ရွှေ့ပြောင်းပေးရတော့မည့် ရွှေဘုံသာလမ်းက ဘိန်းစားတန်း

ရွှေ့ပြောင်းပေးရတော့မည့် ရွှေဘုံသာလမ်းက ဘိန်းစားတန်း

 

ရန်ကုန်မြို့ရှိ မဂိုလမ်းဟု လူသိများသည့် ရွှေဘုံသာလမ်းမ အပေါ်ဘလောက်တွင် ညနေ ၃
နာရီမှစပြီး ကားလမ်းပိတ်သည်အထိ လူများ စည်ကားများပြားနေတတ်သည်။ ထိုသူများက
ယင်းလမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် စျေး၌ ၄င်းတို့လိုအပ်သည့် ပစ္စည်းများ ရှာဖွေ
ဝယ်ယူရန် ရောက်ရှိလာကြခြင်းလည်းဖြစ်သည်။ သီးသန့်သတ်မှတ်ထားသော အမည်မရှိသည့်
အဆိုပါစျေးကို လူအများစုက ဘိန်းစားတန်းဟု ခေါ်ဝေါ်ကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ နှောင်းပိုင်းက ဘိန်းသုံးစွဲသူများက ငွေကြေးလိုအပ်လာပါက
၄င်းတို့တွင်ရှိသော ပစ္စည်းများကို အဆိုပါလမ်း၌ လာရောက်ရောင်းချတတ်ပြီး တချို့မှာ
သူတစ်ပါးဆီက ခိုးယူလာသည့် ပစ္စည်းများကို လာရောက် ရောင်းချတတ်ကြသဖြင့်
ဘိန်းစားတန်းဟု ခေါ်သကဲ့သို့ သူခိုးစျေးဟုလည်း အမည်တွင်ခဲ့သည်။

နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့် အဟောင်းစျေး ခေါ် သူခိုးစျေးကြီးသည်
မိုဘိုင်းဖုန်း၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ လူသုံးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို
ရောင်းချနေခြင်းဖြစ်ပြီး စျေးနှုန်းများမှာမူ အခြားနေရာက အဟောင်းပစ္စည်းများထက်
တန်ဖိုးအနည်းငယ် လျော့နည်းနေခြင်းကြောင့် လာရောက်ဝယ်ယူသည့်သူများ
ရှိနေသကဲ့သို့ ရှားပါးပစ္စည်းများကို ရှာဖွေစုဆောင်းလိုသူများလည်း လာရောက်
ရှာဖွေကြသည်။

ယခုအခါတွင် ယင်းစျေးတန်းကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက
ကမ်းနားလမ်းရှိ ညစျေးတန်းသို့ ရွှေ့ပြောင်းရန် စီစဉ်နေပြီဖြစ်ပြီး စည်ပင်၏
အဓိကအကြောင်းပြချက်ကမူ ယင်းစျေးတန်းကြောင့် ယာဉ်လမ်းကြောပိတ်ဆို့မှုများ
ရှိနေသည့်အတွက် ရွှေ့ပြောင်းရခြင်းဖြစ်သည်ဟု စီမံဌာန၊ ဌာနမှူး
ဦးမောင်မောင်ဦးက ပြောသည်။

''သူတို့ကို ရွှေ့လိုက်ရင် ရွှေဘုံသာလမ်းပိတ်တာ သက်သာတာပေါ့။ ဒီတစ်ခေါက်ရွှေ့မယ့်
စာရင်းမှာက သူတို့ ပါကိုပါမှာ။ သူတို့ဘက်က ကန့်ကွက်လို့တော့ မရဘူး။ လမ်းမကြီးပေါ်မှာ
ဒီလိုစည်းကမ်းမဲ့ကြီးနေလို့ မရတော့ဘူးလေ။ ညစျေးကို ရွှေ့ရင်လည်း ဟိုတစ်စု၊ဒီတစ်စု
မထားဘူး။ အတွဲလိုက်ထားမှာ။ မြို့ထဲမှာ ကြည့်လိုက်ရင် ဆိုးဆိုးရွားရွား လမ်းပိတ်တာမှ
မရှိတော့တာ။ သူတို့ပဲ ကျန်နေတာ''ဟု ၄င်းက ဆိုသည်။

