မြို့ပြစီမံကိန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်လိုဟုဆို

မြို့ပြစီမံကိန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်လိုဟုဆို

 

အချိန်တိုအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသော ရန်ကုန်မြို့အတွက် မြို့ပြစီမံကိန်း
ရေးဆွဲခြင်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်း UN Habitat ၏ Country
Program Manager ဖြစ်သူ Mr. Bijay Karmacharya က ပြောသည်။

ယင်းအတွက် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် ပညာရှင်များအတွက် နိုင်ငံတကာ
အတွေ့အကြံု မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သော သောကြာနေ့တွင်
UN Habitat က ဦးဆောင် ကျင်းပခဲ့သည်ဟု ၄င်းက ပြောသည်။

''ပထမဆုံးအကြိမ်အနေနဲ့ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေတဲ့ စီးပွားရေးမြိို့တော်တွေ
အတွက် မြို့ပြစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ နိုင်ငံတကာအတွေ့အကြံု မျှဝေတဲ့အနေနဲ့
အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပေးတာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက အတွေ့အကြံု
ကောင်းတွေကိုယူပြီး ရန်ကုန်မြို့တော်အတွက် သင့်တော်တဲ့ မြို့ပြစီမံကိန်းတွေကို
ရေးဆွဲတတ်ဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။

အိမ်နီးချင်းနိုင်ငံများမှ အတွေ့အကြံုကောင်းများကိုယူပြီး ရန်ကုန်မြို့တော်အတွက်
သင့်တော်သော မြို့ပြစီမံကိန်းကို ရွေးချယ်နိုင်စေရန် ယခုကဲ့သို့ နိုင်ငံတကာ
မြို့ပြစီမံကိန်းအတွေ့အကြံုများကို မြို့ပြစီမံကိန်းများ ရေးဆွဲနေသော ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ
အပါအဝင် အခြား မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များအတွက် ကျင်းပခြင်းဖြစ်ကြောင်း
၄င်းက ပြောသည်။

''ရန်ကုန်မြို့က အချိန်တိုအတွင်းမှာကိုပဲ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။
မိုးမျှော်တိုက်တွေ၊ အထပ်မြင့် အဆောက်အအုံတွေကလည်း နှစ်စဉ်နဲ့အမျှ တိုးများလာ
နေပါတယ်။ အဲဒီလို အချိန်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ရန်ကုန်မြို့တော်အတွက်
သင့်တော်တဲ့ မြို့ပြစီမံကိန်းတွေကိုလည်း အချိန်မီရေးဆွဲ အကောင်အထည်ဖော်ဖို့
လိုအပ်ပါပြီ''ဟု ၄င်းက ပြောသည်။

ကမ္ဘာတစ်ဝန်းရှိ အသီးသီးသော နိုင်ငံများ၏ စီးပွားရေးမြို့တော်များတွင် လူဦးရေ
ထူထပ်ခြင်းမှာ မြို့ပြ ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပြီး
မြန်မာနိုင်ငံအတွက်လည်း အနာဂတ် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

''စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုများနဲ့အလုပ်အကိုင်အခွင့်အလမ်း များပြားမှုတွေကြောင့်
ကျေးလက်ဒေသကနေ ရန်ကုန်ကို ပြောင်းရွှေ့လာသူဦးရေက သန်းနဲ့ချီပါတယ်။
ပညာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ် ရန်ကုန်မြို့ကို
ပြောင်းရွှေ့လာသူ များပြားနေဆဲလည်း ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

စစ်တမ်းများအရ ရန်ကုန်မြို့လူဦးရေမှာ ၂ဝ၁၄ ခုနှစ်တွင် ၅ ဒသမ ၂ မီလျံရှိခဲ့ပြီး
၂ဝ၃၈ ခုနှစ်တွင် လူဦးရေ ၉ ဒသမ ၆ မီလျံ ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်က ပြောသည်။

အာရှတိုက်တွင် ရန်ကုန်မြို့တော်သည် ယခုအချိန်အထိ အစိမ်းရောင်မြို့တော်အဖြစ်
ကျန်ရစ်ဆဲဖြစ်ပြီး နှစ်စဉ်တိုးပွားလာသော လူဦးရေအတွက် ထပ်မံတည်ဆောက်လာမည့်
အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်းများအတွက် လိုအပ်သော ပြင်ဆင်မှုများကို
စတင်ဆောင်ရွက်ရန် အချိန်မနှောင်းသေးကြောင်း Mr. Bijay Karmacharya က
ပြောသည်။

''လက်ရှိအချိန်ထိ ရန်ကုန်မြို့တော်က အစိမ်းရောင်မြို့တော်အဖြစ် ရှိနေဆဲပါပဲ။
ဒါပေမဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာသူက များပြားပြီး
ရန်ကုန်မြို့နေသူက နှစ်စဉ် သိသိသာသာ တိုးတက်လာနေတဲ့အတွက်
တိုးတက်လာမယ့် လူဦးရေအတွက် ထပ်မံ တည်ဆောက်လာမယ့် အထပ်မြင့်
အဆောက်အအုံတွေ၊ အိမ်ရာတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါပြီ''ဟု
၄င်းက ပြောသည်။

တိုးတက်များပြားလာမည့် ရန်ကုန်မြို့ လူဦးရေအတွက် မြို့သစ်များ
အကောင်အထည်ဖော်ခြင်းများကိုလည်း အလျင်အမြန် ဆောင်ရွက်သင့်ပြီး
လိုအပ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်နိုင်ရေး များကိုလည်း
သက်ဆိုင်ရာအစိုးရမှ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်
သင့်ကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်