ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝင်ငွေ လျော့နည်းရရှိမှုများတွင် စည်ပင်သာယာရေး
ကော်မတီဌာနက အများဆုံးဖြစ်ကြောင်း ဧပြီ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် ပြည့်သူ့ငွေစာရင်းကော်မတီက တင်ပြခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး
အစိုးရစာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိပြီး လွှတ်တော်အမတ်များကလည်း ထောက်ပြခဲ့ကြသည်။
အဆိုပါ အစီရင်ခံစာသည် ပြီးခဲ့သည့် ၂ဝ၁၅၁၆ ယခင် အစိုးရလက်ထက် ဘဏ္ဍာနှစ်အတွက်
ဖြစ်ပြီး အစိုးရဝင်ငွေရရှိသည့် အားနည်းချက်များတွင် ငှားရမ်း၊ ကောက်ခံသည့် နှုန်းထားများ
လျော့နည်းနေခြင်းကို ထောက်ပြထားသည်။
ရန်ကုန်မြို့၏ မြေနှင့် အဆောက်အအုံ၊ အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုများနှင့် မြို့ပြဖွံ့ဖြိုးရေး
အဆောက်အအုံများ အားလုံးနီးပါးသည် တိုင်းဒေသကြီး၏ တိုက်ရိုက်ကိုင်တွယ်မှုထက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အများဆုံး အဓိကကိုင်တွယ်သည်။
ပြည်သူ့ငွေစာရင်းကော်မတီ၏ သုံးသပ်ချက်များတွင် အချို့ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့
တင်ပြဆောင်ရွက်ခြင်းမရှိဘဲ စည်ပင်သာယာရေးကော်မတီ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ခြင်းများ
ရှိသည့်အတွက် အစိုးရအဖွဲ့၏ စီမံကွပ်ကဲမှု ကင်းလွတ်နေမှုများကို ပြန်လည်စိစစ်ရန်
ပြောဆိုထားသည်။
ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဌာနများက ငှားရမ်းလုပ်ကိုင်သည့်
လုပ်ငန်းများ၏ ငှားရမ်းခများနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုများတွင် အကျိုးအမြတ်
ခွဲဝေရရှိမှု နည်းပါးနေမှုများက နိုင်ငံတော်ဝင်ငွေရရှိမှုကို ထိခိုက်နေကြောင်း ပြည်သူ့ငွေစာရင်း
ကော်မတီနှင့် လွှတ်တော်ကိုယ်စားများက ဆိုသည်။
ပြည်သူ့ငွေစာရင်းကော်မတီ၏ စစ်ဆေးတွေ့ရှိမှုများတွင် ၂ဝ၁၅၁၆ ဘဏ္ဍာနှစ်အထိ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနက ကုမ္ပဏီများနှင့် အကျိုးတူ
လုပ်ဆောင်ခဲ့သည့် အကျိုးအမြတ် ခွဲဝေမှုအခြေအနေများကို ကြည့်လျှင် အချို့လုပ်ငန်းများတွင်
စည်ပင်က ဧရိယာ ရာခိုင်နှုန်း ပိုမိုရရှိသော်လည်း ငွေရရှိနိုင်မှု မရှိသည့် ကားပါကင် ဧရိယာများခြင်း၊
အချို့အဆောက်အအုံများကို ဆောက်လုပ်သည့် ကုမ္ပဏီသို့ ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်း
များတွင် ပြင်ပပေါက်စျေးနှုန်းထက် နည်းနေခြင်းများ တွေ့ရှိသည်ဟု ဖော်ပြထားသည်။
အကျိုးတူဆောင်ရွက်သည့် လုပ်ငန်းများ၏ မြို့ပြဖွံ့ဖြိုးရေး အဆောက်အအုံများ ရောင်းချမှုတွင်
နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်များစွာ ရှိနေပြီး ၂ဝ၁၅၁၆ ဘဏ္ဍာနှစ်ကုန်သည့်အချိန်တွင်