အဟောင်းစျေးတွင် တစ်ရက်ရောင်းရငွေသည် ပုံမှန်မရှိသော်လည်း တစ်ရက်တာ
မိသားစု စားဝတ်နေရေးအတွက် လုံလောက်မှုရှိသည်ဟု ထိုစျေးတွင်
စျေးရောင်းချနေသည်မှာ သုံးနှစ်နီးပါးရှိနေပြီဖြစ်သော ကိုကောင်းမြတ်က ဆိုသည်။
စျေးတန်းကြီးကို ကမ်းနား ညစျေးတန်းသို့ ရွှေ့မည်ဆိုပါက ၄င်းတို့အတွက် စိန်ခေါ်မှုများ
ရှိလာနိုင်သည်ဟုလည်း ပြောသည်။

ကမ်းနားလမ်းရှိ ညစျေးတန်းတွင် ဖွင့်လှစ်ရောင်းချနေကြရသည့် စျေးသည်များ
စျေးရောင်းချမှု ဝင်ငွေလျော့နည်းနေသည့် အကြောင်းများကို ကိုကောင်းမြတ်တို့
အဟောင်းစျေးက စျေးသည်များက ကြားသိထားကြသည်။ ထို့ကြောင့်လည်း
ကိုကောင်းမြတ်က ကမ်းနားလမ်းသို့ ရွှေ့ပြောင်းရမည့်ကိစ္စအပေါ် စိတ်ညစ်လျက်
ရှိသည်ဟု ဆိုသည်။

''အခုဆို တစ်ရက်တစ်ရက်က မိသားစုစားဖို့အတွက် လုံလောက်ပါတယ်။ ရွှေ့လိုက်ရလို့
အခုလိုမရတော့မှာကို ကြောက်နေတာ''ဟု ၄င်းက ပြောသည်။ တစ်ရက်လျှင် ဝင်ငွေ
ကျပ်သောင်းဂဏန်း ရသည်ဟု ဆိုသော်လည်း ရင်းနှီးငွေ မည်မျှပမာဏအထိ ရှိသည်ကိုမူ
ပြောပြရန် ၄င်းက ငြင်းဆိုခဲ့သည်။

သားတစ်ယောက်၊ သမီးတစ်ယောက်ရှိသည့် ကိုကောင်းမြတ်တို့ မိသားစုသည် မဂိုလမ်း
အဟောင်းစျေးတွင် ကွန်ပျူတာနှင့် မိုဘိုင်းဆက်စပ်ပစ္စည်းများကို ရောင်းချသည်သာမက
ပစ္စည်းလာရောက် ရောင်းချသူများထံမှလည်း ပြန်လည် ဝယ်ယူသေးသည်။ အဆိုပါ
ပစ္စည်းများမှာ တရားဥပဒေနှင့်အညီ ပိုင်ဆိုင်ထားသည့် ပစ္စည်းဟုတ်၊ မဟုတ်မှာမူ
သူ့အတွက် အရေးကြီးသည့် ကိစ္စမဟုတ်ဟုလည်း ဆိုသည်။

''သူ့ဘာသာသူဘယ်လိုပဲရလာ၊ ရလာပေါ့။ သူပိုင်တဲ့ပစ္စည်းလည်း ဖြစ်ကောင်းဖြစ်မယ်။
တစ်ခုခုဖြစ်တော့လည်းသူ့ကိစ္စသူရှင်းပေါ့ဗျာ''ဟု ကိုကောင်းမြတ်က ပြောသည်။

အဆိုပါစျေးတွင် ဖွင့်လှစ်ရောင်းချနေသူများ၏ ပြောပြချက်အရ ဆိုင်များသို့
လာရောက်ရောင်းချသူများတွင် ခါးပိုက်နှိုက်များ၊ အခြားသူတစ်ပါးဆီက
ခိုးယူလုယက်လာသူများလည်း ပါဝင်သကဲ့သို့ ငွေကြေး လိုအပ်မှုကြောင့် မိမိတို့အိမ်
(သို့) ဆိုင်တွင် ရှိသောပစ္စည်းများကို လာရောက် ရောင်းချသည့် ရိုးသားသော
သူများလည်း ပါဝင်နေသည်ဟု သိရသည်။

အဆိုပါစျေးတွင် ခင်းကျင်းပြသထားသည့် ပစ္စည်းများအနက် ဆန်းပြားသည့် ပစ္စည်းများကို
ဝယ်ယူရန် စိတ်အားထက်သန်လေ့ရှိသူ ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် နေထိုင်သည့်
မဒါလီအောင်က စျေးတွင် ရောင်းချသောပစ္စည်းများမှာ အဟောင်းပစ္စည်းများထက်
ပစ္စည်းအတုများ ပိုမိုများပြားသည့်အတွက် ဝယ်ယူရန် အတော်ပင်စဉ်းစားရသည်ဟု
ဆိုသည်။

