အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သော သိန်း ၃ဝဝ အောက် တန်ဖိုးရှိ တိုက်ခန်းများ လက်ရှိ
အိမ်ခြံမြေ စျေးကွက်အတွင်း အရောင်းအဝယ် ကောင်းနေကြောင်း အာရှဆောက်လုပ်ရေး
လုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။
''စျေးကွက်အတွင်းမှာ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ တန်ဖိုးနှုန်းလည်း မများတဲ့၊
သိန်းရာဂဏန်းလောက်ပဲ တန်ဖိုးရှိတဲ့ အိမ်ရာတွေ စျေးကွက်ထဲမှာ အရောင်းအဝယ်
ကောင်းနေပါတယ်။ ကွန်ဒိုတိုက်ခန်းတွေထက် သာမန်တိုက်ခန်းတွေကိုပဲ နေထိုင်ဖို့
အရစ်ကျစနစ်နဲ့ ဝယ်ယူလိုကြသူတွေ များလာပါတယ်''ဟု ၄င်းက ပြောသည်။
လက်ရှိအချိန်တွင် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သော သိန်း ၂ဝဝ ကျော် တန်ဖိုးရှိ
တိုက်ခန်းများ စျေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း ဦးရန်အောင်က
ပြောသည်။
''တိုက်ခန်းတွေ ရောင်းချတော့မယ်ဆိုရင် ဝယ်ယူလိုသူတွေက တိုက်ခန်း အရည်အသွေး၊
လူနေထိုင်ခွင့်၊ မီတာ၊ ကာလပေါက်စျေး၊အရစ်ကျစနစ်နဲ့ ရောင်းတာလား စတဲ့အချက်တွေကို
ကြည့်ပါတယ်။ အခုချိန်မှာ တိုက်ခန်းတွေကို ဝယ်ရောင်းလုပ်ပြီး စျေးကစားဖို့ ဝယ်တာမျိုး
မဟုတ်ဘဲ နေထိုင်ဖို့ ဝယ်တာတွေပဲ များလာတော့ သိန်း ၂ဝဝ နဲ့ ၃ဝဝ ကြားက
တန်ဖိုးလတ် သာမန်တိုက်ခန်းတွေ ပိုအရောင်းအဝယ်ဖြစ်နေပါတယ်''ဟု ၄င်းက
ပြောသည်။
အိမ်ရာဝယ်ယူလိုသူများအနေဖြင့် အများအားဖြင့် ငါးနှစ်အရစ်ကျစနစ်ဖြင့် အိမ်ရာများ
ဝယ်ယူလိုကြကြောင်း ဦးရန်အောင်က ပြောသည်။
''တိုက်ခန်းဝယ်သူတွေအနေနဲ့ နှစ်ရှည်အရစ်ကျစနစ်နဲ့ တိုက်ခန်းတွေကို ဝယ်ယူလိုကြပေမဲ့
ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ တန်ဖိုးမြင့် သိန်းထောင်ကျော်
တိုက်ခန်းမျိုး မဟုတ်ဘဲ တန်ဖိုးလတ် တိုက်ခန်းတွေဆိုတော့ အရစ်ကျပေးရမယ့် ကြာချိန်က
ငါးနှစ်လောက်နဲ့ လုံလောက်ပါတယ်။ စဝယ်ဝယ်ချင်း တိုက်ခန်းရဲ့ ၃ဝ ရာခိုင်နှုန်းကိုပေးပြီးရင်
ကျန်တာကို ငါးနှစ်အရစ်ကျဆိုတော့ တစ်လကို ငါးသိန်းဝန်းကျင်ပဲ ကျပါတယ်''ဟု ၄င်းက
ပြောသည်။
ထို့ပြင် ဆောက်လုပ်ရေးကုမ္ပဏီ အများစုအနေဖြင့် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျ
စနစ်ဖြင့် တိုက်ခန်းများ ပိုမိုရောင်းချနိုင်ရန် ကြိုးစားလာကြကြောင်း ဦးရန်အောင်က
ပြောသည်။
''အရင်က အိမ်ရာဝယ်ယူလိုသူတွေက ဘဏ်တွေကို ချိတ်ဆက်ပြီး အရစ်ကျဝယ်ခဲ့ရပေမဲ့
အခုချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကိုယ်တိုင်က ဘဏ်တွေနဲ့ချိတ်ပြီး အရစ်ကျ
ရောင်းလာကြပါပြီ။ အတိုးနှုန်းနဲ့ အရစ်ကျ ငွေပေးချေခြင်းတွေအတွက် ဘဏ်နဲ့ တိုက်ရိုက်
ချိတ်ဆက်ပေမဲ့ အရစ်ကျဝယ်သူအတွက် ဆောက်လုပ်ရေးကုမ္ပဏီက အာမခံချက် ပေးရပါတယ်။
ဘဏ်တွေနဲ့ ချိတ်ပြီး အရစ်ကျ ရောင်းတဲ့အခါ ဘဏ်တွေက အိမ်ရာတွေရဲ့ ပေါက်စျေးကို
