မြကျွန်းသာဥယျာဉ်အတွင်းရှိ အဆောက်အအုံ စီမံကိန်းများအနက် စာချုပ်ပါသတ်မှတ်ချက်
ဖောက်ဖျက်၍ အင်လျားကန်နှင့် နီးကပ်စွာ တည်ဆောက်ထားသည့် အဆောက်အအုံများကို
ဖြိုဖျက်ခိုင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောသည်။
စီမံကိန်းလုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများသည် အဆောက်အအုံများ တည်ဆောက်ရာတွင်
စာချုပ်ပါ သတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး အင်းလျားကန်နှင့် အလွန်နီးကပ်စွာ တည်ဆောက်
ထားခြင်းကြောင့် ရေရှည်တွင် အင်းလျားကန်၏ အနေအထား ပျက်စီးယိုယွင်း သွားလိမ့်မည်ဟုလည်း
မေ ၂၂ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ အလေ့အကျင့်အရ တကယ် တန်ဖိုးရှိတဲ့ မြစ်ချောင်းတို့၊ ကန်တို့ကို
ကျောပေးဆောက်ပြီး အိမ်သာလုပ်တယ်။ အခု မြကျွန်းသာမှာ ဆောက်နေတဲ့ အဆောက်အအုံတွေ
ဆိုရင်လည်း ရေထိန်းနံရံမပြောနဲ့ ရေထဲအထိဆင်းပြီး လုပ်နေတယ်။ ပေ ၃၀ က အနည်းဆုံးတော့
ကွာရမယ်။ ဖျက်လည်း ဖျက်ရပါလိမ့်မယ်။ ခွင့်လည်း ခွင့်မပြုပါဘူး။ နောက်တစ်ခုက ရှေ့နဲ့
နောက်နဲ့လည်း ပြောင်းရပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။
မြကျွန်းသာ ဥယျာဉ်အတွင်းတွင် နိုင်ငံတကာ အဆင့်မီကစားကွင်း၊ ဈေးဝယ်စင်တာ၊ ရေပေါ်
ဂေါက်ကွင်းနှင့် စားသောက်ဆိုင်များ ဆောက်လုပ်ရန် ယခင်အစိုးရက ကုမ္ပဏီများကို လုပ်ကိုင်ခွင့်
ပေးခဲ့သော်လည်း အများပြည်သူ ကန့်ကွက်မှုများကြောင့် ထိုစီမံကိန်းများကို ရပ်ဆိုင်းထားခဲ့ရသည်။
မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း လုပ်ငန်းလုပ် ကိုင်ခွင့်ရထားသည့် ကုမ္ပဏီ ရှစ်ခုမှာ
Inya Palace, Magic Land, Ryaji, Nay La Pwint, Eden Group, Good Shan Brother,
Myanmar Golden Star နှင့် Max Myanmar ကုမ္ပဏီတို့ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌဖြစ်သည့်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက Ryaji ကုမ္ပဏီသည် မြေပြင်အနောက်ဘက်ရှိ ကုန်းပတ်မှာ
ရေထိန်းနံရံ နယ်နိမိတ်အထိ ထိစပ်နေပြီး Magic Land ကုမ္ပဏီမှာလည်း မြေအောက်ခန်း
တစ်ထပ်အပါအဝင် နှစ်ထပ်တိုက်အဆောက်အအုံမှာ ရေထိန်းနံရံ နယ်နိမိတ် ပေ ၃၀ အတွင်းသို့
နှစ်ပေရောက်ရှိနေသည်ဟု လွှတ်တော်သို့ အသိပေးခဲ့သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ၏ အဆိုအရ Ryaji Magic Land ကုမ္ပဏီတို့အပြင်
Nay La Pwint နှင့် Myanmar Golden Star ကုမ္ပဏီတို့က ဆောက်လုပ်လျက်ရှိသည့်
အဆောက်အအုံများသည်လည်း စာချုပ်ပါ သတ်မှတ်ချက်ကို ဖောက်ဖျက်ကာ အင်းလျားကန်နှင့်
အလွန်နီးကပ်စွာရှိနေသည်ဟု သိရပြီး ယင်းအဆောက်အအုံများကိုလည်း ဖြိုဖျက်မည်ဟု
မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်ကို ပြောကြားထားသည်။
"စာချုပ်ထဲမှာ ခွင့်ပြုချက်နဲ့ ကွဲလွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက ချက်ချင်းဖျက်သိမ်းပေးရမယ်လို့
ပါရှိပါတယ်"ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ထို့ပြင် မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း လက်ရှိ စတင်ဆောက်လုပ်ခြင်း မရှိသေးသော
Eden Group နှင့် Max Myanmar ကုမ္ပဏီတို့ကိုလည်း အများပြည်သူအကျိုးငှာ မြေငှားရမ်းမှု
ကိစ္စရပ်များကို ပြန်လည်ရုပ်သိမ်းပေးနိုင်ရန်အတွက် ၎င်းကုမ္ပဏီများနှင့် သက်ဆိုင်ရာဌာနတို့
ပြန်လည်ညှိနှိုင်းပေးနိုင်ခြင်း ရှိမရှိကိုလည်း အစိုးရအား မေးမြန်းခဲ့သည်။
သို့သော် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လုပ်ငန်းအကောင်အထည် မဖော်ရသေးသည့်
ကုမ္ပဏီများအပါအဝင် လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းမည်
မဟုတ်သော်လည်း လုပ်ငန်းမလုပ်ကိုင်နိုင်တော့သည့် ကုမ္ပဏီများကိုမူ လုပ်ကိုင်ခွင့်
ပြန်လည်ရုပ်သိမ်းမည်ဟု လွှတ်တော်သို့ ပြန်လည်ဖြေကြားခဲ့သည်။
"မလုပ်နိုင်ရင်တော့ ပြန်အပ်၊ လုပ်နိုင်လျက်သားနဲ့ သိမ်းရင်လည်း မကောင်းဘူး။ ကျွန်တော်တို့
ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်နိုင်တယ်ဆိုရင်တော့ ကြိုဆိုတယ်"ဟု ၎င်းက ပြောသည်။
ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ ဦးဆောင်သည့် အစိုးရလက်ထက်တွင် မြကျွန်းသာ
အပန်းဖြေဥယျာဉ်ကို အဆင့်မြှင့်တင်ရန်ဟုဆိုကာ အဆိုပါ ကုမ္ပဏီရှစ်ခုကို နှစ် ၆၀ ငှားရမ်းမှုစနစ်ဖြင့်
လုပ်ငန်း လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုကာ ငှားရမ်းခဲ့သည်။
သို့သော် ၎င်းတို့ကို စာချုပ်ပါ စည်းမျဉ်းများအတိုင်း မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းသုံး
အဆောက်အအုံများကိုပါ ဆောက်လုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
Max Myanmar ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးချစ်က ဆောက်လုပ်ရေးလုပ်ငန်းများကို
ရပ်ဆိုင်းထားရသည်မှာ ယနေ့အချိန်ထိဖြစ်ပြီး မည်သည့် ဆောက်လုပ်ရေးလုပ်ငန်းကိုမှ
အကောင်အထည်ဖော်နေခြင်း မရှိသေးဟု မတ် ၂၂ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
ကုမ္ပဏီများနှင့် ယခင်အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် စာချုပ်အရ လုပ်ငန်းများ၏ ပထမအဆင့်ကို
၂၀၁၅ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်သွားရမည်ဖြစ်ပြီး ဒုတိယအဆင့်ကိုမူ ယခုနှစ်အတွင်း
အပြီးတည်ဆောက်ရမည် ဖြစ်သည်။
















