ပြင်ဦးလွင် ပဒေသာမြို့သစ်၌ အရောင်းအဝယ်လှုပ်ခတ်

ပြင်ဦးလွင် ပဒေသာမြို့သစ်၌ အရောင်းအဝယ်လှုပ်ခတ်

နေရာအနေအထား၊ မြေကွက်အကျယ်နဲ့ အဆောက်အအုံကိုလိုက်ပြီး ပျမ်းမျှ ကျပ်သိန်း ၅ဝဝ
ကနေ ကျပ်သိန်း ၅,ဝဝဝ ပတ်ချာလည် အများဆုံးခေါ်စျေးရှိခဲ့ရာမှာ အခုအခါ ယခင်စျေးနှုန်း
တွေထက် ထက်ဝက်လျှော့ချမှုများရှိ

ပြင်ဦးလွင်မြို့ အိမ်ခြံမြေစျေးကွက်မှာ ပဒေသာမြို့သစ်ထဲက အကွက်အကွင်းတွေ စျေးနှုန်း
အပြောင်းအလဲရှိပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အရောင်းအဝယ် လှုပ်ခတ်မှုရှိနေကြောင်း
ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

ပဒေသာမြို့သစ်အတွင်းမှာ ရောင်းချလိုပေမဲ့ ငွေပူမရှိသေးလို့ ကြိုက်စျေးရမှ ရောင်းဖို့စောင့်
နေသူတွေရှိသလို တစ်ဖက်မှာ စျေးနှုန်းကို အရင်က ခေါ်ခဲ့တဲ့နှုန်းတန်းထက် သိသိသာသာ
လျှော့ချပြီး ရောင်းချသူတွေ ရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း မြို့ခံအိမ်ခြံမြေအကျိုး
ဆောင် ဒေါ်ခင်စောမြင့်က ပြောပါတယ်။

''စျေးနှုန်းကို ထိန်းထားတဲ့သူတွေလည်းရှိပေမဲ့ အရင်က ခေါ်တဲ့စျေးတွေထက်သိသိသာသာ
ချရောင်းတာမျိုးတွေ ရှိပါတယ်။ပဒေသာမြို့သစ်မှာက အရောင်းအဝယ်ကနှစ်နဲ့ချီပြီး
တော်တော်ပါးသွားတဲ့အတွက်စျေးနှုန်းက အရင်လို ခေါ်လို့မရတော့ပဲကြိုက်ရောင်း
ကြိုက်ဝယ် လုပ်နေရတာများတယ်။ အခုလပိုင်းတွေမှာ အဝယ်မပါးပဲ အဝယ်ပြန်လိုက်နေ
တယ်'' လို့ ဒေါ်ခင်စောမြင့်က မေ ၁ ရက်မှာ ပြောပါတယ်။

မြေကွက်အကျယ်တွေအနေနဲ့ ပဒေသာမြို့သစ်ထဲမှာ ပေ ၄ဝ x ပေ ၆ဝ၊ ပေ ၆ဝ ပတ်လည်၊
ပေ ၆ဝ x ပေ ၈ဝ၊ ပေ ၈ဝ x ပေ ၁၂ဝစသဖြင့် အမျိုးမျိုး ရှိနေပါတယ်။ နေရာ အနေအထား၊
မြေကွက်အကျယ်နဲ့ အဆောက်အအုံကို လိုက်ပြီး ပျမ်းမျှ ကျပ်သိန်း ၅ဝဝ ကနေကျပ်သိန်း
၅,ဝဝဝ ပတ်ချာလည်အတွင်းအများဆုံး ခေါ်စျေးတွေ ရှိခဲ့ရာမှာ အခုအခါအရင်ကခေါ်ခဲ့တဲ့
စျေးနှုန်းတွေထက် ထက်ချိုးချပြီး စျေးခေါ်နေတာမျိုးတွေ ရှိတယ်လို့အကျိုးဆောင်တချို့က
ပြောပါတယ်။

''ကျပ်သိန်း ၁,၅ဝဝ ခေါ်ထားတဲ့ အကွက်ကို အခု ကျပ်သိန်း ၉ဝဝ လောက်နဲ့ အရောင်း
အဝယ်တည့်သွားတာ။ အရင်က ကျပ်သိန်း၂,၅ဝဝ ခေါ်တာကို ၂,၂ဝဝ လောက်နဲ့
တည့်သွားတာတွေ ရှိပါတယ်။ စျေးနှုန်းတန်းတွေက အရင်လိုမဟုတ်တော့ ဝယ်သင့်တဲ့
အချိန်ဖြစ်နေတယ်'' လို့ ဒေါ်ခင်စောမြင့်ကပြောပါတယ်။

ပဒေသာမြို့သစ်ဟာ စတည်ခဲ့တဲ့ ၁၉၉ဝပြည့်နှစ်လောက်က အနေအထားမျိုးနဲ့ မတူတော့ပဲ
အိမ်ခြေအဆောက်အအုံကောင်းတွေ၊ လူနေထိုင်မှုတွေ တိုးလာပြီး စည်ကားမှုလည်း
အများကြီး ပိုလာပြီလို့ ပြောပါတယ်။ မြေကွက်လွတ်လည်း အများကြီး မရှိတော့ပဲ
လမ်းတွေလည်း ကောင်းမွန်ပါတယ်။ နွေရာသီမှာ အငှားလည်းသွက်ပြီး လပိုင်းငှားရမ်း
မှုတွေလည်း ရှိသလို ကျပ် နှစ်သိန်းကနေ ကျပ် ငါးသိန်းလောက်အထိ စျေးနှုန်းရှိတယ်လို့
သိရပါတယ်။

''အိမ်မြေ အခွန်နှုန်းထားကိုတော့လက်ရှိထက် အရင်လို ပြန်ဖြစ်စေချင်တယ်။ အခုဆို
အဝယ်စိတ်ဝင်စားသူတွေ ရှိပေမဲ့(အခွန်မဆောင်ချင်သေးတော့) ပါဝါတိုက်ရိုက်ရမယ့်
ပိုင်ရှင်ကို ရှာပေးပါဆိုတာမျိုးတွေ ရှိပါတယ်'' လို့ ဒေါ်ခင်စောမြင့်ကပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်