ဘုရင့်နောင်ကုန်စည်ဒိုင် ပြောင်းရွှေ့မှု တိကျ ရေရာစွာ မသိရှိရသေးဟု တာဝန်ရှိသူများဆို

ဘုရင့်နောင်ကုန်စည်ဒိုင် ပြောင်းရွှေ့မှု တိကျ ရေရာစွာ မသိရှိရသေးဟု တာဝန်ရှိသူများဆို

ဘုရင့်နောင်ကုန်စည်ဒိုင် ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး တိကျသည့် သတင်းအချက်အလက်များကို
မသိရသေးကြောင်း ဘုရင့်နောင် ကုန်စည်အသင်းအဖွဲ့ဝင်များ၊ ပွဲရုံပိုင်ရှင်များနှင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ ဈေးများဌာနတို့မှ သိရသည်။

မေ ၂၀ ရက် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး
၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မရမ်းကုန်းမြို့နယ်ရှိ အကြီးဆုံး ဘုရင့်နောင်ကုန်စည်ဒိုင်ကို
၀ါးတစ်ရာစက်မှုဇုန်အနီးသို့ ပြောင်းရွှေ့မည်ဟု ပြောခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ အထူးတလည်တော့ သေသေချာချာ မသိရသေးပါဘူး။ အစိုးရဘက်လည်း
ရွှေ့ပေးရမယ်ဆိုပြီး လာပြောထားတာမျိုးလည်း မရှိပါဘူး။ ဘုရင့်နောင်ပွဲရုံဝင်းကလည်း
အကျယ်ကြီးဆိုတော့ ဘယ်လိုပုံစံတွေရွှေ့မယ်။ ပြီးရင် အဆင်ပြေနိုင်လား မပြောတတ်သေးပါဘူး"ဟု
ဘုရင့်နောင်ကုန်စည်ဒိုင်အသင်း၏ ဒုဥက္ကဋ္ဌ ဦးမျိုးလွင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ဈေးများကို ကိုင်တွယ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ဈေးများဌာနကလည်း ဘုရင့်နောင်ကုန်စည်ဒိုင် ရွှေ့ပြောင်းမည့် အကြောင်းကို သတင်းမီဒီယာများတွင်
ပါရှိမှသာ သိရှိရပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဌာနသို့ ပြောကြားထားခြင်း မရှိသေးဟု ဆိုသည်။

"ကျွန်တော်တို့လည်း ကုန်စည်ဒိုင်ရွှေ့ပြောင်းမှာကို သေချာမသိပါဘူး။ ဒါပေမဲ့ သတင်းတွေထဲမှာ
ရေးထားတဲ့အတိုင်းပါပဲ။ အဲဒီဘုရင့်နောင် ကုန်စည်ဒိုင်နေရာ ကတော့ စည်ပင်မြေမဟုတ်ပါဘူး။
တပ်မြေပါ"ဟု ဈေးများဌာနမှူး ဦးစံရွှေထွန်းက ပြောသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်းက ဘုရင့်နောင်ကုန်စည်ဒိုင်ကို
၀ါးတစ်ရာစက်မှုဇုန်သို့ ပြောင်းရွှေ့ရန် ဘုရင့်နောင် ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များနှင့် ၉၀ ရာခိုင်နှုန်းခန့်
ညှိနှိုင်းပြီးဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌက အစိုးရဘက်မှ ကုန်စည်ဒိုင် ရွှေ့ပြောင်းခြင်းနှင့်ပတ်သက်သည့်
ဆွေးနွေးမှုများ မရှိသေးကြောင်း ပြောသည်။

"အစိုးရဘက်က လာရောက်ဆွေးနွေးတာတွေ မရှိသေးဘူး။ ဘယ်ရက်၊ ဘယ်လိုရွှေ့ရမယ်ဆိုတဲ့
အကြောင်းကြားတာမျိုးလည်း မရှိသေးပါဘူး။ တကယ်လို့ ဒါကို လုံးဝ ရွှေ့ဖြစ်တော့မယ်ဆိုရင်တော့
နောက်ပိုင်းဆွေးနွေးတာမျိုးတွေလည်း ရှိချင်ရှိမှာပါ။ ၀ါးတစ်ရာစက်မှုဇုန်ကတော့ ရွှေလင်ပန်းစက်မှုဇုန်
အကျော်မှာ ရှိပါတယ်။ လူသိပ်မသိ သေးတဲ့နေရာတော့ဖြစ်တယ်"ဟု ဦးမျိုးလွင်ကပြောသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သည် တပ်မတော်ပိုင်မြေပေါ်တွင် အသုံးပြုထားခြင်းဖြစ်ပြီး မြေငှားရမ်းမှု
သက်တမ်း ကုန်ဆုံးနေခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းများကြောင့် ပြောင်းရွှေ့ရခြင်း
ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့တော့ ရွှေ့ရမယ်လို့တော့ ဒီတိုင်းကြားထားပါတယ်။ လောလောဆယ်
ဘယ်တော့ရွှေ့ရမယ်ဆိုတာမျိုးတော့ သေချာမသိသေးပါဘူး"ဟု ကုန်စည် ဒိုင်အတွင်းမှ
စားသုံးဆီပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်