ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများကို အစိုးရ ဦးစီးမှုဖြင့် ပြည်နယ်နှင့် တိုင်းအများစုတွင်
ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဟု ပုဂ္ဂလိက
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
''ပြည်သူ့အိမ်ရာလို့ အမည်ပေးထားတဲ့ တန်းဖိုးသင့်အိမ်ရာတွေကို ယခုနှစ်အတွင်း
စတင်ဆောက်လုပ်ပေးဖို့ အစိုးရနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်းတို့ စတင် ဆောင်ရွက်နေပါပြီ။ အိမ်ရာတွေကို အစိုးရက ဦးစီး အကောင်အထည်
ဖော်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက လုပ်ငန်းရှင်တွေက
တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
ပြည်သူ့အိမ်ရာများ တည်ဆောက်ရန် လာမည့်နှစ်တွင် ပင်စင်ယူမည့် အစိုးရဝန်ထမ်းများ
အရေအတွက်နှင့် ဝယ်ယူလိုရာ မြို့နယ်များကို စာရင်းကောက်ယူနေပြီး ယခုအချိန်တွင်
စာရင်းကောက်ယူမှုများ တစ်ဝက်ပြီးစီးနေပြီဖြစ်ကြောင်း ၄င်းက ပြောသည်။
''ပြည်သူ့အိမ်ရာတွေအတွက် ပထမအဆင့်အနေနဲ့ ပင်စင်ယူတော့မယ့် ဝန်ထမ်းတွေကို
လက်ရှိအချိန်မှာ စာရင်းကောက်ယူနေပါတယ်။ သူတို့ ဘယ်နေရာမှာ အိမ်ဝယ်ချင်လဲ
ဆိုတာကို အစိုးရက အဓိကထား စာရင်းကောက်နေပြီး ရလာတဲ့ ရလဒ်တွေကို ပြည်ထောင်စု
အစိုးရက တိုင်းဒေသကြီးအစိုးရနဲ့ ပြန်ညှိပါတယ်။ အခုအချိန်မှာတော့ စာရင်းကောက်နေတာ
တစ်ဝက်လောက်တောင် ပြီးနေပါပြီ''ဟု ဦးကျော်ကျော်စိုးက ပြောသည်။
စာရင်းကောက်ယူမှုများအရ ဖြေဆိုသူများ ဝယ်ယူလိုသော မြို့နယ်များတွင် ပြည်သူ့အိမ်ရာ
များကို တည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရေးဆွဲထားသော
မြို့မြေအသုံးချမှုဇုန်(Town Plan) နှင့် ကိုက်ညီသော မြို့နယ်များတွင် အိမ်ရာများကို
ဦးစားပေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ပြည်သူ့အိမ်ရာများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆောက်လုပ်မည်
ဖြစ်သော်လည်း ထိုအိမ်ရာများ တည်ဆောက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက
ကြီးကြပ်မည်ဖြစ်ပြီး အိမ်ရာရောင်းချရေးများကိုလည်း အစိုးရကပင် တာဝန်ယူဆောင်ရွက်
မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''ပြည်သူ့အိမ်ရာတွေ တည်ဆောက်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးစီး
အကောင်အထည်ဖော်မှာပါ။ အိမ်ရာတွေ ရောင်းချဖို့ကိုလည်း အစိုးရကပဲ တာဝန်ယူပေး
မှာပါ။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ကန်ထရိုက်လုပ်ငန်းရှင်တွေက
ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ တာဝန်ယူမှာပါ''ဟု ဦးကျော်ကျော်စိုးက ပြောသည်။
အဆိုပါပြည်သူ့အိမ်ရာများကို အစိုးရ၏ ဘတ်ဂျက်ငွေကို မသုံးမပြုဘဲ တည်ဆောက်
အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်ရာ
ဝယ်ယူမည့်သူများသည် ဘဏ်များက ချေးငွေကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း
၄င်းက ပြောသည်။
''ဒီ ပြည်သူ့အိမ်ရာတွေကို အစိုးရရဲ့ ဘတ်ဂျက်နဲ့ တည်ဆောက်မှာ မဟုတ်ပါဘူး။
မြန်မာ့စီးပွားရေးဘဏ်က အဓိက ငွေချေးပေးမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ နိုင်ငံတကာ
စီးပွားရေးထောက်ပံ့ငွေလည်း ပါမှာပါ။ အဲဒီ နိုင်ငံတကာချေးငွေကတစ်ဆင့်
မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကို ချေးပေးမှာဖြစ်ပြီး အဲဒီကနေတစ်ဆင့်
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ရာဝယ်ယူလိုသူတွေကို ပြန်ချေးပေးမှာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
ထိုပြည်သူ့အိမ်ရာများကို အများဆုံး ခြောက်ထပ်အထိ တည်ဆောက်သွားမည်ဖြစ်ကာ
အိမ်ရာများမှာ တစ်ခန်းလျှင် စတုရန်းပေ ၄၅ဝ မှ ၆ဝဝ အထိ ကျယ်ဝန်းမည်ဖြစ်ပြီး
တန်ဖိုးမှာလည်း တစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ မှ သိန်း ၂ဝဝ ကြားအတွင်း
