အိမ်ခြံမြေတံဆိပ်ခေါင်းခွန် လေးရာခိုင်နှုန်းသာ ကောက်ခံတော့မည်

အိမ်ခြံမြေတံဆိပ်ခေါင်းခွန် လေးရာခိုင်နှုန်းသာ ကောက်ခံတော့မည်

အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့်သက်ဆိုင်သည့် တံဆိပ်
ခေါင်းခွန်နှုန်းထားကို လေးရာခိုင်နှုန်းသို့ လျှော့ချကောက်ခံတော့မည်ဟု ပြည်တွင်းအခွန်
ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်တွင်းရှိ အိမ်ခြံမြေရောင်းဝယ်မှုများသည် အခွန်ကောက်ခံမှုနှုန်းထားများကြောင့်
အရောင်းအဝယ်လေးလံနေသဖြင့် အခွန်နှုန်းထားများ ပြင်ဆင်မည်ဟု စိမံကိန်းနှင့်ဘဏ္ဍာ
ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မေ ၂ဝ ရက်က စီးပွားရေးလုပ်ငန်းရှင်များကို
ပြောကြားခဲ့သည်။

ယင်းသို့ပြောခဲ့ပြီးနောက် ယခု မေ ၃၁ ရက်တွင် တံဆိပ်ခေါင်းခွန်နှုန်းထားကို
လျှော့ချလိုက်သည့် အသိပေးကြေညာချက်တစ်ရပ်ကို ပြည်တွင်းအခွန်ဦးစီးဌာနက
ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

''အခွန်ထမ်းတွေအတွက် မှန်ကန်မျှတတဲ့အခွန်ဖြစ်ရမယ်၊ ထမ်းဆောင်နိုင်တဲ့အခွန်လည်း
ဖြစ်ရမယ်၊ နိုင်ငံတော်အတွက် တကယ်ကို အထောက်အပံ့ဖြစ်တဲ့ အခွန်ဖြစ်ရမယ်။
ပြန်လည်ပြင်ဆင်နိုင်တဲ့ အခွန်အခတွေအတွက် ပြန်လည်စဉ်းစားသွားပါမယ်။ ရွှေ၊
အိမ်ခြံမြေ ရောင်းဝယ်မှုနဲ့ တံဆိပ်ခေါင်းခွန်တွေကို ပြင်ဆင်ဖို့ စီစဉ်နေပါတယ်''ဟု
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မေ ၂ဝ ရက်က ပြုလုပ်သည့် လုပ်ငန်းရှင်များနှင့်
တွေ့ဆုံစဉ် ပြောခဲ့သည်။

လက်ရှိတွင် အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့်
သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်ကိုငါးရာခိုင်နှုန်းဖြင့် ကောက်ခံနေသည်။ သို့ရာတွင်
ယခုထုတ်ပြန်ချက်အရ တံဆိပ်ခေါင်းခွန်မှာ လေးရာခိုင်နှုန်းဖြင့်သာ ကျသင့်စေတော့မည်
ဖြစ်သည်။

ထို့အတွက် အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်း ပြုလုပ်မည့်
သူများသည် တံဆိပ်ခေါင်းခွန်ကို စနစ်တကျ လိုက်နာပေးဆောင်ရန်လည်း အသိပေး
ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး၏ ကတိပေးချက်အရ အခွန်ပြင်ဆင်မည့် နယ်ပယ်များ အနက် ယခု
တံဆိပ်ခေါင်းခွန်နှင့် ပတ်သက်သော အခွန်ပြင်ဆင်မှု ထွက်ပေါ်လာပြီဖြစ်သော်လည်း
ရွှေနှင့်အိမ်ခြံမြေရောင်းဝယ်မှုနှင့် သက်ဆိုင်သည့် အခွန်များ ကျန်ရှိနေဆဲဖြစ်သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်