အရစ်ကျစနစ်ရောင်းချမည့် တန်ဖိုးမြင့်အိမ်ရာ အရောင်းပွဲတော် ကျင်းပမည်

အရစ်ကျစနစ်ရောင်းချမည့် တန်ဖိုးမြင့်အိမ်ရာ အရောင်းပွဲတော် ကျင်းပမည်

 

အိမ်ခြံမြေ ရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ဖြစ်သော Shwe Property နှင့် Property Guru
တို့ပူးပေါင်း၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် တန်ဖိုးမြင့်အိမ်ရာ အရောင်းပွဲတော်ကို
ဇွန် ၃ဝ ရက်မှ ဇူလိုင် ၂ ရက်အထိ တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း
Shwe Property.com ၏ မန်နေဂျင်းဒါရိုက်တာ Mr. Kevin Goos က ပြောသည်။

''ကျွန်တော်တို့ကျင်းပမယ့် အကြီးမားဆုံး အိမ်ခြံမြေအရောင်းပြပွဲက တခြားပြပွဲတွေနဲ့
မတူဘဲ တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေရော၊
အိမ်ရာဝယ်ယူမယ့်သူတွေရော စိတ်ဝင်စားတဲ့ အိမ်ခြံမြေတွေ၊ ကွန်ဒိုတိုက်ခန်းတွေအပြင်
ပထမဆုံး အိမ်ရာဝယ်ယူချင်သူတွေအတွက် အသိပညာ ဖလှယ်ပေးတာတွေ၊
ဟောပြောပွဲတွေ ပါဝင်မှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ပြပွဲကို ပထမဆုံး အိမ်ရာဝယ်ယူလိုသူများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး တိုက်ခန်းများ
ဝယ်ယူရာတွင် သိသင့်သိထိုက်သော အချက်အလက်များကို ပြပွဲအတွင်း ဆွေးနွေး
အကြံပေးသွားမည်ဖြစ်ကြောင်း Mr. Kevin Goos က ပြောသည်။

''ဒီပွဲမှာ အိမ်ရာဝယ်ယူမယ့်သူတွေအတွက်လည်း မြန်မာနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း
ဝယ်ယူမယ်ဆိုရင် သိသင့်သိထိုက်တဲ့ အချက်တွေနဲ့ အိမ်ရာနဲ့ပတ်သက်ပြီး
သိချင်တဲ့အချက်တွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်ကို မေးခွင့်ရရှိမှာဖြစ်တဲ့အပြင်
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက်လည်း ဘယ်လိုအရစ်ကျစနစ်မျိုးနဲ့
အိမ်ရာတွေကို ရောင်းချရင် ဝယ်ယူသူတွေ ပိုမိုဝယ်ယူနိုင်မယ်ဆိုတာမျိုးတွေကိုပါ
လေ့လာနိုင်မှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါပြပွဲတွင် တစ်လဝင်ငွေ ၁၅ သိန်းမှ သိန်း ၂ဝ ကြားရှိသော မိသားစုများ ဝယ်ယူနိုင်ရန်
သင့်တော်သော အဆင့်မြင့် အိမ်ရာများကို ဦးစားပေး ရောင်းချသွားမည်ဖြစ်ပြီး အိမ်ရာများကို
အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''အခုလို နိုင်ငံခြားကုမ္ပဏီတွေ လာရောက် ဖွင့်လှစ်မှုများပြားပြီး စီးပွားရေးလုပ်ငန်းတွေ
ဖွံ့ဖြိုးတိုးတက်လာကာ အလုပ်အကိုင် အခွင့်အလမ်းတွေ အရင်ကထက် ပိုမိုပေါများလာတဲ့
အချိန်မှာ အဲဒီလို ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ လစာမြင့် ဝန်ထမ်းတွေ၊ မိသားစု
အတွင်း တစ်လဝင်ငွေ ၁၅ သိန်းကျော် ရှိနေတဲ့သူတွေ ဝယ်ယူဖို့ သင့်တော်တဲ့
ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချပေးမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

လက်ရှိအချိန်တွင် အိမ်ခြံမြေပြပွဲတွင် ပါဝင်ပြသရန် မြန်မာနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်း
ရှင် ၃ဝ ကျော် သဘောတူပြီးဖြစ်ပြီး ရိုးမဆောက်လုပ်ရေးလုပ်ငန်း၊ ဧရာချမ်းသာ
ဆောက်လုပ်ရေးကုမ္ပဏီများနှင့် နိုင်ဂရု(ပ်)တို့ ပါဝင်ကြောင်း သိရသည်။ 

ငြိမ်သက်ခဲ့သည်မှာ ကြာပြီဖြစ်သည့် အိမ်ခြံမြေ အရောင်းအဝယ်စျေးကွက်များ
ယခုအစိုးရသစ်လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များနှင့်အတူ ပြန်လည်ကောင်းမွန်
လာမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထင်သလိုဖြစ်မလာသေးကြောင်း အိမ်ခြံမြေ
အကျိုးတော်ဆောင်များက ပြောခဲ့ကြသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှုတွင်လည်း ယခုအစိုးရသစ်တက်အပြီး
ဆောက်လုပ်ရေးလုပ်ငန်းများကို ပြန်လည်စိစစ်ရန် ရပ်ဆိုင်းခဲ့မှုကြောင့် လုပ်ငန်းများ
ရပ်တန့်ခဲ့ကြရပြီး နစ်နာမှုများဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေများနှင့်အတူ
ဆောက်လုပ်ရေးလုပ်ငန်းများ ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့်နည်းတူ အိမ်ရာ
အရောင်းအဝယ်စျေးကွက်လည်း မဖွံ့ဖြိုး ဖြစ်ခဲ့သည်။

ထိုသို့သောအခြေအနေတွင် အိမ်ရာ အရောင်းစျေးကွက်အတွင်း အရစ်ကျစနစ်
ရောင်းချမှုများ တဖြည်းဖြည်း ပိုမိုများပြား တွင်ကျယ်လာသည်ဟု အိမ်ခြံမြေ
အကျိုးဆောင်အသိုင်းအဝိုင်းက ဆိုကြသည်များလည်း ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်