လမ်းသစ်အိမ်ရာအတွက် တင်ဒါအောင် ကုမ္ပဏီကို ယခုလလယ်တွင် ရွေးချယ်မည်

လမ်းသစ်အိမ်ရာအတွက် တင်ဒါအောင် ကုမ္ပဏီကို ယခုလလယ်တွင် ရွေးချယ်မည်

 

လမ်းမတော်မြို့နယ်ရှိ လမ်းသစ် ပြည်သူ့အိမ်ရာကို အဆင့်မြှင့်တင် ပြန်လည်
တည်ဆောက်ရန် တင်ဒါအောင် ကုမ္ပဏီကို လာမည့်အပတ်(ယခုလလယ်)အတွင်း
အပြီးသတ် ရွေးချယ်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။

''လမ်းသစ်အိမ်ရာကို ပထမအဆင့် တင်ဒါခေါ်ပြီးသွားပြီ။ နောက်ဆုံးအဆင့်ကို
တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့လုပ်မယ်။
အဲဒါပြီးရင် ရှေ့အပတ်လောက်ဆိုပြတ်ပြီ။ တင်ဒါက ဒီဇိုင်းကော၊ ဆောက်လုပ်ရေး
ပိုင်းကော အားလုံးပေါင်း ငါးဖွဲ့ ဝင်ပြိုင်တဲ့အထဲကနေ ပဏာမသုံးဖွဲ့ရွေးထားတယ်။
သုံးဖွဲ့ကို ပြန်ပြိုင်ခိုင်းပြီး တစ်ဖွဲ့ရွေးမယ်''ဟု ၄င်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

အဆိုပါ အိမ်ရာ ပြန်လည်တည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက
တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖ ဆ ပ လအစိုးရလက်ထက်မှစ၍ အငှားချပေးထားသည့်
အစိုးရပြည်သူ့အိမ်ရာ ၁၁ ခုရှိပြီး ယင်းအိမ်ရာများ အဆင့်မြင့်ပြန်လည် တည်ဆောက်
မှုများကို ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်မှ စတင်လုပ်ဆောင်ခဲ့ကာ ယခု
လမ်းသစ်အိမ်ရာ စီမံကိန်းသည် တတိယမြောက်ဖြစ်သည်။

ကနဦးစတင် ပြန်လည်အဆင့်မြှင့် တည်ဆောက်ခဲ့သည့် အိမ်ရာများမှာ ၅၁ လမ်း
အိမ်ရာနှင့် လင့်လမ်း အိမ်ရာများဖြစ်ပြီး ယခုအခါတွင် ဆောက်လုပ်ပြီးစီးပြီဖြစ်၍
ဆက်လက်အငှားချထားမှုများကို လုပ်ဆောင်လျက်ရှိသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနအနေဖြင့် ပြည်သူ့အိမ်ရာများ ပြန်လည်ပြင်ဆင်ရန်
အစိုးရဘဏ္ဍာငွေ မရှိသည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူကာ
ဆောက်လုပ်စေပြီး ကုမ္ပဏီနှင့် ဌာန အကျိုးတူပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်သည်။

ထို့ပြင် ယခု အသစ်ပြန်လည်တည်ဆောက်မည့် လမ်းသစ်အိမ်ရာစီမံကိန်းအတွက်
စီမံကိန်းဒီဇိုင်းနှင့် တည်ဆောက်ရေးပိုင်း နှစ်ခုစလုံးအတွက် တင်ဒါခေါ်ယူထားခြင်း
ဖြစ်ကာ လူနေအခန်းများကို မူရင်းအခန်းအရေအတွက်ထက် အနည်းငယ်သာ
ပိုဆောက်မည်ဖြစ်ပြီး၊ ရုံးခန်းဧရိယာ အနည်းငယ်နှင့် အများဆိုင် ဧရိယာကို
ပိုထည့်မည်ဖြစ်ကြောင်း သိရသည်။

''အခုပြန်ဆောက်မယ့် လမ်းသစ် ပြည်သူ့အိမ်ရာမှာတော့ အခန်းတွေ အများကြီး
မထည့်တော့ဘဲ အများနဲ့ဆိုင်တဲ့ ဧရိယာတွေ အများကြီး ထည့်သွားဖို့ စီစဉ်ထားတယ်။
အဲဒီအတွက်လည်း တင်ဒါခေါ်ကတည်းက ထည့်ပြီးခေါ်ထားတယ်။ ပြီးတော့
YBS ကားဂိတ်အသေးလေးလည်း ထည့်သွားမယ်။ စီမံကိန်းကို ဧရိယာနှစ်ခုခွဲထားပြီး
အငှားပြန်ချမယ့် နေရာရယ်၊ ပြည်သူတွေ အပန်းဖြေနိုင်မယ့်နေရာရယ်ဆိုပြီး
အကောင်အထည် ဖော်သွားမယ်''ဟု ဒေါ်မီမီတင်က ပြောသည်။

အဆိုပါစီမံကိန်းတွင် ၂၄ ထပ်၊ ၂၈ ထပ် အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ယခုနှစ်တွင်
စတင်တည်ဆောက်ပါက နှစ်နှစ်၊ သုံးနှစ်အတွင်းတွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။

''တင်ဒါက ရှေ့အပတ် ပြတ်ပြီဆိုရင် မိုးကုန်ရင် ဒီနှစ်ထဲမှာပဲ စဆောက်မယ်။ နှစ်နှစ်ကနေ
သုံးနှစ်အတွင်းတော့ ကြာနိုင်တယ်။ အရင်နေတဲ့သူတွေကို ပြောင်းရွှေ့စရိတ်ပေးပြီး
ထားပြီးပြီ။ လက်ရှိက လေးထပ်တိုက် ခုနစ်လုံးရှိတယ်။ ပြီးရင်တော့ ၂၄ ထပ်၊ ၂၈ ထပ်
အဆောက်အအုံတွေ ပြန်ဆောက်မယ်'' ဟု ၄င်းက ပြောသည်။

လမ်းသစ် ပြည်သူ့အိမ်ရာစီမံကိန်း တင်ဒါခေါ်ယူမှုများ ပြီးစီးပါက အဆင့်မြှင့် ပြန်လည်
တည်ဆောက်ရန် ဦးစားပေးစီမံကိန်းအဖြစ် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဇဝန ပြည်သူ့အိမ်ရာကို
အစီအစဉ်ရှိကြောင်း သိရသည်။

''လမ်းသစ်ပြီးရင် အဆင့်မြှင့်ပြီးတာ သုံးခုရှိပြီဖြစ်တဲ့အတွက် ကိုးခုကျန်တယ်။ စတုတ္ထအဆင့်
အနေနဲ့ကတော့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ပြည်သူ့အိမ်ရာတစ်ခုကို လုပ်ဖို့ရှိတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးစားပေးအစီအစဉ်အရ ဇဝန အိမ်ရာကို ဆက်လက်
အကောင်အထည် ဖော်သွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇဝနမှာ လက်ရှိနေနေတဲ့
လူတွေက တောင်းဆိုလို့၊ မိုးတွင်းဆို ရေဝင်တယ်၊ အဲဒီလိုမျိုးတွေကြောင့် သူတို့ကို
ဦးစားပေးအနေနဲ့ လုပ်နေတာ''ဟု ဒေါ်မီမီတင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်