ကျူးကျော်များကို နေရာချထားပေးရန် ဧရိယာတစ်ခုကို ရွေးချယ် သတ်မှတ်ပေးမည်

ကျူးကျော်များကို နေရာချထားပေးရန် ဧရိယာတစ်ခုကို ရွေးချယ် သတ်မှတ်ပေးမည်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို နေရာချထားပေးရန် ဧရိယာတစ်ခုကို
ရွေးချယ်သတ်မှတ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောသည်။

''ကျူးကျော်ပြန်လည်နေရာချထားရေး အစီအစဉ်သစ် တစ်ရပ်အနေနဲ့ ဧရိယာတစ်ခုကို ရွေးချယ်
သတ်မှတ်ဖို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ခေတ်အဆက်ဆက် ကျူးကျော်
တွေနေတာနဲ့ ကြံုခဲ့ရတယ်။ရန်ကုန်မြို့ကြီးက တစ်ချိန်က ရွှေတိဂုံဘုရားဝန်းကျင်ကလည်း
ကျူးကျော်တွေပဲဖြစ်ပါတယ်။ ဒီကနေ တဖြည်းဖြည်း နေရာချထားပေးမှုတွေမှာ စနစ်တကျမရှိတဲ့
အတွက် အခက်အခဲတွေ ခံစားခဲ့ရတဲ့ ပြည်သူတွေလည်း များစွာရှိခဲ့ပါတယ်။ အဲဒါကြောင့်
ကျူးကျော်တွေကို စနစ်တကျ နေရာချထားပေးဖို့ ကြိုးစားနေပါတယ်''ဟု ဇွန် ၉ ရက်ကပြုလုပ်သော
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အစိုးရသက်တမ်း တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ကျူးကျော်နေထိုင်သူများကို စနစ်တကျ နေရာချထားပေးရန် ဆောင်ရွက်မည်ဖြစ်သော်လည်း
အမှန်တကယ် ကျူးကျော်နေထိုင်သူများကိုသာ နေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး လိမ်လည်လျှောက်
ထားသူများကို စိစစ်အရေးယူမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ကျူးကျော်မဟုတ်ဘဲ အစိုးရကို လိမ်လည်ပြောဆိုနေတာတွေကို ပြန်လည်စိစစ်ပါမယ်။ ဒါပေမဲ့
ကျူးကျော်တွေကို စနစ်တကျပြန်လည်နေရာချထားပေးဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျူးကျော်တွေ
အတွက် စနစ်တကျ စာရင်းကောက်နေပါတယ်။ လိမ်လည်ပြီး ကျူုးကျော်လို့ လုပ်လို့မရပါဘူး။
နည်းပညာကိုသုံးပြီး သေချာစိစစ်နေပါတယ်''ဟု ၄င်းက ပြောသည်။

လက်ရှိကောက်ယူရရှိသော စာရင်းဇယားများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ
ဦးရေ လေးသိန်းကျော်ခန့်ရှိနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

''ကျူးကျော်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သုံးသိန်းကျော်လောက်ပဲရှိဖို့ မျှော်လင့်ထားပေမဲ့
တကယ်တမ်း စာရင်းဇယားတွေအရ လေးသိန်းကျော်တောင် ရှိနေတယ်။ အဲဒီအရေအတွက်က
တကယ့်အစစ်အမှန်အရေအတွက် ဟုတ်၊ မဟုတ် စိစစ်ပြီး နေရာချထားပေးဖို့ ဆောင်ရွက်ပါ့မယ်''ဟု
၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံထားရသော လယ်ယာမြေများကိုလည်း
ပြန်လည်ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''အားလုံးက မျှော်မှန်းသလို လယ်ယာမြေတွေ ပြန်လည်ရရှိဖို့လည်း ဆောင်ရွက်ပေးမှာပါ။ ဒါပေမဲ့
သေသေချာချာ စိစစ်ပြီးမှ ဖြစ်မှာပါ။ အချိန်ယူပြီး သေသေချာချာစိစစ်ရဦးမှာပါ။ တချို့နေရာတွေမှာ
လယ်ဧက ၄ဝဝ လောက်ကို လျှောက်ထားသူလယ်သမားဦးရေက ၁,ဝဝဝ ကျော်လောက်
ရှိနေပါတယ်''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်