တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများအတွက် ကနဦးပေးသွင်းရသော အိမ်ရာတန်ဖိုးငွေ ပမာဏကို
၃ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန် ဆွေးနွေးနေကြောင်း အိုးအိမ်နှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။
''တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူတွေအတွက် ကနဦး လက်ငင်းပေးသွင်းရတဲ့ ငွေပမာဏကို
လျှော့ချပေးနိုင်ဖို့ စတင်ဆွေးနွေးနေပါတယ်။ ၂ဝ ရာခိုင်နှုန်းထိ လျှော့ချတဲ့အပြင် နှစ်ရှည်ငွေချေး
ပေးနိုင်ဖို့ ဘဏ္ဍာငွေရဖို့ ကြိုးစားနေပါတယ်''ဟု ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိကာလတွင် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူ များအတွက် အရစ်ကျ ငွေပေးသွင်းချိန်ကို
၁ဝ နှစ်အထိသာ ပေးနိုင်သေးကြောင်း ၄င်းက ပြောသည်။
''ချေးငွေကာလကို သတ်တမ်း ပိုကြာကြာချေးနိုင်မှ လက်ငင်းပေးချေငွေကိုပါ လျှော့ချနိုင်မှာ
ဖြစ်ပါတယ်''ဟု ဦးဝင်းဇော်က ပြောသည်။
ထို့ပြင် မိသားစုအတွင်း ဝင်ငွေ တစ်လသုံးသိန်း ခန့်သာရရှိသော ဝင်ငွေနည်းသူများအတွက်
တစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ တန် တန်ဖိုးနည်း တိုက်ခန်းများကို ရောင်းချပေးနိုင်ရန်လည်း
ဆောင်ရွက် နေကြောင်း ဦးဝင်းဇော်က ပြောသည်။
အိမ်ပိုင်မရှိသူများနှင့် ကျူးကျော်နေထိုင်နေသူများ အိမ်ရာဝယ်ယူနိုင်စေရန်အတွက် ဘဏ်ချေးငွေများကို
နှစ်ရှည်ပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရက ဗဟိုဘဏ် နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ဗဟိုဘဏ်၏
ခွင့်ပြုချက်ရရှိပါက အိမ်ခန်းဝယ်ယူလိုသူများအတွက် အိမ်ရာချေးငွေကို နှစ်ရှည်ပေးနိုင်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့သော ဧပြီလက ကုန်သည်များနှင့် စက်မှုလက်မှု
အသင်းချုပ်၌ ပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောခဲ့သည်။
တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရန် တစ်လလျှင် တစ်သိန်းမှ နှစ်သိန်းကြား ပိုက်ဆံ ကြိုတင်စုဆောင်း
ရမည်ဖြစ်ပြီး ကနဦးပေးသွင်းငွေပမာဏနှင့် တူညီသော ကြိုတင်စုဆောင်းငွေရှိသည့် သူများကို
ဦးစားပေးကာ တန်ဖိုးနည်းအိမ်ရာများကို ရောင်းချပေးမည်ဖြစ်ကြောင်း ဦးဝင်းဇော်က ပြောသည်။
''အပေါင်ခံပစ္စည်းမယူဘဲ ဘဏ်ကနေ နှစ်ရှည် ချေးငွေပေးရမှာဖြစ်လို့ ဘဏ်နဲ့ ငွေချေးမယ့်သူအကြား
ယုံကြည်မှုတည်ဆောက်ထားဖို့ လိုပါတယ်။ တစ်လကို တစ်သိန်းကနေ နှစ်သိန်းကြားထိပဲ ငွေကြေး
စုဆောင်းရမှာဖြစ်လို့ သတ်မှတ်ထားတဲ့ အခွန်ဆောင်ရမယ့် ပမာဏဖြစ်တဲ့ လေးသိန်း၊ ငါးသိန်းထက်
နည်းလို့ အိမ်ဝယ်ရင်လည်း အခွန်ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
အိမ်ရာဝယ်ယူရန် ငွေကြေး ကြိုတင်စုဆောင်းသူ များသည် တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း
ရရှိမည်ဖြစ်သည်။
အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို အခြေခံလူတန်းစားများအတွက် အိမ်ရာကဏ္ဍ တိုးတက်စေရန် ရည်ရွယ်ကာ
ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မတည်ရင်းနှီးငွေ ကျပ်ဘီလျံ ၁ဝဝ
ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ရာဝယ်ယူလိုသူများကို ၁ဝ နှစ် အရစ်ကျအထိ
ချေးငွေပေးခြင်းအပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း
ချေးငွေများ ပေးထားပြီးဖြစ်ကြောင်း သိရသည်။
