ရှိမည်ဖြစ်ကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။
''ပြည်သူ့အိမ်ရာတွေက တည်နေရာ၊ အကျယ်အဝန်းနဲ့ မြေတွေပေါ် မူတည်ပြီး
စျေးနှုန်းတွေ ကွာခြားသွားမှာ ဖြစ်ပါတယ်။ တချို့မြို့နယ်တွေမှာ အစိုးရက မြေပေး
တယ်ဆိုရင် အိမ်စျေး နည်းနည်းသက်သာမှာဖြစ်ပြီးတော့ မြေကိုပါ ဆောက်လုပ်ရေး
လုပ်ငန်းရှင်က ဝယ်ယူရမယ်ဆိုရင် တိုက်ခန်းစျေးပါ နည်းနည်း ထပ်မြင့်တက်သွားမှာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် ထိုအိမ်ရာများ ရောင်းချရန် လက်ငင်း ငွေချေရမည့် ငွေပမာဏ၊ အရစ်ကျ
ငွေပေးသွင်းနိုင်သော နှစ်ကာလနှင့် အတိုးနှုန်းများကို ဆွေးနွေးနေဆဲ ဖြစ်ပြီး
လက်ရှိဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းထက် လျော့နည်းစေရန် ဆွေးနွေး ညှိနှိုင်း
နေကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။
''လက်ရှိအချိန်ထိ အိမ်ဝယ်ယူမယ့်သူတွေအနေနဲ့ down Payment
ဘယ်လောက်ပေးရမလဲဆိုတာကို ညှိနှိုင်းနေဆဲပါပဲ။ ၁၅ ရာခိုင်နှုန်းဖြစ်မလား
၊ ၂ဝ ရာခိုင်နှုန်း ဖြစ်မလားတော့ သေချာမသိသေးဘူး။ နိုင်ငံတကာ ချေးငွေပေါ်
မူတည်ပြီးတော့ အိမ်ဝယ်သူတွေကို ချေးပေးမယ့် အရစ်ကျကာလကလည်း
၁ဝ နှစ်နဲ့ ၁၅ နှစ် ဘာဖြစ်မလဲ ဆွေးနွေးနေဆဲပါပဲ။ အတိုးနှုန်းကလည်း လက်ရှိ
ဘဏ်တိုး ၁၃ ရာခိုင်နှုန်းက နှစ်ရှည် အိမ်ရာဝယ်မယ့်သူတွေအတွက်ဆိုများလို့
အဲဒီထက် လျှော့ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်နေကြပါတယ်။
အတိုးနှုန်းကိုလျှော့ချပြီး နှစ်ရှည်စနစ်နဲ့ ငွေချေးနိုင်မယ်ဆိုရင် တစ်လတစ်လ
သွင်းရတဲ့ ငွေပမာဏက လျော့သွားမှာပါ''ဟု ၄င်းက ပြောသည်။
ယခုနှစ်အတွင်း စတင်ဆောက်လုပ်မည့် အဆိုပါ ပြည်သူ့အိမ်ရာများကို
တည်ဆောက်မည့် မြို့နယ်နှင့် မြေအမျိုးအစားအပေါ်မူတည်ကာ Precast
စနစ်၊ Steel Structure စနစ်နှင့် RC စနစ်များဖြင့် ဆောက်လုပ်သွားမည်
ဖြစ်ကြောင်း ၄င်းက ပြောသည်။
ပြည်သူ့အိမ်ရာများကို ရန်ကုန်မြို့တော်တွင်သာမက မန္တလေး၊ နေပြည်တော်နှင့်
အခြားပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့တော်များတွင်လည်း ဆောက်လုပ်ရန်
လျာထားပြီး လက်ရှိအချိန်တွင် အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် စတင်ဆောက်
လုပ်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။
''လူဦးရေ ထူထပ်နေပြီး အိမ်ရာလိုအပ်ချက် များနေတဲ့ မြို့တော်တွေမှာတော့
ပြည်သူ့အိမ်ရာတွေကို အဓိကထား တည်ဆောက်သွားမှာဖြစ်ပါတယ်။ လက်ရှိ
နေပြည်တော်မှာ ပြည်သူ့အိမ်ရာတည်ဆောက်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းတွေပါ
စတင်ဆောင်ရွက်နေပါပြီ။ တခြားပြည်နယ်နဲ့ တိုင်းတွေရဲ့ မြို့တော်တွေမှာလည်း
ပြည်သူ့အိမ်ရာတွေ တည်ဆောက်သွားမှာပါ။ ဥပမာ ကရင်ပြည်နယ်ဆိုရင်
လွိုင်ကော်မြို့၊ ကယားပြည်နယ်ဆို ဘားအံမြို့ စတဲ့ နေထိုင်မှုများပြားပြီး အိမ်ရာ
လိုအပ်ချက်ရှိမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက မြို့နယ်တွေမှာလည်း
ဆောက်လုပ်သွားမှာပါ''ဟု ၄င်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက အဆောင်နေထိုင်သူ
များပြားသော ရန်ကုန်နှင့် မန္တလေးမြို့တွင် အငှားချအိမ်ရာများယခုနှစ်အတွင်း
စတင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး တစ်ခန်းလျှင် တစ်လ ကျပ်သုံးသောင်းဖြင့်
ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။
''လက်ရှိ အဆောင်နေနေရတဲ့ သူတွေအတွက် အဆင်ပြေပြေ နေထိုင်နိုင်စေဖို့
အဆောင်နေသူ များပြားတဲ့ မြို့နယ်တွေမှာ အငှားအိမ်ရာတွေကိုလည်း အမြန်ဆုံး
ဆောက်လုပ်ပေးသွားဖို့ အစိုးရနဲ့ လုပ်ငန်းရှင်တွေ ညှိနှိုင်းနေပါတယ်။ အဆောင်နေသူ
များပြားတဲ့ မြို့နယ်တွေကို ဦးစားပေးပြီး အငှားအိမ်ရာတွေကိုလည်း ဒီနှစ်အတွင်းမှာ
စတင် ဆောက်လုပ်သွားမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
















