ဘုရင့်နောင်ကုန်စည်ဒိုင်ကို ပြောင်းရွှေ့မည်ဆိုသော အကြောင်းအရာနှင့် ပတ်သက်ပြီး
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ လာမည့် အစည်းအဝေးတွင် မေးမြန်းသွားမည်ဟု
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
ယင်းရွှေ့ပြောင်းရမည့်အကြောင်းကို မေ ၂ဝ ရက်က ပြုလုပ်သည့် စီးပွားရေး
လုင်ငန်းရှင်များနှင့် ဒုသမ္မတ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်အနေနဲ့တော့ လာမယ့်လွှတ်တော်မှာ ဒီကိစ္စကို ကျွန်တော့်ဘက်က
တင်ပြသွားပေးပါမယ်။ ကျွန်တော့်အနေနဲ့ မေးခွန်းအနေနဲ့ မေးသွားဖို့ ရှိပါတယ်။
ဟိုဘက်က ဆွေးနွေးခွင့်ပြုမလားဆိုတာကတော့ အထက်ကပဲ မူတည်ပါတယ်။ ရနိုင်တဲ့
နည်းလမ်း လေးတွေနဲ့တော့ ပြည်သူ့အသံကို နားထောင်ပြီး ဥပဒေဘောင်အတွင်းကနေ
ကြိုးစားပေးနေပါတယ်''ဟု ၄င်းက ပြောသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်သည် တပ်မတော်ပိုင်မြေဖြစ်ပြီး ၂၅ နှစ် သက်တမ်းဖြင့် ငှားရမ်း
လုပ်ဆောင်နေခြင်းဖြစ်ကာ နောင်နှစ်နှစ်အတွင်းတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ
တပ်မတော်ဘက်မှ ယင်းမြေနေရာတွင် အခြားလုပ်ဆောင်ရန် ကိစ္စများရှိခြင်းကြောင့်
မြေဆက်လက်ငှားရမ်းမည် မဟုတ်ကြောင်း သိရသည်။
''အစက အစိုးရဘက်က ညှိပေးတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ဟိုဘက်ကလည်း
အသုံးချစရာရှိလို့ ညှိလို့ မရတော့ဘူးလို့ ကြားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့
ပတ်သက်ပြီးတော့ လွှတ်တော်မှာတော့ မေးသွားမှာပါ''ဟု ၄င်းက ပြောသည်။
သို့သော် ငှားရမ်းချုပ်ဆိုထားသည့် သက်တမ်းအရ နောက်ထပ် နှစ်နှစ်ကျန်ရှိသေးသည့်
အတွက် ကုန်စည်ဒိုင် ရွှေ့ပြောင်းမှုအနေဖြင့် လက်ငင်းချက်ခြင်းရွှေ့ပြောင်းကာ
လုပ်ဆောင်ရဦးမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက
ပြောသည်။
''အဲဒီမှာ လုပ်ငန်းတွေကလည်း အများကြီးဆိုတော့ ဒါကြီးကို ချက်ချင်းကြီး ရွှေ့ဖို့တွေ၊
ရွှေ့ရတော့မယ်တွေ လောလောဆယ် မဟုတ်သေးပါဘူး။ နောက်ထပ်လည်း
နှစ်နှစ်ကျန်သေးတဲ့အတွက် အချိန်ရှိပါသေးတယ်။ တပ်ဘက်ကလည်း ဆက်လုပ်မလုပ်
ဆိုတာတွေက သေချာမသိသေးပါဘူး''ဟု ၄င်းက ပြောသည်။
ဘုရင့်နောင်ပွဲရုံ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် ဘုရင့်နောင်ကုန်စည်ဒိုင်
ကော်မတီမှလည်း ဘုရင့်နောင်ပွဲရုံများ မပြောင်းရွှေ့ရေးအတွက် မြေငှားရမ်းထားသည့်
တပ်မတော်ထံထိပါ တင်ပြတောင်းဆိုသွားမည်ဟုလည်း ပြီးခဲ့သည့် မေ ၂၇ ရက်တွင်
ကုန်စည်ဒိုင်အစည်းအဝေးတွင် ဥက္ကဋ္ဌဦးခင်ဟန်က ပြောသည်။
