တတိယကြိမ်မြောက် မြန်မာ အိမ်ခြံမြေဆုပေးပွဲ လကုန်တွင် ကျင်းပမည်

တတိယကြိမ်မြောက် မြန်မာ အိမ်ခြံမြေဆုပေးပွဲ လကုန်တွင် ကျင်းပမည်

အာရှ အိမ်ခြံမြေဆောက်လုပ်ရေးဆိုင်ရာ ဆုပေးပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည့် Property Guru
အဖွဲ့အစည်းမှ မြန်မာနိုင်ငံတွင်၌ တတိယအကြိမ်အဖြစ် မြန်မာအိမ်ခြံမြေဆုပေးပွဲကို လာမည့် ဇွန်
၃ဝ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယခုလ ၆ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ယခုနှစ်တွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဆိုင်ရာဆုပေါင်း ၁၈ မျိုးကိုပေးသွားမည်ဖြစ်ပြီး
ဆန်ခါတင်စာရင်းတွင် ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၁၂ ခု ပါရှိကြောင်း အာရှအိမ်ခြံ
မြေဆိုင်ရာ ဆုပေးပွဲ တည်ထောင်သူနှင့် ဦးဆောင်ညွှန်ကြားရေး မစ္စတာ တယ်ရီဘလက်ဘန်းက
ပြောသည်။

''ဒီနှစ်မြန်မာအိမ်ခြံမြေဆုပေးပွဲအတွက် ကုမ္ပဏီပေါင်း၂ဝ က ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေထဲက ဆန်ခါတင်ဝင်တဲ့ ကုမ္ပဏီတွေကို ရွေးချယ်ပြီး နောက်ဆုံးမှာ
ဆုရရှိတဲ့ကုမ္ပဏီတွေဟာ စင်ကာပူမှာကျင်းပမယ့် အာရှအိမ်ခြံမြေဆုပေးပွဲမှာ ဝင်ရောက်
ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ဆန်ခါတင်ဆုစာရင်းများတွင် The Central ဘက်စုံသုံး လူနေရပ်ဝန်း ဆောက်လုပ်ရေးလုပ်ငန်းကို
တာဝန်ယူထားသည့် Marga Landmark သည် ဆန်ခါတင်ဆုငါးခုစာရင်းဝင်ကာ ပထမနေရာတွင်
ပူးတွဲရပ်တည်လျက်ရှိသည်။

မြန်မာအိမ်ခြံမြေဆုပေးပွဲတွင် အဆောက်အအုံပတ်ဝန်းကျင် စီမံကိန်းအတွက် ဆုပေးသော
Best Universal Design Development (အကောင်းဆုံးဘုံဒီဇိုင်းဆု)လည်းပါဝင်ပြီး ယင်းဆု
အမျိုးအစားအတွက် Marga Landmark သည် ဆန်ခါတင်ဆု နှစ်ကြိမ်စာရင်းဝင်ခဲ့ဖူးသည့်
ဒဂုံကုမ္ပဏီလုပ် ငန်းစုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘက်စုံဆောက်လုပ်ရေးကုမ္ပဏီ Asia Myanmar Shining Star သည်လည်း ကန်သာယာ စင်တာ
စီမံကိန်းအတွက် Best Apartment Development (အကောင်းဆုံး ဝန်ဆောင်မှုပါတိုက်ခန်းဆု)
အပါအဝင် ဆုလေးခုအတွက် ဆန်ခါတင်စာရင်းဝင်လျက်ရှိသည်။

လာမည့် ဇွန် ၃ဝ ရက်တွင်ပြုလုပ်မည့် မြန်မာ အိမ်ခြံမြေဆုပေးပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်
တည်ဆောက်သူ၊ တည်ဆောက်မှုနှင့် ဒီဇိုင်းဟူသည့် အဓိက အခန်းကဏ္ဍ သုံးခုခွဲထားပြီး၊
ဆုအမျိုးအစား ၁၈ ဆုနှင့် အထူးဆုများအတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းစင်ကာပူအခြေစိုက်
Property Guru တာဝန်ရှိသူများက ပြောသည်။

''ဒီဆုပေးပွဲအတွက် ယှဉ်ပြိုင်သူတွေထဲက ရွေးချယ်မှုတွေကို ကမ္ဘာ့ပ ဉ္စမမြောက်အကြီးဆုံး
စာရင်းစစ်နဲ့ စာရင်းကိုင်ကုမ္ပဏီဖြစ်တဲ့ BDO ရဲ့ ကြီးကြပ်မှုတွေနဲ့ ခြောက်လအတွင်းမှာ
ဆန်ခါတင်စာရင်းကိုပြုလုပ်ပြီး Emerson Real Estate ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ
ရစ်ချတ်အီမာဆင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ကျွမ်းကျင်ပညာရှင်တွေအဖွဲ့က နောက်ဆုံး
အဆင့်ဆန်ခါတင်ကို ကြေညာပေးတာ ဖြစ်ပါတယ်''ဟု မစ္စတာတယ်ရီဘလက်ဘန်းက
ပြောသည်။

၂ဝ၁၇ ခုနှစ်၏ မြန်မာအိမ်ခြံမြေဆုပေးပွဲတွင် တစ်နှစ်အတွင်းအိမ်ခြံမြေဆိုင်ရာ ပုဂ္ဂိုလ်ဆုကို
ရွှေတောင်လုပ်ငန်းစုမှ အမှုဆောင်အရာရှိချုပ်ဦးအောင်ဇော်နိုင်ကို ရွေးချယ်ပေးအပ်သွားမည်
ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်