အစိုးရအနေဖြင့် အငှားချအိမ်ရာများ အကောင်အထည်ဖော်ရန် မတည်ဘဏ္ဍာငွေ
မရှိသေးကြောင်း မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ ဌာနမှူး
ဒေါ်မီမီတင်က ပြောသည်။
''တန်ဖိုးနည်းအိမ်ရာတွေကိုတောင် မဝယ်နိုင်တဲ့ ပြည်သူတွေရှိတယ်၊ ဝန်ထမ်းတွေ၊
အငြိမ်းစားတွေ ရှိတယ်။ ဒီလိုလူတွေအတွက်ကတော့ တိုင်းပြည်က အငှားအိမ်ရာ
လုပ်ပေးရမှာပေါ့နော်။ လောလောဆယ် ဌာနကတော့ အငှားအိမ်ရာတွေ လုပ်ဖို့အတွက်
ဘတ်ဂျက်အရတော့ ဘတ်ဂျတ်ပေးမထားတဲ့အတွက် အကောင်အထည်ဖော်ဖို့က
အစီအစဉ်မရှိသေးဘူး''ဟု ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
အစိုးရ၏ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများကို တာဝန်ယူ ဆောက်လုပ်ပေးလျက်
ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ယင်း
အိမ်ခန်းများကို ဖော်ဆောင်ရန်ဌာန၏ လှည့်ပတ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ရပြီး
အငှားချအိမ်ရာများအတွက်ကိုမူ ရန်ပုံငွေမရှိသေးသည့်အတွက် ဖော်ဆောင်နိုင်မည်
မဟုတ်ကြောင်း ၄င်းက ပြောသည်။
''ဌာနက လည်ပတ်ရန်ပုံငွေကို သုံးတဲ့အတွက်ကြောင့် အကောင်အထည်ဖော်ပြီးရင်
ဒီစီမံကိန်းမှာ အကျိုးအမြတ်ကို ပြရတာပေါ့နော်။ ဒီစီမံကိန်းကြီး လုပ်လိုက်တယ်၊
အခန်းတွေ ရောင်းလိုက်တယ်၊ အဲဒီကနေ ဝင်ငွေဘယ်လောက်ပြန်ဝင်လာလဲ
ဆိုတဲ့အပေါ် အမြဲတမ်း စာရင်းရှင်းတမ်း ရှင်းရတဲ့အတွက်ကြောင့်၊ အငှားအိမ်ရာ
ဆိုတဲ့သဘောက သိန်း၁ဝဝ အခန်းကို ငှားလိုက်တဲ့အတွက်ကြောင့် တစ်လမှာ
သုံးသောင်းရမယ်ဆို ဒါကို နှစ်ပေါင်းများစွာ မြှုပ်ထားပြီးပေးထားရတော့မှာ၊ ဒါမျိုးကို
မထားနိုင်တော့ လောလောဆယ်တော့ ဌာနအနေနဲ့ အစီအစဉ်မရှိဘူး''ဟု
ဒေါ်မီမီတင်က ပြောသည်။
သို့သော် ယခင်က အငှားချအိမ်ရာများကို ဗဟိုအစိုးရက ပြည်နယ်နှင့် တိုင်းဒေသကြီး
အစိုးရများကို ဘဏ္ဍာငွေချပေးကာ ပြည်နယ်နှင့်တိုင်းအစိုးရ၏ အစီအစဉ်ဖြင့်
ဆောက်လုပ်ပေးမှုများ ရှိကြောင်း သိရသည်။
ယခုအစိုးရလက်ထက်တွင်လည်း ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
တန်ဖိုးနည်းအိမ်ခန်းပေါင်း ၁၈ဝ,ဝဝဝ ကို အကောင်အထည်ဖော်မည်ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုထားသော်လည်း
အငှားချအိမ်ရာ ဖော်ဆောင်မှုအတွက်ကိုမူအတိအကျ ပြောဆိုထားခြင်း မရှိပေ။
လက်ရှိတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွက် ဆောက်လုပ်ပြီးစီးသည့်
တန်ဖိုးနည်းတိုက်ခန်း ၂,ဝဝဝ ကျော်ကို စတင်ရောင်းချနေပြီး အကောင်အထည်ဖော်သည့်
ဆောက်လုပ်ရေးဝန်ကြီးဌာနက ယင်းအခန်းပေါင်း ၂,ဝဝဝ ကျော်အနက် အခန်းပေါင်း
၁,၅ဝဝ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ရောင်းချရန်
လွှဲပြောင်းပြီးဖြစ်သည်။
''တန်ဖိုးနည်းအခန်း ၂,ဝဝဝ ကျော်ကို စပြီးရောင်းနေပါပြီ။ တိုင်းဒေသကြီးကို ၁,၅ဝဝ
ပေးထားတယ်၊ ကျန်တာက အိုးအိမ်က ရောင်းမယ် ဃီံြ ဘဏ်နဲ့ ချိတ်ပြီးတော့
ရောင်းပေးနေတာ။ အဲဒါက ဆောက်ပြီးသားတွေကို ရောင်းတာ။ တိုင်းဒေသကြီး
အစိုးရဘက်ကတော့ ဘယ်လိုအစီအစဉ်မျိုးနဲ့ ရောင်းမလဲဆိုတာတော့ မသိသေးဘူး''ဟု
ဒေါ်မီမီတင်က ပြောသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနကနောက်ပိုင်းတည်ဆောက်သွားမည့်
တန်ဖိုးနည်းအိမ်ရာများက တိုက်ခန်းများကို ဆောက်လုပ်မှုမပြီးခင်ကတည်းကပင်
ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''နောက်ဆိုရင် ဆောက်လက်စတွေကိုတောင် ကြိုရောင်းမယ်၊ အဲဒါမှ ဌာနဘက်ကလည်း
ဝယ်လိုအားတွေကိုသိရမှာ။ ခုဆောက်ထားပြီး ရောင်းမထွက်ဘူးဆိုရင်
အဆင်မပြေဘူးလေ။ ရန်ကုန်အတွက်က နှစ်နှစ်အတွင်းမှာ အခန်းပေါင်း ၈,ဝဝဝ ကျော်
ထုတ်သွားဖို့ရှိတယ်။ အဲဒါတွေကို ကြိုရောင်းဖို့ အစီအစဉ်ရှိတယ်''ဟု ၄င်းက ပြောသည်။
ဆောက်လုပ်နေဆဲဖြစ်သည့် သန်လျင်မြို့နယ်ရှိ သီလဝါ တန်ဖိုးနည်းအိမ်ရာက
အခန်းပေါင်း ၁,၂ဝဝ ကျော် ပေါ်ထွက်လာမည်ဖြစ်ကာ လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း
တန်ဖိုးနည်းအိမ်ရာက အခန်းပေါင်း ၃ဝဝ ကျော် ပေါ်ထွက်လာမည်ဖြစ်ပြီး
ယင်းအခန်းများကို ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
















