အိမ်ခြံမြေရောင်းချမှုမှ အခွန်ငွေရရှိမှု များစွာနည်းပါးနေဆဲဟု တာဝန်ရှိသူဆို

အိမ်ခြံမြေရောင်းချမှုမှ အခွန်ငွေရရှိမှု များစွာနည်းပါးနေဆဲဟု တာဝန်ရှိသူဆို

အိမ်ခြံမြေ ရောင်းချပြီးသူများအနေဖြင့် အခြေပစ္စည်းရောင်းချမှုအပေါ် အခွန်ပေးဆောင်ရန်
သတ်မှတ်ချက် ရှိထားသော်လည်း ၄င်းမှအခွန်ဝင်ငွေရရှိမှုမှာ အလွန်နည်းပါးနေဆဲဖြစ်
ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး
ဦးကျော်အောင်မိုးက ပြောသည်။

အိမ်ခြံမြေရောင်းချမှုအပေါ် အခွန်ဆောင်ရာတွင် မူလပစ္စည်းတန်ဖိုး၏ အမြတ်အစွန်း
ငွေပေါ်တွင်သာ ၁ဝ ရာခိုင်နှုန်း ပေးဆောင်ရခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ၄င်းမှ
အခွန်ငွေရရှိမှုမှာ လက်ရှိကာလအထိ အရောင်းအဝယ်ဖြစ်မှု၏ ၁ဝ ရာခိုင်နှုန်းခန့်သာ
ရှိကြောင်း ဦးကျော်အောင်မိုးက ပြောသည်။

''ဒါက အိမ်ခြံမြေတွေကို လက်ပြောင်းလက်လွှဲရောင်းတာတွေ များပြီး အခွန်ဆောင်စေဖို့
မူလပိုင်ရှင်ကို ရှာရာမှာ အခက်အခဲရှိတာကြောင့်လည်း ပါပါတယ်။ ပြီးတော့ အခွန်ကို
ရက်ပေါင်း ၃ဝ အတွင်း ပေးဆောင်ကြဖို့သတ်မှတ်ချက်ရှိထားတာကြောင့်လည်း ပါပါတယ်''
ဟု ဦးကျော်အောင်မိုးက ဧပြီ ၂၈ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ၌
ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စာရင်းများအရ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်မှုမှာ
မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်အတွင်း တစ်နှစ်ထက်တစ်နှစ် တိုးနေပြီး
၂ဝ၁၄-၁၅ ခုနှစ်တွင် ၃,၃ဝဝ ကျော်၊ ၂ဝ၁၅-၁၆ ခုနှစ်တွင် ၄,၇ဝဝ ကျော် အရောင်းအဝယ်
ဖြစ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ်များတွင် ရောင်းချမှုမှ အခွန်ရရှိမှုမှာ ၁ဝ ရာခိုင်
နှုန်းအောက်တွင်သာ ရှိနေသည်။ အိမ်မြေရောင်းချပြီးနောက် အခြေပစ္စည်းရောင်းချမှု
အပေါ်တွင် အခွန်ဆောင်ထားပြီး ဝင်ငွေရလမ်း ပြထားပါက ကား၊ အိမ်မြေ စသည့်
ပစ္စည်းများ ပြန်ဝယ်ယူလျှင် အခွန်သက်သာခွင့် ရနိုင်သော အခွင့်အရေးရှိကြောင်း
ဦးကျော်အောင်မိုးက ပြောသည်။ အခြေပစ္စည်းရောင်းချမှုအပေါ် အခွန်ကို ရောင်းချပြီး
သုံးနှစ်ကျော်လွန်သွားပါက ပေးဆောင်ခွင့် မရှိတော့ပေ။

မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ဝင်းက ရောင်းချသူများအနေဖြင့်အခွန်
ဆောင်ခြင်းအားဖြင့် မည်သို့အကျိုးကျေးဇူးရှိနိုင်မည်ကို သိရှိခြင်း နည်းပါးနေပြီး မိမိဘက်မှ
ဦးစွာ ငွေကုန်ကျသွားမည်ကိုသာဦးစားပေး တွေးတတ်ကြကြောင်း၊ သက်ဆိုင်ရာဌာနများ
အနေဖြင့် ရနိုင်မည့် အကျိုးများကိုလူထုပိုမိုသိရှိအောင် လုပ်ဆောင်လာနိုင်ပါက အခွန်
ဆောင်သူ တိုးလာနိုင်မည်ထင်ကြောင်း ပြောသည်။

''ရောင်းချသွားသူတွေအနေနဲ့ အခွန်ဆောင်ဖို့ အကြောင်းကြားရင်လည်း မူလလိပ်စာ
နေရာမှာ မရှိတော့တာတွေ၊ တခြားကို ပြောင်းရွှေ့သွားတာတွေကလည်း အခွန်ဆောင်တာ
နည်းပါးတဲ့အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ အိမ်မြေရောင်းသူတွေအနေနဲ့
တခြားတစ်နေရာမှာ ပြန်ဝယ်ယူဖို့စိတ်ကူးရင် ဒီအခွန်ဟာ ဆောင်သင့်တဲ့အခွန်ပါ။
ကျွန်တော်တို့ အကျိုးဆောင်တွေအနေနဲ့လည်း ဒါမျိုး ရှင်းပြသင့်ပါတယ်'' ဟု
ဦးအောင်ဝင်းက ပြောသည်။

အခွန်အကောက်ဥပဒေသစ်အရ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ဝယ်ယူသူများက
ပေးဆောင်ရမည့် အခွန်နှုန်းထားကို အိမ်မြေတန်ဖိုး ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်
နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ
အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်