သို့သော် လက်ရှိအချိန်ထိ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ကားဝင်းအား ရွှေ့ပြောင်းမည့်
သတင်းအချက်နှင့်ပတ်သက်ပြီး အတိအကျကို အစိုးရထံမှ အတည်ပြုချက်မရရှိဘဲ
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုတွင်သာ
ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟုဆိုသည့် ပြောဆိုချက်တစ်ခုသာ ရှိသည်။
ထို့ပြင် ဘုရင့်နောင်ကုန်စည်ဒိုင်အား ရွှေ့ပြောင်းမည့် ဝါးတရာစက်မှုဇုန်အနီးမှ
မြေနေရာတွင် ယင်းလယ်မြေပိုင် မြေပိုင်ရှင်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးဟန်ထွန်းက ကုန်စည်ဒိုင်ရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ ဖယ်ရှားကြရမည့်
နေရာများအတွက် ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း မြေပိုင်ရှင်လယ်သမားများက
ကျေနပ်မှုမရှိကြောင်း သိရသည်။
''ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးဟန်ထွန်းက ကျွန်တော်တို့ လယ်သမား၂၄ ဦးနဲ့ လာတွေ့ပြီး ဒီနေရာကို
ဘုရင့်နောင် ကားဝင်းရွှေ့မယ်။ အဲဒါကြောင့် လယ်သမားတွေကို ပိုက်ဆံ
ဒါမှမဟုတ် ၂ဝ ရာခိုင်နှုန်း ဂရန်မြေပေးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကို
၂ဝ ရာခိုင်နှုန်းဆိုတာ ကျွန်တော်တို့ လယ်သမားမိသားစုတွေအနေနဲ့ လုံးဝ
အဆင်မပြေပါဘူး''ဟု လယ်မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအေးကျော်က ပြောသည်။
အဆိုပါ ဘုရင့်နောင်ကုန်စည်ဒိုင် ပြောင်းရွှေ့မည်ဆိုသည့် ဝါးတရာ စက်မှုဇုန်အနီးမှ
လယ်မြေများကို ပိုင်ဆိုင်သည့် လယ်သမား ၂၄ ဦး၏ လယ်မြေဧကသည် ၁၆၉
ဒသမ ၈၉ ဧက အကျယ်အဝန်းရှိသည်။
လက်ရှိအနေအထားတွင် ဝန်ကြီးဌာနမှ လယ်သမားများကို ညှိနှိုင်းပြောဆိုမှု
အဆင့်တွင်သာရှိနေပြီး မည်သည့်ရက်တွင် အပြီးရွှေ့ပြောင်းရမည်ဆိုသည့်
ညွှန်ကြားမှုများ မရှိသေးကြောင်း ၄င်းက ပြောသည်။
''ကျွန်တော်တို့နဲ့ ဦးဟန်ထွန်းနဲ့ ပြောပြီးတဲ့နောက်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က
ဒေါ်စန္ဒာမင်းဆီ စာတင်တယ်။ ဝန်ကြီးချုပ်ဆီလည်း စာတင်ပါတယ်။ ဒေါ်စန္ဒာမင်းတို့
အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးထားပါတယ်။ ကျွန်တော်တို့ဘက်က ညှိနှိုင်းမှုအတွက်
အဆင်မပြေတာကို တင်ပြထားပါတယ်''ဟု ဦးအေးကျော်က ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်သည် ပွဲရုံပေါင်း ၁,ဝဝဝ ကျော်နှင့် ကုန်စည်ပို့ဆောင်ရေး
ဂိတ် ၃ဝဝ ကျော်ရှိကာ ဒေသဆိုင်ရာထွက်ကုန်များ ကုန်သွယ်မှုပြုကြသည့်
နေရာဖြစ်သည်။
