''အဟောင်းစျေးကို ခဏခဏရောက်ဖြစ်ပါတယ်။ အဲဒီမှာရောင်းတဲ့ တချို့ပစ္စည်းတွေဆို
ခပ်ဆန်းဆန်းတွေ ရှိတယ်။ အဲဒီလိုပစ္စည်းတွေကို လိုက်ကြည့်ရတာကိုလည်း ကြိုက်သလို
တစ်ခါတလေ ကိုယ်အသုံးလိုနေတဲ့ ပစ္စည်း တွေ့ခဲ့ရင်လည်း ဝယ်ဖြစ်ပါတယ်။ တစ်ခါက
ဆိုရင် အိုင်ဖုန်းနားကြပ်တစ်ခုကို ၅,ဝဝဝ တည်းနဲ့ ဝယ်ခဲ့ဖူးပါတယ်။ ရှစ်လလောက်ရှိပြီ။
အခုထိ ကောင်းနေတုန်းပဲ။ ကံကောင်းရင် ပစ္စည်းကောင်းတွေနဲ့ တွေ့နိုင်သလို
ကံမကောင်းရင်တော့ အချဉ်မိနိုင်တယ်''ဟု ၄င်းက ပြောသည်။

မည်သည့်လူတန်းစားမျိုးကပင် ပစ္စည်းများကို ရောင်းချ၊ ဝယ်ယူမှုများ လုပ်နေသည်ဖြစ်စေ
မဂိုလမ်းမပေါ်က ဘိန်းစားတန်းသည် ယနေ့အချိန်ထိ ရန်ကုန်မြို့တော်အတွက် ထူးခြားသည့်
မြို့ပြယဉ်ကျေးမှုအဖြစ် ရှိနေသည်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး
အဖွဲ့က ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာ အစီရင်ခံစာတွင်
မဂိုလမ်းပေါ်ရှိ လမ်းဘေးစျေးသည်များကို ကွပ်ကဲမည်ဆိုပါက လမ်းပေါ်၌ သတ်မှတ်ထား
သည့် အကွက်များတွင်သာ စျေးရောင်းချခွင့်ပြုရန်နှင့် ဆိုင်ကို မိုးထားသည့် ထီးများအောက်တွင်
အနည်းဆုံး ခုနစ်ပေခန့် လွတ်ကင်းမှုရှိစေရန် စသည်ဖြင့် ကွပ်ကဲပေးသင့်သည်ဟု
ဖော်ပြထားသည်။

ဘိန်းစားတန်းကြီးကို ကမ်းနားလမ်းရှိ ညစျေးသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည့်အပေါ်
စျေးရောင်းချနေသူများက သဘောမကျသည့်အပြင် စျေးဝယ်သူများဘက်ကလည်း
အဘောမတူသည့် အသံများကြားနေရသည်။ အဘယ်ကြောင့်ဆိုသော်
ယင်းစျေးတန်းကြီးသည် ရန်ကုန်မြို့၏ အထင်ကရ ပြယုဂ်နေရာတစ်ခု ဖြစ်နေခြင်း
ကြောင့်ဟု ဆိုကြသည်။

''ကားပိတ်တာက တခြားနေရာတွေလည်း ပိတ်တာပဲ။ ဒါက မြို့ထဲနဲ့လည်းနီးတော့
သွားရလာရလွယ်ကူတဲ့ နေရာမှာရှိနေတယ်။ ကျွန်တော်ကတော့ မကြိုက်ဘူး''ဟု
လှိုင်မြို့နယ်တွင် နေထိုင်သူ ကိုမင်းသူက ပြောသည်။

လက်ရှိအခြေအနေက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဟောင်းစျေးတန်း
(သို့) ဘိန်းစားတန်းကို ရွှေ့ပြောင်းလိုက်မည်ဆိုသောအချက်ကို စျေးသည်နှင့် စျေးဝယ်သူ
အချို့က သဘောမတူကြ။ ရန်ကုန်မြို့၏ နှစ်ပေါင်းများစွာ ပြယုဂ်တစ်ခုသဖွယ်ရှိခဲ့သော
အရာတစ်ခု ပျောက်သွားနိုင်မည်ကို စျေးသည်များနှင့် စျေးဝယ်သူများက စိုးရိမ်မှုများ
ရှိနေကြပြီ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်