ဝင်ကန့်သတ်တာတွေလည်း ရှိပါတယ်။ ကန်ထရိုက်တာက ပေါက်စျေးထက် ပိုရောင်းလို့
မရပါဘူး''ဟု ၄င်းက ပြောသည်။
ဘဏ်များနှင့်ချိတ်ဆက်ပြီး အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ရောင်းချသည့်အခါတွင်
ဘဏ်များကို တိုက်ခန်း၏ ၃ဝ ရာခိုင်နှုန်း လက်ငင်းပေးရန် လိုအပ်ပြီး ကျန် ရဝ ရာခိုင်နှုန်း
ကိုသာ အရစ်ကျပေးနိုင်ကြောင်း ဦးရန်အောင်က ပြောသည်။
လက်ရှိအချိန်တွင် ပြည်တွင်းဘဏ်များကအိမ်ရာများကို နှစ်နှစ်မှ ၁ဝ နှစ်အထိ အရစ်ကျ
ငွေချေစနစ်များဖြင့် ရောင်းချပေးနေကြောင်း ဦးရန်အောင်က ပြောသည်။
''တချို့ဘဏ်တွေက အိမ်ရာတွေကို ၁ဝ နှစ်လောက်အထိ အရစ်ကျဝယ်ယူဖို့ ချေးငွေပေး
လာကြပါပြီ။ တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းတဲ့ အိမ်ရာတွေကို
အရစ်ကျစနစ်ကို ၁၅ နှစ်အထိ ပေးလာပါတယ်။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာပဲ အရစ်ကျ
ငွေပေးချေချိန် ပိုမိုကြာမြင့်လာပေမဲ့ ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကတော့
များပြားနေဆဲဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
နှစ်ရှည်အရစ်ကျစနစ်ဖြင့် တိုက်ခန်း ဝယ်ယူလိုသူများအတွက် သင့်တော်သော အတိုးနှုန်း
တစ်ခု သတ်မှတ်သင့်ပြီး လက်ရှိ မြန်မာနိုင်ငံစီးပွားရေး အနေအထားအရ အတိုးနှုန်း
ငါးရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအတွင်းသာ ရှိသင့်ကြောင်း ဦးရန်အောင်က ပြောသည်။
အိမ်ရာဝယ်ယူလိုသူများအတွက် နှစ်ရှည် ငွေချေးစနစ်ဖြင့် ချေးငွေပေးနိုင်ရန်
ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့် နှစ်ရှည်ငွေချေးခြင်းဆိုင်ရာ ဥပဒေများကို အစိုးရက
အတည်ပြုပြဋ္ဌာန်းပေးရန် လိုအပ်ပြီး လက်ရှိတွင် မည်သည့်ဥပဒေမျှ ပြဋ္ဌာန်းထားခြင်း
မရှိသေးကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။
အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူလိုသူများကို နှစ်ရှည်ငွေချေးပေးရန် ဘဏ်များအနေဖြင့်
စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး တိကျသောမူဝါဒများ မပြဋ္ဌာန်းနိုင်သေးပါက
အခြားနိုင်ငံများကဲ့သို့ နှစ် ၃ဝ အထိ နှစ်ရှည်ချေးငွေပေးရန် မလွယ်ကူကြောင်း
ကမ္ဘောဇဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
''လက်ရှိ ပြည်တွင်းဘဏ်တွေအနေနဲ့ တခြားနိုင်ငံတွေလို နှစ် ၃ဝ အထိ အရစ်ကျစနစ်နဲ့
ငွေချေးပေးဖို့ အစိုးရရဲ့ တိကျတဲ့မူဝါဒတွေအပြင် ငွေရေးကြေးရေးအကူအညီတွေလည်း
လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
အနေဖြင့် နိုင်ငံတော်က တည်ဆောက်လျက်ရှိသော သိန်း ၁ဝဝ ဝန်းကျင် တန်ဖိုးနည်း
အိမ်ရာစီမံကိန်းများအတွက် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ရှစ်နှစ် အရစ်ကျ ချေးငွေများ
ပေးလျက်ရှိသည်။
















