကြောင်း ၂ဝ၁၅•၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်
အစီရင်ခံစာပါ ပြည်သူ့ငွေစာရင်းကော်မတီ၏ သုံးသပ်ချက် တွင် ဖော်ပြပါရှိသည်။

ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနအပေါ် စစ်ဆေးတွေ့ရှိချက်များတွင် ပြည်သူ့
ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အပန်းဖြေလုပ်ငန်းများ ဆောင်ရွက်ရန် ကုမ္ပဏီရွေးချယ်ရာ
တွင်တင်ဒါလေလံစနစ်ဖြင့် မဟုတ်ဘဲ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်သာ
ရွေးချယ်ခဲ့ကြောင်း၊ ပန်းခြံများတွင် မြေငှားရမ်းခ စျေးနှုန်းများမှာ ကာလပေါက်စျေးများနှင့်
နှိုင်းယှဉ်ပါက အလွန်နည်းနေကြောင်း၊ ကုမ္ပဏီများက စာချုပ်ပါအတိုင်း ဆောင်ရွက်မှု
မရှိခြင်းများနှင့် သဘောတူစာချုပ်များ အားနည်းခြင်းများရှိကြောင်း ပြည်သူ့ငွေစာရင်း
ကော်မတီက ဖော်ပြထားသည်။

''မြေငှားရမ်းခ နည်းတာမှာ ရင်ပြင်နဲ့ ပြည်သူ့ရင်ပြင်က သုည ဒသမ ၃၆ ဧက
ငှားခဲ့တာမှာ တစ်လမှ ၂ဝ၈ သိန်း ရခဲ့တယ်။ ဌာနကနေ ၂၅ နှစ်တောင်ငှားမှာ။
၂ဝ၃ဝ-၄ဝ ပြည့်နှစ် အထိငှားမှာ ဖြစ်တယ်။ ၂ဝ၁၅- ၁၆ မှာ ကာလပေါက်စျေးက
တစ်စတုရန်းပေကို ကျပ် ၁,ဝဝဝ ရှိတယ်။ ဒဂုံမြို့နယ်မှာဆိုရင် ကျပ် ၃,ဝဝဝ အထက်မှာ
ရှိတယ်။ တကယ်ငှားရမ်းလိုက်တာက သုည ဒသမ ၈၈ ကျပ်နှုန်းပဲရှိတယ်။ တစ်ကျပ်တောင်
မရဘူး'' ဟု ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ထို့ပြင် ပြည်သူ့ငွေစာရင်းကော်မတီက ကန်တော်ကြီး၊ မြိုင်ဟေဝန်နှင့် ကန်တော်မင်္ဂလာ
ပန်းခြံကြီးများအတွင်းရှိ ရွှေဘဲစားသောက်ဆိုင်ကြီးများနှင့် Happy World ကစားကွင်း
များကို အမှန်တကယ် ဆောင်ရွက်သူများကို တိုက်ရိုက် ငှားရမ်းခြင်း မဟုတ်ဘဲ မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းမှ တစ်ဆင့် ငှားရမ်းထားကြောင်းနှင့် တစ်စတုရန်းပေ
အတွက် တစ်လငှားရမ်းခမှာ ၁၂ ဒသမ ၅၄ ကျပ်သာ ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း
လည်း ပါရှိသည်။

''ကန်တော်မင်္ဂလာပန်းခြံ၊ ရွေဘဲ စားသောက်ဆိုင်နဲ့ ဟက်ပီးဝေါလ် အမှတ် (၁) ငှားရမ်း
မှုနှုန်းတွေက အရမ်းနည်းတယ်။ တစ်လကို ၁ဝ သိန်းပဲ ပေးတယ်။ ဟက်ပီးဝေါလ်လည်း
၂ဝ ကျော်ပဲ ပေးရတယ်။ လုပ်ငန်းရှင်ကို တိုက်ရိုက်မငှားရဘဲ မိခင်နဲ့ကလေးကို ပေးရ
တယ်လို့ သိရတယ်။ မိခင်နဲ့ကလေးက လုပ်ငန်းရှင်တွေကို ဘယ်လောက်ထိ
တိုးတောင်းနေလဲဆိုတာ မသိနိုင်ဘူး။ ဒီထက်လည်း တိုးတောင်းနိုင်တယ်။
ပွင့်လင်းမြင်သာမှု မရှိဘူး '' ဟု ¤င်းက ပြောသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာတွင် ထပ်မံဖော်ပြထားသည်မှာ မြကျွန်းသာ
အပန်းဖြေဥယျာဉ် ငှားရမ်းခနှုန်းမှာ နည်းပါးပြီး အစိုးရအတွက် နစ်နာမှုများရှိသည်မှာ
မှန်ကန်ကြောင်း ဆိပ်ကြီးခနောင်တို မြို့နယ် လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက
ပြောသည်။

တိုင်းဒေသကြီးအစိုးရပိုင် မြေနှင့်အဆောက်အအုံများ ငှားရမ်းထားခြင်းတွင် ငှားရမ်းခများကို
ငါးနှစ်တစ်ကြိမ် ငါးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းထိ တိုးမြှင့် ပြင်ဆင်နိုင်ခြင်း အခြေအနေကို
ကန့်သတ်ထားခြင်းများက ကာပေါက်စျေး ငှားရမ်းခနှုန်းများ မြင့်လာသည့်အချိန်တွင်
နိုင်ငံတော်အတွက် နစ်နာနိုင်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက သုံးသပ်ထားသည်။

ထို့ပြင် ၂ဝ၁၅¼၁၆ ဘဏ္ဍာနှစ်၏ အမှန်တကယ်ရရှိရန် မျှော်မှန်းထားသည့် ဘတ်ဂျက်ငွေ
များ မရရှိခဲ့ဘဲ လျော့နည်းရရှိခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးနေဘုန်းလတ်က ထောက်ပြပြောခဲ့ပြီး လျော့နည်း ရရှိငွေမှာ ကျပ် ဘီလျံ ၆ဝ နီးပါး
ရှိသည်ဟု ဆိုသည်။

''ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနနဲ့ မြို့တော်
စည်ပင် အဲဒီသုံးဌာနက လျော့ပြီး ရတယ်။ အများဆုံးကတော့ စည်ပင်က လျော့ရတဲ့
ပမာဏအများဆုံး ဖြစ်တယ်။ ဘာလို့လျော့သလဲ ကြည့်လိုက်တော့ ငှားရမ်းခတွေ
အရမ်းလျော့နည်းနေတယ်'' ဟု ဦးနေဘုန်းလတ်က ပြောသည်။

အစီရင်ခံစာတွင် ၂ဝ၁၅¼၁၆ ဘဏ္ဍာနှစ်၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏
ဘတ်ဂျက်လိုငွေ ပြမှုသည် ကျပ် ၁၁၄,၃ဝ၃ သန်းခန့်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ပန်းဥယျာဉ်နှင့် အားကစားကွင်းများ အတွင်း မြေငှားရမ်းမှုများသည် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီအဖွဲ့က လုပ်ဆောင်ပြီး အချို့ ကိစ္စရပ်များတွင်
တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ခြင်းမရှိဘဲ ဆောင်ရွက်သဖြင့်
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကွပ်ကဲမှု ကင်းလွတ်နေခြင်းကို ပြန်လည်စိစစ်ရန်လည်း
ပြည်သူ့ငွေစာရင်းကော်မတီက ထောက်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်