ဒလမြို့နယ်တွင် ပင်လယ်ဆိပ်ကမ်း တည်ဆောက်ပြီး အထူးစီးပွားရေးဇုန်သစ်တစ်ခု အကောင်အထည်ဖော်မည်

ဒလမြို့နယ်တွင် ပင်လယ်ဆိပ်ကမ်း တည်ဆောက်ပြီး အထူးစီးပွားရေးဇုန်သစ်တစ်ခု အကောင်အထည်ဖော်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလမြို့နယ်တွင် ပင်လယ်ဆိပ်ကမ်း တည်ဆောက်ပြီး
အထူးစီးပွားရေးဇုန်သစ်တစ်ခု အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် မေ ၂၀ ရက်က
ကျင်းပသော အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံပွဲတွင်
ပြောကြားခဲ့ခြင်း ဖြစ်သည်။

"သီလဝါကနေ လှိုင်သာယာကို ကုန်းလမ်းကြောင်းက သယ်မယ်ဆိုရင် မိုင် ၄၀ လောက်ရှိပေမဲ့
ရေလမ်းကြောင်းကနေ သယ်မယ်ဆိုရင် ၂၂ မိုင် လောက်ပဲ ရှိပါတယ်။ ကုန်စည်စီးဆင်းမှု
ပိုပြီး မြန်ဆန်စေဖို့ ပင်လယ်ဆိပ်ကမ်း တည်ဆောက်လို့ရတဲ့ နေရာတွေမှာ ဆိပ်ကမ်းတွေ
တည်ဆောက်ပြီး စီးပွားရေးဇုန်တွေ ပြုလုပ်ပါမယ်။ လက်ရှိကာလမှာ ဒလမြို့နယ်မှာ
ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်မှာဖြစ်ပြီး အထူးစီးပွားရေးဇုန်တစ်ခုကို
အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် အထူးစီးပွားရေးဇုန်များ တည်ဆောက်မည်ဆိုပါက နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများ
ပိုမိုဝင်ရောက်လာမည်ဖြစ်သဖြင့် အထူးစီးပွားရေးဇုန်များ ပိုမိုတည်ဆောက်ရန် ပြည်ထောင်စု
လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ပြည်ထောင်စု အက်ဥပဒေနှင့်အညီ အကောင်အထည်ဖော်
ဆောင်ရွက်မည်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍ တိုးတက်လာသည်နှင့်အမျှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု
တိုးတက်လာမည်ဖြစ်ပြီး ဆိပ်ကမ်းများတွင်လည်း ကုန်စည်များစွာ ထုတ်လုပ်နိုင်ရန်
လိုအပ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အထူးစီးပွားရေးဇုန်များ
တည်ဆောက်နိုင်မည်ဆိုပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖြန့်ကြက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ကုန်ထုတ်လုပ်ရောင်းချမှု လုပ်ငန်းအများစုတွင် ကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းမှာ သယ်ယူပို့ဆောင်ရေး
စရိတ် ဖြစ်နေခြင်းကြောင့် ထိုကုန်ကျစရိတ်များကို အသက်သာဆုံး လျှော့ချနိုင်မည့် နည်းလမ်းတစ်ခု
ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်စည်သင်္ဘောများ ၀င်ရောက်နိုင်မည့်
ဆိပ်ကမ်းများကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့လယ်ကောင်နှင့် ဒလမြို့နယ်အကြား ဆက်သွယ်ပေးမည့်
ရန်ကုန်-ဒလ မြစ်ကူးတံတားကို ကိုရီးယားအစိုးရ၏ ချေးငွေဖြင့် တည်ဆောက်ရန် ဆောက်လုပ်ရေး
လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင်
အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်