ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာပြဿနာ ဖြေရှင်းနိုင်မှု အားနည်းနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာပြဿနာ ဖြေရှင်းနိုင်မှု အားနည်းနေ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအမှုတွဲပေါင်း ထောင်ချီရှိနေသော်လည်း ဗဟိုအစိုးရအဆင့်
ရောက်ရှိသည့်အမှုတွဲမှာ ၅၉ တွဲသာရှိပြီး၊ ပြီးပြတ်သည်အထိဖြေရှင်းနိုင်သည့် အမှုတွဲမရှိသေးကြောင်း
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီအတွင်းရေးမှူး
ဦးသန်းမြင့်က ပြောသည်။

''ရန်ကုန်တိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေကို ကျွန်တော်တို့ ပြန်လည်စိစစ်ပြီး
နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ဗဟိုအစိုးရက ချမှတ်တာပါ။ အမှုပေါင်း ၅၉ မှုကို ပေးပို့ထားပါတယ်။
အဲဒီအမှုတွေထဲက ကျွန်တော်တို့ဆီပြန်ကျလာတဲ့ ပြီးပြတ်သွားတဲ့အမှုတော့ အခုထိ မရှိသေးပါဘူး''ဟု
၄င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံ လယ်ယာမြေပြဿနာများကို ဖြေရှင်းရန် တိုင်းဒေသကြီး
လယ်ယာမြေနှင့် အခြားမြေများ၊ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီကို ၂ဝ၁၆ ခုနှစ်၊
သြဂုတ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဇွန် ၁ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါကော်မတီ၏
သတင်းစာရှင်းလင်းပွဲအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအမှုတွဲပေါင်း ၁,၉ဝ၅ ခုရှိပြီး၊
တိုင်းအဆင့်တွင် အမှုတွဲပေါင်း ၃၃၇ ခုရှိသည်။

ရန်ကုန်မြို့တွင် သိမ်းဆည်းထားသည့် မြေများအနက် စည်ပင်သာယာရေးကော်မတီက သိမ်းဆည်း
ထားသည့်ပမာဏမှာ မြေဧက တစ်သိန်းကျော်ရှိသည်။ အမှုတွဲအားလုံး၏ မြေဧက စုစုပေါင်းကို
အတိအကျ မသိရှိရသော်လည်း တိုင်းဒေသကြီးအဆင့်ထိ အမှုတွဲ ၃၇၇ ခုအတွက်မြေဧကစုစုပေါင်း
၆,၅၉၄ ဧက ရှိသည်ဟုသာ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသည်။

မြေယာပြဿနာများကို ကော်မတီက ပြန်လည်ဖြေရှင်းရာတွင် မြေယာအစားထိုးပေးခြင်း၊ သို့မဟုတ်
လျော်ကြေးငွေပေးခြင်းဖြင့် ဖြေရှင်းသော်လည်း ပြန်လည်စိစစ်ရာတွင်မြေသိမ်းဥပဒေ၊ လုပ်ထုံး
လုပ်နည်းများဖြင့် သိမ်းခဲ့သည့်မြေများဖြစ်ပါက လျော်ကြေးငွေပေးရန် မလိုအပ်ကြောင်း သိရသည်။

''အမှုတွဲတွေကို ပြန်ရှင်းလင်းတဲ့အခါမှာ တင်ပြလာတဲ့အမှုတွဲက မြေသိမ်းဥပဒေနဲ့ ထိန်းသိမ်းခြင်း
ရှိ မရှိ၊ ရှိခဲ့တယ်ဆိုရင် လျော်ကြေးနဲ့ ပတ်သက်ပြီး မစဉ်းစားဘူး။ လုပ်ထုံးလုပ်နည်းနဲ့ သိမ်းထား
ခဲ့သလား၊ မသိမ်းထားခဲ့ဘူးလားဆိုတာ ပြန်စစ်ရတယ်''ဟု ဦးသန်းမြင့်က ပြောသည်။

လုပ်ထုံးလုပ်နည်းဖြင့် မြေယာသိမ်းဆည်းခြင်းမဟုတ်သည့်အတွက် နစ်နာမှုရှိပါက ကာလတန်ဖိုး
စိစစ်ရေးအဖွဲ့က သိမ်းယူခံခဲ့ရသည့်နှစ်နှင့် လက်ရှိကာလပေါက်စျေးကို ချိန်ညှိသတ်မှတ်ပေးသည့်
အတိုင်း လျော်ကြေးပေးလျော်သည်ဟု ၄င်းက ပြောသည်။

''အဲဒီတုန်းက လုပ်ထုံးလုပ်နည်းနဲ့ သိမ်းထားတာမဟုတ်ဘူးဆိုသာလျင် လယ်သမားနစ်နာခဲ့တယ်
ဆိုရင်သိမ်းခဲ့တဲ့နှစ်ကို ပြန်ကြည့်တယ်။ ဘယ်လောက်ပေါက်လဲချိန်ဆပြီး ကာလပေါက်စျေးဆိုတဲ့
တန်ဖိုး စိစစ်သတ်မှတ်ရေးက သတ်မှတ်ပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြတယ်။မြေဝယ်တဲ့
တန်ဖိုးရဲ့ ၁၂ ဆပေးတာမျိုး၊ ဥပမာ လန၊ ၃၉ နဲ့သိမ်းပြီးသားတွေ နစ်နာကျေးပေးတာ၊ သာကေတ
ဘက်မှာ တစ်ဧကကို ၂၅ သိန်းနဲ့ ပေးတာမျိုးတွေရှိခဲ့ပါတယ်''ဟု ဦးသန်းမြင့်က ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် စည်ပင်သာယာရေးကော်မတီက သိမ်းဆည်းခဲ့သည့် မြေယာများအတွက်
မြေယာလျော်ကြေးငွေပေးရမည့် ပမာဏမှကျပ်သိန်းပေါင်း ၁,၄၈ဝ ကျော် ရှိခဲ့ပြီး၊ အခြားဌာနများ၏
သိမ်းဆည်း မြေယာလျော်ကြေးငွေ လျာထားချက်ကိုမူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

''စည်ပင်အနေနဲ့ဆို ပြီးခဲ့တဲ့ နှစ်က သရက်ပင်ကျောင်းမှာသိန်း ၁,ဝဝဝ နီးပါးကျော် လျော်ဖို့
ရှိခဲ့ပါတယ်။ဒဂုံမြောက်မှာ သိန်း ၄၈ဝ လောက် လျော်ဖို့ ရှိခဲ့တယ်။မြေယာ လျော်ကြေးပေးတဲ့အခါမှာ
သက်ဆိုင်ရာဌာနတွေရဲ့ ဘတ်ဂျက်ကနေ လျော်ရတာဖြစ်တဲ့အတွက်အစိုးရက အားလုံးလျော်ကြေး
ပေးရတဲ့ စုစုပေါင်းတော့ ကျွန်တော်တို့ဆီမှာ အချက်အလက် မရှိပါဘူး''ဟုရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှူး ဦးသန်းလွင်ဦးက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်