ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ ဒုတိယပိုင်းအခန်းများအတွက် လျှောက်လွှာများ စတင်ရောင်းချ

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ ဒုတိယပိုင်းအခန်းများအတွက် လျှောက်လွှာများ စတင်ရောင်းချ

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ၏ ဒုတိယပိုင်း အဆောက်အအုံများက အခန်းများ ဝယ်ယူနိုင်ရန်
လျှောက်လွှာများကို ဧပြီ ၂ ရက်တွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဒုတိယဌာနမှူး ဦးနေဝင်းက
ပြောသည်။

''ဒုတိယပိုင်းကိုတော့ ဆောက်တုန်းပဲရှိပါသေးတယ်။ ဒါပေမဲ့ အခန်းတွေကို ကြိုရောင်း
မှာဖြစ်လို့ ဝယ်ယူချင်တဲ့သူတွေအနေနဲ့ လျှောက်လွှာတွေ စပြီးဝယ်ယူနိုင်ပါပြီ။ အရင်
ဗိုလ်မင်းရောင်၊ ဗိုလ်ဗထူး (ပထမပိုင်း) အိမ်ခန်းတွေ ရောင်းတုန်းကတော့ မဲနှိုက်စနစ်နဲ့
ရောင်းခဲ့ပေမဲ့ ဒီတစ်ခေါက်ကို တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်မှာဖြစ်လို့
ဘယ်လိုပုံစံနဲ့ ရောင်းမလဲဆိုတာတော့ လောလောဆယ် မသိသေးပါဘူး''ဟု ၄င်းက
မြန်မာတိုင်း(မ်)ကိုပြောသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူး
လမ်းဘေးရှိ မြေနေရာပေါ်တွင် ၂ဝ၁၄၁၅ ဘဏ္ဍာနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး
ယခု ဒုတိယအဆင့်စီမံကိန်းတွင် တန်ဖိုးမျှတ အခန်းလေးခန်းတွဲ ရှစ်ထပ်တိုက် ၂၇ လုံး
ပါဝင်မည်ဖြစ်ကာ အခန်းပေါင်း၈၆၄ ခန်း ပါဝင်မည်ဖြစ်သည်။

အခန်းအမျိုးအစား နှစ်မျိုးခွဲခြားထားပြီး အမျိုးအစားတစ်ခုတွင် (ဗ) နှင့် (ြ) ပုံစံဟု
ထပ်မံသတ်မှတ်ထားသည့်အတွက် စျေးနှုန်းများလည်း အခန်းအမျိုးအစား၊ ပုံစံပေါ်
မူတည်ပြီး ကွဲပြားကြောင်း သိရသည်။

အခန်းစျေးနှုန်းများမှာ ၉၂၇ စတုရန်းပေ အတွက် ကျပ် ၃၇၇ သိန်း၊ ၈၇၇ စတုရန်းပေ အတွက်
ကျပ် ၃၅၉ သိန်း၊ ၆၁၄ စတုရန်းပေ အတွက် ကျပ် ၂၈၅ သိန်း၊ ၅၆၅ စတုရန်းပေ အတွက်
ကျပ် ၂၆၇ သိန်းတို့ ဖြစ်သည်။

ယင်းအခန်းများကို အရစ်ကျဝယ်ယူမှုစနစ်နှင့် ဘဏ်ချေးငွေ ဝယ်ယူမှုစနစ်တို့ဖြင့်
ရောင်းချမည်ဖြစ်ပြီး ဘဏ်ချေးငွေဖြင့် ဝယ်ယူလိုသူများအတွက် လေးနှစ် အများဆုံး
သတ်မှတ်ထားသည်။

ဝယ်ယူ လျှောက်ထားသူလိုသူများသည် အစိုးရဝန်ထမ်းဖြစ်ပါက လုပ်သက် အနည်းဆုံး
နှစ် ၂ဝ ရှိရမည်ဖြစ်ပြီး အမှန်တကယ် နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန
အကြီးအကဲ၏ ထောက်ခံချက် ပါရှိရမည် ဖြစ်သည်။

အခြား လျှောက်ထားလိုသူများသည် အိမ်ထောင်ဦးစီးဖြစ်ကာ မိသားစု လစဉ်ဝင်ငွေ
အနည်းဆုံး ကျပ်သုံးသိန်း ရှိရမည် ဖြစ်သည်။

ထို့ပြင် တိုက်ခန်းဝယ်ယူခွင့် ရရှိသူများသည် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ဝယ်ယူခွင့်
ရရှိသည့်နေ့မှ နှစ်လအတွင်း ပေးချေရမည်ဖြစ်ကာ တိုက်ခန်း ဝယ်ယူထားသူသည်
ငါးနှစ်အတွင်း ပြန်လည်ရောင်းချခွင့်မရှိပေ။

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ ဒုတိယပိုင်း၏ တည်ဆောက်ရေးကာလမှာ လာမည့် ၂ဝ၁၈
ခုနှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်သည်။

လျှောက်လွှာများကို ဇွန် ၂ ရက်အထိ ဝယ်ယူနိုင်မည်ဖြစ်ကာ စည်ပင်သာယာရေး ကော်မတီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် လာရောက်ဝယ်ယူနိုင်ပြီး လျှောက်လွှာ
တစ်စောင်လျှင် ကျပ် ၁­,ဝဝဝ ဖြစ်သည်။

ထို့ပြင် ယခင် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ(ပထမပိုင်း)၏ အခန်းများကို ဝယ်ယူပြီးဖြစ်သူများကို
ထပ်မံရောင်းချမည်မဟုတ်ဘဲ ထပ်မံလျှောက်ထားသည်ဟု စစ်ဆေးတွေ့ရှိပါက အခန်းများကို
ရောင်းချမည်မဟုတ်ကြောင်း ဌာနက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာ (အဆောက်အအုံ)ဌာနက ဒဂုံမြို့သစ် မြောက်ပိုင်းတွင် ဗိုလ်မင်းရောင်နှင့်
ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာများကို တည်ဆောက်ရန် ဘတ်ဂျက် ရရှိခဲ့ပြီး စီမံကိန်းများကို
အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်