ယခုနှစ်တွင် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာမည်ဟု ပြည်တွင်း အိမ်ခြံမြေ
ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် House.com.mm ၏ အိမ်ခြံမြေဆိုင်ရာ အစီရင်ခံစာတွင်
ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား
အမေရိကန်ဒေါ်လာ ရှစ်ဘီလျံထိ ရရှိအောင် ကြိုးစားသွားမည်ဟု ဖော်ပြထားပြီး
အထူးသဖြင့် ကုန်သွယ်မှု၊ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍများတွင်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုရရှိအောင် တွန်းအားပေးသွားမည်ဟု အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ စီးပွားရေးကဏ္ဍအလိုက် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများထဲတွင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများက အဆင့်ငါးနေရာထိ
ရောက်ရှိလာသည်ဟုလည်း House.com.mm က ရေးသားဖော်ပြထားသည်။
လက်ရှိတွင် အိမ်ခြံမြေကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအများဆုံး
နိုင်ငံများမှာ ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့
ဖြစ်ပြီး အိမ်ခြံမြေကဏ္ဍမှ အလုပ်အကိုင် ရရှိမှုမှာလည်း အလုပ်အကိုင်ပေါင်း
ခြောက်သောင်းကျော် ရှိကြောင်း House.com.mm က ပြောသည်။
အိမ်ခြံမြေ ဝယ်ရောင်းများသည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်တွင် အေးစက်ခဲ့သော်လည်း
အခြားရင်းနှီးမြှုပ်နှံမှုတွင် မကျသွားကြောင်း ဖော်ပြထားပြီး အဆင့်မြင့်အိမ်ရာ
စီမံကိန်းများမှ အခန်းများမှာလည်း ယခင်နှစ်များထက် ပိုများလာခဲ့ကာ ယခု
၂ဝ၁၇ ခုနှစ်တွင် ပေါ်ထွက်လာမည့် စီမံကိန်း အများအပြား ရှိနေကြောင်း
House.com.mm က ၄င်းတို့၏ စစ်တမ်းများကို အခြေခံ၍ ပြောသည်။
''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မကြားသေးခင်က ပြုလုပ်လိုက်တဲ့
အပြောင်းအလဲတွေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က အိမ်ခြံမြေစျေးကွက်ပေါ်
အများကြီး သက်ရောက်မှုရှိနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသား
ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကို အာဆီယံရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ နိုင်ငံတကာ
စံနှုန်းတွေအတိုင်း ပူးပေါင်းလိုက်တာကြောင့် အာဆီယံနိုင်ငံတွေအကြား
ရှင်းရှင်းလင်းလင်းနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို တစ်သားတည်း ပြုလုပ်လာနိုင်ပါ
တယ်''ဟု House.com.mm ၏ ပူးတွဲတည်ထောင်သူနှင့် ဦးဆောင်ညွှန်ကြားရေးမှူး
Mr. Nitesh Khirwal က ပြောသည်။
ထို့ပြင် အဆိုပါ ဥပဒေအသစ်ကြောင့် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများမှာ
ပိုမိုလျင်မြန်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုများ
ပယ်ပျက်သွားခြင်းကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများမှာ မြန်မာနိုင်ငံ၏
ရင်းနှီးမြှုပ်နှံမှုစျေးကွက်ကို စိတ်ဝင်စားမှုမြင့်တက်လာကြောင်း ၄င်းက ပြောသည်။
''ရင်းနှီးမြှုပ်နှံမှု တိုးတက်လာမယ်ဆိုရင် သက်ရောက်မှုအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ
ဆောင်ရွက်နိုင်တဲ့ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားလိုနှုန်းတွေ မြင့်မားလာနိုင်ပါတယ်။
အထူးသဖြင့် စက်မှုဇုန်ဘက်ခြမ်းတွေမှာ အိမ်ခြံမြေလုပ်ငန်းတွေ အားကောင်း
လာနိုင်ပါတယ်''ဟု Mr. Nitesh Khirwal က ပြောသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက ထိုရင်းနှီးမြှုပ်နှံမှုအတွက် မြေနေရာများမှာ
အမှန်တကယ် လိုအပ်လာမည် ဖြစ်သည့်အတွက် အိမ်ခြံမြေစျေးကွက်မှာ အားကောင်း
လာနိုင်ကြောင်း ရန်ကုန်မြို့မှ အိမ်ခြေံမြေ အကျိုးဆောင်များကဆိုသည်။
















