လူဦးရေ ငါးသန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့မှာ စွန့်ပစ်အမှိုက်တွေက တစ်နှစ်ထက်တစ်နှစ်
များပြားလို့လာပါတယ်။
ကိုလိုနီခေတ်ကတည်းက ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ ရန်ကုန်မြို့ပြပုံစံဟာ လူဦးရေ ခြောက်သောင်း
လောက် အတွက်နဲ့ စတင်ခဲ့ပေမဲ့ ခေတ်အခြေအနေတွေ ပြောင်းလဲလာပြီးနောက် ရန်ကုန်ဟာ
မြို့သစ်များစွာကိုတိုးချဲ့ခဲ့ရပြီး ကြီးမားလာပါတယ်။
စတုရန်းမိုင် ၃ဝ၆ မိုင်အကျယ်အဝန်းရှိတဲ့ ရန်ကုန်မြို့ကြီးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
နယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ၃၃ မြို့နယ် ရှိပါတယ်။
အဲဒီမြို့နယ်တွေက နေ့စဉ် စွန့်ပစ်အမှိုက်ဟာ တစ်နေ့ကို တန်ချိန် ၂,၈ဝဝ ခန့်ရှိပြီး စက်မှုဇုန်တွေက
ထွက်လာတဲ့ အမှိုက်တွေပါ ထည့်တွက်မယ်ဆို တန်ချိန် ၃,ဝဝဝ နီးပါးထိ ရှိပါတယ်။
ဒီအမှိုက်တွေကို နေ့စဉ်သိမ်းဆည်းမှုဝန်ဆောင်မှုကို လုပ်ဆောင်ရတာကတော့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနကပဲ ဖြစ်ပါတယ်။
စည်ပင်သာယာယာရေးကော်မတီက ရန်ကုန်မြို့က အမှိုက်တွေ ရှင်းလင်းသိမ်းဆည်းဖို့အတွက် လမ်း၊
ရပ်ကွက်တွေမှာ နေ့စား သန့်ရှင်းရေးဝန်ထမ်း ၄,ဝဝဝ ခန့်နဲ့ အမှိုက်ကန်၊ အမှိုက်ပုံးတွေအပြင်
အသစ်ဝယ်ယူထားတဲ့ အမှိုက်သိမ်းကားတွေနဲ့ ဝန်ဆောင်မှုပေးလျက်ရှိပေမဲ့ ရန်ကုန်မြို့
လမ်းမပေါ်တွေ၊ ချောင်းတွေ မြောင်းတွေထဲမှာတော့ အမှိုက်တွေက ရှိနေတုန်းပါ။

အထူးသဖြင့် ဒီအမှိုက်တွေဟာ မိုးရာသီမှာဆို ချောင်းတွေ၊ မြောင်းတွေရဲ့ ရေစီးဆင်းမှုကို
ပိတ်ဆို့စေမှုကြောင့် ရေကြီးရေလျှံရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်နေပါတယ်။
ဒီလိုချောင်းတွေ၊ မြောင်းတွေနဲ့၊ နောက်ဖေး လမ်းကြားတွေနဲ့ လမ်းမတွေပေါ်မှာ အမှိုက်တွေ
ပြည့်နှက်နေတဲ့ ရန်ကုန်မြို့ကို အရင်ထက် သန့်ရှင်းလာအောင်၊ အမှိုက်တွေကြောင့် ရေကြီးရေလျှံမှု
လျော့နည်းအောင် အင်န်အယ်လ်ဒီ အစိုးရလက်ထက် လက်ရှိတာဝန်ယူထားတဲ့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီက ဦးစားပေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကတည်းက စည်ပင်သာယာရေး ကော်မတီရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာနအပါအဝင်၊ (အင်ဂျင်နီယာ) လမ်း တံတားဌာနတို့က ရန်ကုန်မြို့က ချောင်းကြီး၊
မြောင်းကြီးတွေမှာ ခရိုင်တစ်ခုဆီကို လူအင်းအား ၁ဝဝ နဲ့ အမှိုက်ဆယ်ယူရေးတွေ၊
မြောင်းသန့်ရှင်းရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
''ကျွန်တော်တို့တစ်တွေ ဧပြီလကတည်းက မိုးမကျခင် ရေစီး၊ ရေလာကောင်းမွန်ဖို့အတွက်
စီမံချက်ချပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒီစီမံချက်မှာ အဓိက ချောင်းကြီးတွေ၊ မြောင်းကြီးတွေကို
