အမရပူရ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း စတင်အကောင်အထည်ဖော်ရန်အတွက်
ပဏာမအနေဖြင့် မြေဧက ၂ဝ ကို ပုံစံ ၁ဝ၅ကူးယူခွင့့်ပြုထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အမရပူရ မြို့ပြစီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီက မြေဧကများစွာကို ဝယ်ယူ
ထားခြင်းဖြစ်သောကြောင့် လက်ရှိတွင် ကုမ္ပဏီရုံးခန်း အဆောက်အအုံတည်ဆောက်နိုင်ရန်
မြေဧက ၂ဝ ကို ပုံစံ ၁ဝ၅ ကူးယူခွင့်ပြုထားလိုက်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းအပြည့်အဝ
လုပ်ကိုင်ခွင့်ရရန်အတွက် အချက်အလက်ပြည့်စုံမှသာလျှင် ခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း
ဝန်ကြီးက မေလနောက်ဆုံးပတ်က ပြောသည်။
''စီမံကိန်းဆောင်ရွက်မယ့် မြေနေရာတွေက မြေခွန်ဆောင်ထားသလားဆိုတာကြည့်ရမယ်။
အခွန်အဆောင်ထားရုံနဲ့ မပြည့်စုံသေးပါဘူး။ လယ်ယာမြေတွေကို အခြားနည်းလုပ်ကိုင်ခွင့်
ရထားပြီလား။ ဒါတွေကို ပြည့်ပြည့်စုံစုံ တင်ပြရပါမယ်။ သူတို့က မြေဧကအများကြီးဝယ်ထား
တာဖြစ်တဲ့အတွက် လုပ်နိုင်အောင် မြေဧက ၂ဝ ကိုပဲ ပုံစံ ၁ဝ၅ ကူးခွင့်ပြုထားတာပါ။ အဲဒီ
အပေါ်မှာ ရုံးခန်းအဆောက်အအုံတွေ ဆက်လုပ်ဖို့ ခွင့်ပြုထားပါတယ်'' ဟု ဒေါက်တာ
ဇော်မြင့်မောင်က ပြောသည်။
အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို မန္တလေးမြို့၏ တောင်ဘက် အမရပူမြို့နယ်အတွင်းရှိ
ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်ရှိ မြေနုကျွန်းများ၊ ကိုင်းမြေများပေါ်တွင်ရေဝပ်နေရာများကို
မြေဖို့ကာ ဧက ၂,ဝဝဝကျော်ခန့်၌ Mandalay Business CapitalCity Development Ltd
က အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
လက်ရှိတွင် အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်
အပေါ် သက်ရောက်နိုင်မှုအခြေအနေများနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာ
(EMP Report Environment Management Plan) ကို တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားပြီး
ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ဆိုသည်။
စီမံကိန်းဆောင်ရွက်နိုင်ရန်အတွက်ကုမ္ပဏီက ပဏာမရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်ငွေဘီလျံ
၅ဝဝ ထည့်သွင်းသွားမည်ဖြစ်ပြီး လိုအပ်သည့် ငွေကြေးများကို ကုမ္ပဏီရှယ်ယာများ
ရောင်းချခြင်း၊ ဘဏ်ချေးငွေရယူခြင်းများဖြင့် ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကာ
စီမံကိန်းကာလကို ၁ဝ နှစ် သတ်မှတ်ထားသည်။
''စီမံကိန်းမှာပါဝင်တဲ့ မြို့ပတ်လမ်းကိုခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ပေးမယ်ဆိုပြီး
ကျွန်တော်တို့ ပြောထားတဲ့အတွက်အရင်ဆုံး အများပြည်သူ သွားလာရ လွယ်ကူစေဖို့
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စတင်လုပ်ပါမယ်။ အဆောက်အအုံ ဆောက်လုပ်ဖို့
အတွက်ကတော့ ဒီမိုးရာသီ အကုန်လောက်ကို မျှော်လင့်ထားပါတယ်။ ခွင့်ပြုထားတဲ့
နေရာက ရွှေလှံဗိုလ် ဘုန်းကြီးကျောင်းတောင်ဘက်က မြေနေရာကို ခွင့်ပြုပေးထားပါတယ်''
ဟု ကုမ္ပဏီမှ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဦးဇော်ရဲဝင်းက
ယခုလ ၄ ရက်တွင် ပြောသည်။
စီမံကိန်းတွင် ဟိုတယ်များ၊ ဆေးရုံများ၊ကျောင်းများ၊ ဆိပ်ကမ်းများ၊ စျေးဝယ်စင်တာများ၊
ပန်းခြံများ၊ တိုက်တန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများတွင် ဒေသခံများအား
ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ကာလိုအပ်သည့် ပညာရပ်ပိုင်းဆိုင်ရာများတွင်သာ နိုင်ငံခြား
သားများကို ထည့်သွင်းခန့်အပ်ထားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလအတွင်း
လူဦးရေ ၁ဝ,ဝဝဝ ခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး
တည်ဆောက်ရေးပြီးဆုံးချိန်တွင် အလုပ်ကိုင်အခွင့်အလမ်း ရဝ,ဝဝဝ ကျော်ဖန်တီးပေးနိုင်
မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။
စီမံကိန်းဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်
ကုမ္ပဏီတို့ကြား နှစ်ဦးသဘောတူနားလည်မှုစာချွန်လွှာရေးထိုးထားပြီး လက်ရှိတွင်စီမံကိန်း
အကောင်အထည်ဖော် ဆောင်ရွက်မည့် မြေနေရာရရှိရန် နည်းလမ်းသုံးသွယ်ဖြင့်
ဆောင်ရွက်လုပ်ကိုင်နေသည်။
မြေနေရာ ရောင်းချလိုခြင်းမရှိသည့်သူများအတွက် မြို့ပြဖွံ့ဖြိုးပြီးမြေကို အစားထိုးပေးရန်
အတွက် စီမံကိန်းအတွင်း ၁၅ ရာခိုင်နှုန်းကို အသုံးပြုရန် လျာထားကြောင်းစီမံကိန်း
အကောင်အထည်ဖော်လုပ်ကိုင်မည့် ကုမ္ပဏီဒါရိုက်တာ ဦးမောင်ဝိတ်က ယခုနှစ်
အစောပိုင်းက စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံနှင့်အရပ်ဘက် လူအဖွဲ့အစည်းများ
တွေ့ဆုံပွဲတွင် ပြောကြားထားသည်။















