အစိုးရသစ်လက်ထက် ရန်ကုန် စည်ပင် ဝင်ငွေ ခုနစ်ဆတက်ဟု မြို့တော်ဝန်ဆို

အစိုးရသစ်လက်ထက် ရန်ကုန် စည်ပင် ဝင်ငွေ ခုနစ်ဆတက်ဟု မြို့တော်ဝန်ဆို

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စည်ပင်ပိုင်
မြေငှားရမ်းခနှုန်းများကို ခေတ်ကာလနှင့် လျော်ညီစွာ ပြောင်းလဲပြင်ဆင် သတ်မှတ်ခဲ့သည့်
အတွက် စည်ပင်၏ အခွန်ကောက်ခံရရှိမှု ခုနစ်ဆခန့် မြင့်လာသည်ဟု ရန်ကုန်မြို့တော်ဝန်
ဦးမောင်မာင်စိုးက မြန်မာတိုင်း(မ်) ကို ပြောသည်။

ပြီးခဲ့သည့်အစိုးရသက်တမ်းတစ်လျှောက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ မြေငှားရမ်းခနှုန်းများသည်
ကာလပေါက်စျေးများနှင့် မလျော်ညီဘဲ နည်းခဲ့သည့်အတွက် အစိုးရဝင်ငွေရရှိမှုတွင်
နစ်နာမှုများ ရှိခဲ့သည်ဟု လွှတ်တော်အမတ်များက ထောက်ပြကြသည်။

''၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်က အရင်အစိုးရလက်ထက် ငှားရမ်းနှုန်းတွေဆိုတော့ ပြင်လို့မရဘူး။
ကတိကဝတ်နဲ့ လုပ်ထားတာဆိုတော့။ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် အခုနောက်ပိုင်းမှာတော့ ကျွန်တော်တို့
ဆွဲထားတဲ့ ဘတ်ဂျက်နဲ့ ဆိုတော့ တက်သွားပါပြီ။ စည်ပင်ရဲ့ အခွန်ရငွေတွေ ခုနစ်ဆလောက်
တက်သွားပြီ။စျေးကွက်ပေါက်စျေးနဲ့ ငှားရမ်းခတွေကို ကောက်ခံတော့ နိုင်ငံတော်အတွက်
အများကြီးအကျိုးရှိတာပေါ့''ဟု ဦးမောင်မောင်စိုးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်သည် ယခင်အစိုးရက ရေးဆွဲခဲ့သည့် ဘတ်ဂျက်ကို ယခု
အစိုးရက လုပ်ဆောင်ရခြင်းဖြစ်ပြီး လက်ရှိ လွှတ်တော်တွင် ပြည်သူ့ငွေစာရင်းကော်မတီက
တင်ပြသည့် အစီရင်ခံစာ စာချုပ်သည်လည်း ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွက်ဖြစ်သည့်အတွက်
ယခင်အစိုးရရေးဆွဲခဲ့သည့် ဘတ်ဂျက်ကြောင့် ငှားရမ်းခနှုန်းများ နည်းနေခဲ့ခြင်းဖြစ်ကြောင်း
၄င်းက ပြောသည်။

''အခုအစိုးရ တက်ခါစက ဧပြီ ၂ဝ၁၆ မှဆိုတော့ ဘတ်ဂျက်က အရင်စည်ပင် ကော်မတီအဖွဲ့က
ဆွဲပြီးသားဘတ်ဂျက်ပဲ။ သူတို့ဆွဲထားတဲ့ ဘတ်ဂျက်ဆိုတော့ ဒီအတိုင်း သွားရတာပဲ။ ၂ဝ၁၅-၁၆ က
တွေ့သလို ၂ဝ၁၆-၁၇ မှာလည်း ဝင်ငွေနည်းတာ တွေ့ဦးမှာပဲ''ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ ပန်းခြံ၊ ဥယျာဉ်နှင့် အားကစားကွင်းများတွင် ပုဂ္ဂလိက ကုမ္ပဏီများကို
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုများအတွက် မြေငှားရမ်းသည့် စည်ပင်သာယာရေးကော်မတီ၏
ပန်းဥယျာဉ်နှင့် အားကစားဌာနမှာလည်း ယခု ဘဏ္ဍာနှစ်အတွက် ငှားရမ်းခများကို
ကာလပေါက်စျေးနှင့်အညီ တိုးမြှင့်သတ်မှတ် ငှားရမ်းနေပြီဖြစ်ကြောင်း ဌာနမှူး ဦးကိုကိုလင်းက
ပြောသည်။

''မြေငှားခနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့မြေဌာနက
ထုတ်လုပ်တဲ့ မြေငှားရမ်းခ နှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းဆိုတာပေါ်မှာ အခြေခံပြီးတော့
နောက်ပိုင်းတွေ၊ ငှားရမ်းမှုတွေကိုတော့ ခေတ်ကာလနဲ့ လျော်ညီအောင် တိုးမြှင့်တာတွေ
ရှိပါတယ်။ အခုဆိုရင် တိုးလိုက်တာနဲ့ ဘာနဲ့ပတ်သက်ပြီး ကော်မတီဝင်ငွေတော့
တော်တော်တိုးပြီးရလာပြီ''ဟု ၄င်းက ပြောသည်။

ငှားရမ်းခပြင်ဆင်မှုများကို ယခု ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် မတ် ၁ ရက်မှစတင်ခါကော်မတီ၏
ညွှန်ကြားချက်များနှင့်အတူ ခေတ်ကာလနှင့် လျော်ညီအောင် တိုးမြှင့် ကောက်ခံလျက်
ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်