ရှင်းလင်း၊ တူးဖော်ဖို့အတွက် ခရိုင်တစ်ခုမှာ သန့်ရှင်းရေး အစုအဖွဲ့အင်အား ၁ဝဝ နဲ့
ဆောင်ရွက်နေပါတယ်။ အဲဒီ ပင်မချောင်းတွေ၊ မြောင်းတွေထဲမှာ အမှိုက်တွေက အများဆုံး
ဖြစ်နေပါတယ်''ဟု ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းဌာနက လက်ထောက်ဌာနမှူး
ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

မိုးရာသီ မရောက်ခင်ကတည်းက စည်ပင်သာယာရေးကော်မတီက ရှင်းလင်းထားပေမဲ့လည်း
ပြီးခဲ့တဲ့ ဇွန် ၄ ရက်က မိုးရေချိန်မြင့် ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရန်ကုန်မြို့အနှံ့အပြားမှာ
ရေတွေကြီးခဲ့ပေမဲ့ ၄၅ မိနစ်အတွင်းတွင် ပြန်လည်ကျဆင်းသွားခဲ့တယ်လို့ ဦးဇော်ဝင်းနိုင်က
ဆိုပါတယ်။
''မိုးမကျမီကာလမှာ ရေစီးရေလာကောင်းမွန်အောင် ချောင်းတွေ၊ မြောင်းတွေကို ရှင်းလင်း
ဆောင်ရွက်ထားလို့ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးများပြီး ရေလျှံခဲ့တယ်၊ ဒါပေမဲ့ အချိန်တိုအတွင်းမှာ
တချို့မြို့နယ်တွေမှာ ပြန်ဆင်းသွားတယ်။ ဒီလိုဆင်းသွားတာ ကြိုတင်ရှင်းလင်းထားလို့ပါ''လို့
၄င်းက ပြောပါတယ်။
ဒါပေမဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ရှိနေသရွေ့ ချောင်း၊ မြောင်းတွေပိတ်ဆို့မှုတွေရှိနေဦး
မှာဖြစ်ပြီး ရေကြီးမှုတွေကလည်း ကြံုနေရဦးမှာမို့ ပြည်သူတွေအနေနဲ့လည်း အမှိုက်တွေကို
စနစ်တကျ အမှိုက်ပုံးထဲကို စွန့်ပစ်ဖို့ အသိတွေ ပိုလိုအပ်သလို စည်ပင်အနေနဲ့လည်း ပြည်သူ
ပညာပေးတွေ ဒီထက်ပိုလုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ပြည်သူတွေအတွက် စည်ပင်သာယာရဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုထဲမှာ အမှိုက်ပုံးအတွင်း
စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကိုသာ သိမ်းဆည်းရှင်းလင်းရတဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုအတွက်
ပေးဆောင်ရတဲ့ အခဟာ မြို့လယ် ခြောက်မြို့နယ်အတွက် တစ်ရက်ကို ကျပ် ၂ဝ နဲ့
အခြားမြို့နယ်တွေအတွက် တစ်ရက်ကို ကျပ် ၁ဝ မှ ၁၅ ကျပ်အထိသာ ရှိပါတယ်။
ပြည်သူတွေဘက်ကလည်း မြို့နယ်၊ ရပ်ကွက်တွေမှာ ထားရှိတဲ့ အမှိုက်ပုံးအရေအတွက်
မလုံလောက်မှုတွေ ကြောင့် အမှိုက်စွန့်ပစ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်လို့လည်း
အမြဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
''ကျွန်မတို့လမ်းဆို အမှိုက်ပုံးက တစ်ပုံးပဲရှိတယ်၊ ပြီးတော့ သေးတယ်၊ အဲဒါကြောင့် အမှိုက်
ပစ်ရတာ အဆင်မပြေဘူး၊ ခဏလေးနဲ့ ပြည့်တယ်။ ခဏလေးနဲ့ပြည့်တော့ အပြင်တွေမှာ လျှံနေပြီး
အမှိုက်တွေ ပိုပွတယ်''ဟု ကန်တော်လေးရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စည်ပင်သာယာရေးကော်မတီကတော့ သက်ဆိုင်ရာ ဌာနတွေကနေ အမှိုက်ပုံးတွေကို လိုသလောက်