ပေးရှိရန် ကျန်ငွေ ကျပ်သန်းပေါင်း ၃၆၃၇၂ ဒသမ ၁၉၇ ဖြစ်ကြောင်း တွေ့ရှိသည်ဟု ဆိုသည်။
အကျိုးအမြတ် ခွဲဝေမှုများတွင်လည်း စာချုပ်ချုပ်ဆိုမှုအချိုးအရ မျှတဟန် ရှိသော်လည်း
လက်တွေ့တွင် ကုမ္ပဏီများမှာ အခွင့်အရေး ပိုမိုရယူထားကြောင်း တွေ့ရှိရပြီး မူလစာချုပ်ထက်
ငှားရမ်းခ ပိုမိုကာ စာချုပ်အသစ် ချုပ်ဆိုခဲ့သော်လည်း အမှန်တကယ်တွင် ငွေပေးသွင်းထားခြင်းများ
မရှိကြောင်း ပြည်သူ့ငွေစာရင်း၏ စစ်ဆေးချက်များတွင် ပေါ်ထွက်လာခဲ့သည်။
''တော်တော်များများက စီမံခန့်ခွဲမှု လျော့ရဲလို့၊ ကြပ်မတ်မှုပေါ့လျော့လို့ ဖြစ်တယ်လို့သုံးသပ်တယ်။
၂ဝ၁၅-၁၆ မှာ ဘဏ္ဍာငွေ ရရှိဖို့လျာထားတဲ့အထဲက လျော့နည်းရရှိတာက အများဆုံးကတော့
စည်ပင်က လျော့ရတဲ့ပမာဏအများဆုံးဖြစ်တယ်။ ဘာလို့လျော့သလဲဆိုတာ ကြည့်လိုက်တော့
ငှားရမ်းခတွေ အရမ်းလျော့နည်းနေတယ်။ အဲဒီလိုဖြစ်နေတာတောင်မှ မှန်မှန်မပေးတဲ့
ကုမ္ပဏီတွေလည်းရှိသေးတယ်''ဟု သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်အမတ်
ဦးနေဘုန်းလတ်က ပြောသည်။
ထို့ကြောင့် အမှန်တကယ် ဝင်ငွေရရှိမှုတွင် အကျိုးတူကုမ္ပဏီက ရယူထားသည့် အကျိုးတူ
စာချုပ်များမှာ နိုင်ငံတော်အတွက် များစွာ နစ်နာနေသည့်အတွက် ယင်းစာချုပ်များကို
ပြန်လည်စိစစ်ရန် ပြည်သူ့ငွေစာရင်း ကော်မတီက သုံးသပ်ပြောဆိုခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စျေးများဌာနသည်လည်း ကုမ္ပဏီများနှင့်
အကျိုးတူဆောင်ရွက်သည့် လုပ်ငန်းစုစုပေါင်း စျေးခုနှစ်ခုကို အသစ်ပြန်လည်တည်ဆောက်ခဲ့ပြီး
ယင်းလုပ်ငန်းများ၏ အကျိုးအမြတ် ခွဲဝေမှုများတွင်လည်း ဌာနက နစ်နာနေမှုများကို
စစ်ဆေးတွေ့ရှိခဲ့သည်။
စျေးများဌာနနှင့် ကုမ္ပဏီများ အကျိုးတူ ပြန်လည်အသစ်တည်ဆောက်ခဲ့သည့် စျေးများမှာ
ရွှေမင်္ဂလာစျေး၊ သိပ္ပံစျေး (ဆင်မင်းစျေး)၊ ရေကျော်စျေး၊ ရာပြည့်စျေး၊ တညင်းကုန်း
(ဟင်းရွက်စျေး)၊ သီရိရတနာ လက်ကားစျေးနှင့် သီရိရတနာ လက်ကားစျေး (တိုးချဲ့) တို့
ဖြစ်သည်။
ယင်းစျေးများအနက် ရွှေမင်္ဂလာစျေးတွင် စည်ပင်က ရရှိသောအချိုးမှာ ၆၇ ရာခိုင်နှုန်းဟု
ဆိုသော်လည်း စျေးအဆောက်အအုံတွင် ကားပါကင်ဧရိယာ စတုရန်းပေ တစ်သိန်းကျော်
ပါဝင်နေသဖြင့် စည်ပင်က အမှန်တကယ် အကျိုးအမြတ်ရသည့် ဧရိယာသည် ဆိုင်ခန်း
၁၆၈ ခန်းမှသာ ဖြစ်သည့်အတွက် ၁၆ ဒသမ ၆၇ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရှိရသည်။
သို့သော် ကုမ္ပဏီကမူ စျေး၏ မြေညီထပ်နှင့် ပထမထပ်ကိုရယူခဲ့ပြီး စျေးလာနည်းသည့်
ဒုတိယထပ်နှင့် ကားပါကင်ဖြစ်သည့် တတိယထပ်တို့ကို ဌာနက ရရှိသဖြင့် ယင်းအကျိုးတူ
လုပ်ဆောင်မှုတွင် စျေးများဌာနအတွက် နစ်နာလျက်ရှိကြောင်း ပြည်သူ့ငွေစာရင်း၏
စစ်ဆေးချက်အရ သိရသည်။
စျေးများဌာန၏ စျေးအခွန်အခ ကောက်ခံမှုတွင်လည်း ရန်ကုန်တိုင်းဒေသကြီး
စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် စျေးခွန်အခ ကောက်ခံနိုင်မှုမရှိသော
စျေး၁၄ ခုရှိပြီး နေ့စဉ် စျေးကောက် ကောက်ခံရရှိသည့် စျေး ၁ဝ ခုသာရှိသည့်အတွက်
ဝင်ငွေနစ်နာလျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူ့ငွေစာရင်းကော်မတီက စျေးကောက် ကောက်ခံမှုကို ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်စေလိုပြီး ယနေ့ခေတ်နှင့်ကိုက်ညီမှုမရှိသည့် စျေးကောက်ရရှိမှု အလွန်နည်းပါးသော
စျေးများကိုလည်း ပြည်လည် စိစစ်သုံးသပ်ကာ စျေးကောက်ပမာဏငွေ ပိုမိုရရှိရန်
စီမံသင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
အစီရင်ခံစာပါ ပြီးခဲ့သည့် အစိုးရလက်ထက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီက ရေးဆွဲခဲ့သည့် ဘတ်ဂျက် အသုံးစရိတ်နှင့် ၄င်းတို့၏ စီမံခန့်ခွဲမှုများနှင့်အတူ
ဝင်ငွေရရှိမှု လျော့နည်းခြင်းများကို လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အနေဖြင့် ဆင်ခြင်ကာ ၄င်းတို့လက်ထက်တွင် ဝင်ငွေရရှိမှု ပိုလာအောင် လုပ်ဆောင်မည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။
''ဒါတွေကတော့ အရင်အစိုးရရဲ့ ကိစ္စတွေ ဒါပေမဲ့ အခုကျွန်တော်တို့ အစိုးရအနေနဲ့လည်း
ဆင်ခြင်နိုင်ရမယ်။ ဒီဟာတွေကို ပြန်လုပ်ဖို့ ဆိုတာလည်း မရဘူး။ အရင်အစိုးရ လုပ်သွားတာ
ဆိုတော့ ဒါကိုဆင်ခြင်နိုင်ပြီး ကိုယ့်လက်ထက်ကျတော့ မဖြစ်အောင် ကြိုးစားရမယ်။
အဲဒါတွေကြည့်ပြီး နောက်ကြောင်းပြန်မယ်ဆိုရင် ကျွန်တော်တို့ ရှေ့ဘာလုပ်ရတော့မလဲ၊
အလုပ်လည်း မဖြစ်တော့ဘူး။ ဒါတွေကိုသိပြီး ၂ဝ၁၇-၁၈ မှာ ဒါမျိုးမဖြစ်အောင်
ဆင်ခြင်နိုင်ရမယ်။ ကျွန်တော်လည်း ဒီအစီရင်ခံစာကို ဖတ်ပြီးပါပြီ။ သူတို့ထောက်ပြတာတွေ
ကိုလည်း လက်ခံပါတယ်။ တကယ်လည်း ဟုတ်နေတာပါပဲ''ဟု ၄င်းက ပြောသည်။
လက်ရှိအစိုးရတက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏
ငှားရမ်းခများကို ယခင်စျေးနှုန်းများအတိုင်း မကောက်ခံတော့ဘဲ ကာလပေါက်စျေးဖြင့်
ငှားရမ်းခများ တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။
''ကျွန်တော့်လက်ထက်မှာ အကုန်ပြောင်းပါတယ်။ ငှားရမ်းခ နည်းတာတွေကိုရော
အကုန်လုံးကို ကာလပေါက်စျေးနဲ့ ပြန်ငှားပါတယ်။ အခု စျေးကွက်မှာရှိတဲ့အတိုင်း တွက်ပြီး
ငှားတယ်။ ဇုန်အလိုက် သတ်မှတ်တဲ့ တစ်စတုရန်းပေနှုန်း အတိုင်းကောက်တယ်။ အရင်လို
တစ်နှစ်ကို ငါးရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း တိုးတာတွေ၊ ရာခိုင်နှုန်းတိုးတာပဲ
ရှိတယ်။ အဲဒီတော့ စျေးကွက်ပေါက်စျေးအတိုင်းကောက်၊ လုပ်နိုင်ရင်လုပ်၊
မလုပ်နိုင်တဲ့သူထွက်၊ လုပ်နိုင်တဲ့သူ ဝင်လုပ်သွားလိမ့်မယ်''ဟု ၄င်းက ပြောသည်။
