ထုတ်ပေးနိုင်ပေမဲ့ တကယ်တမ်း အမှိုက်ပုံးထားစရာ နေရာမရှိတဲ့ ပြဿနာ၊ အချိန်ပြည့် အမှိုက်စွန့်ပစ်တဲ့
ပြဿနာတွေကို တွေ့ကြံုရတယ်လို့ ဦးဇော်ဝင်းက ဆိုပါတယ်။
''ကျွန်တော်တို့ မြို့နယ်တာဝန်ခံတွေဆီကနေ လိုသလောက် ချပေးပေမဲ့ ကိုယ့်အိမ်ရှေ့၊ ကိုယ့်ဆိုင်ရှေ့
အမှိုက်ပုံးထားလို့မရတဲ့ ပြဿနာတွေကြောင့်လည်း အမှိုက်ပုံးပြန်သိမ်းလိုက်ရတဲ့ အခြေအနေတွေလည်း
ရှိပါတယ်။ နောက်ပြီး ရန်ကုန်မှာ ကြံုတွေ့နေရတာက တစ်နေကုန် အမှိုက်ပစ်ကြတယ်၊ သူများနိုင်ငံ
တွေဆို သူ့နေ့အလိုက်၊ သူ့အချိန်လိုက်ပဲ ပစ်ရတယ်။ အဲဒီအမှိုက်က မီးဖိုချောင်အမှိုက်ကိုပဲ
ပစ်ရတယ်''လို့ ၄င်းက ပြောပါတယ်။
ရန်ကုန်မြို့က အမှိုက်ပုံးထဲ အမှိုက်စွန့်ပစ်တဲ့သူတွေ ကတော့ မီးဖိုချောင်သုံးအမှိုက်တင် မကဘဲ
အိမ်တွင်း ပရိဘောဂ စွန့်ပစ်ပစ္စည်းတွေကအစ သစ်ကိုင်းအကျိုးအပဲ့တွေထိ စွန့်ပစ်တယ်လို့
သူကဆိုပါတယ်။
''အမှန်ဆို ကျွန်တော်တို့ သန့်ရှင်းရေးဝန်ဆောင်ခ ဆိုပြီး ကောက်ခံနေတာက
မီးဖိုချောင်အမှိုက်သိမ်းဖို့ အတွက်ပါပဲ။ ကျန်တဲ့ စွန့်ပစ်ပစ္စည်းတွေအတွက်က ဝန်ဆောင်ခ
သပ်သပ်ယူပြီး သီးသန့်သိမ်းပါတယ်။ ကိုယ့်အိမ်က အိမ်တွင်း အခြားစွန့်ပစ်စရာရှိရင် မြို့နယ်ကို
အကြောင်းကြားပြီး သိမ်းခိုင်းလို့ ရပါတယ်။ လှည်းတစ်စီးစာဆို ၂,၅ဝဝ ကျပ် ယူပါတယ်။ တစ်တန်ကျော်
စွန့်ပစ်ပစ္စည်းဆို သုံးသောင်းခွဲ၊ ခုနစ်သောင်း၊ တစ်သိန်းခွဲထိ ဝန်ဆောင်ခပေးပြီး စွန့်ပစ်လို့
ရပါတယ်''လို့ ဦးဇော်ဝင်းနိုင်က ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့နယ်တွေထဲက လှိုင်သာယာမြို့နယ်ကတော့ အမှိုက်အများဆုံးထွက်တဲ့
မြို့တစ်မြို့ဖြစ်ပြီး တစ်နေ့ကို အမှိုက်တန်ချိန် ၂၂၆ တန် ထွက်ရှိတယ်လို့ ဌာနရဲ့စာရင်းတွေအရ
သိရပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်မှာတော့ ရန်ကုန်မြို့ရဲ့ တစ်နှစ်စာ အမှိုက်ထွက်ပေါ်မှုက တန်ချိန်
ခုနစ်သိန်းကျော်ပြီး၊ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ရှစ်သိန်းကျော်ရှိတဲ့အတွက်
တစ်သိန်းကျော် ပိုများလာပါတယ်။
ယခု ဘဏ္ဍာနှစ်မှာတော့ လက်ရှိစည်ပင်သာယာရေးကော်မတီက နောက်ဖေးလမ်းကြား
အမှိုက်စွန့်ပစ်တာတွေကို ရပ်ဖို့နဲ့ ပြန်လည်သိမ်းဆည်းပြီး သန့်ရှင်းအောင် ပြုလုပ်မှုတွေကို ရှေ့ပြေး
စီမံကိန်း အနေနဲ့ မြို့ထဲက လမ်းသွယ်တွေမှာ လုပ်ဆောင်တာ အောင်မြင်မှု အတိုင်းအတာတစ်ခုထိ
ရရှိတယ်လို့ ဆိုရပါတယ်။
ဒါပေမဲ့လည်း ကျန်သေးတဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာ မိုးရာသီ လေးလအတွင်းမှာတော့
မြောင်းတွေမှာ အမှိုက်ပိတ်ဆို့မှုတွေ၊ အမှိုက်ပိတ်ဆို့မှုတွေကြောင့် ရေကြီးတာတွေကို ရှိနေဦးမလား၊
သက်သာမလားကတော့ ဒီနှစ်မိုးရာသီနဲ့ အမှိုက်စွန့်ပစ်မှု၊ သိမ်းဆည်းမှုအခြေအနေတွေကို စောင့်ကြည့်
ရမှာဖြစ်ပါတယ်။
















