အိမ်ခြံမြေဝယ်ရောင်းစျေးကွက် ပြန်လည်လှုပ်ခတ်နိုင်ခြေ များစွာနည်းပါးနေဆဲ

အိမ်ခြံမြေဝယ်ရောင်းစျေးကွက် ပြန်လည်လှုပ်ခတ်နိုင်ခြေ များစွာနည်းပါးနေဆဲ

မန္တလေးမြို့ အိမ်ခြံမြေစျေးကွက်မှာ အကျိုးအမြတ်အတွက် အဓိက ရည်ရွယ်အလုပ်လုပ်
ကြလေ့ရှိတဲ့ အိမ်ခြံမြေ ဝယ်ရောင်းစျေးကွက် ပြန်လည်လှုပ်ခတ်နိုင်ခြေဟာ များစွာနည်းပါး
နေဆဲဖြစ်ပြီး အမှန်တကယ် လိုအပ်ချက်အတွက် ဝယ်ယူရောင်းချခြင်းများကိုသာ အများဆုံး
အားထား အလုပ်လုပ်ရဖွယ်ရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ကြ
ပါတယ်။

အခြေချနေထိုင်ဖို့အတွက် မဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုက်သင့်တဲ့
အကျိုးအမြတ်ရရှိရင် ပြန်ရောင်းချဖို့ စိတ်ကူးနဲ့ ဝယ်ယူကြလေ့ရှိတဲ့ အိမ်ခြံမြေဝယ်ရောင်း
စျေးကွက်ဟာ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ် ကာလဝန်းကျင်နဲ့ ၂ဝ၁ဝ ပြည့်နှစ် ကာလဝန်းကျင်တို့မှာ
အများကြီး အလုပ်လုပ်လို့ ကောင်းမွန်ခဲ့ပြီး ခြေသွက် လက်သွက် အလုပ်လုပ်တတ်ခဲ့သူ
တွေ၊ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့အလုပ်လုပ်ခဲ့သူတွေ အကျိုးအမြတ်ကောင်းကောင်း
ရပြီး ဘဝအခြေအနေ ပြောင်းလဲသွားခဲ့တဲ့ ကာလတွေလို့လည်း ပြောလို့ရပါတယ်။

ဒါပေမဲ့ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းလောက်ကစတင်ပြီး လက်ရှိအချိန်အထိ အိမ်ခြံမြေ
စျေးကွက်က အရောင်းအဝယ် ငြိမ်သက်သွားခဲ့တာမှာ အထူးသဖြင့် ၂ဝ၁၁ ခုနှစ်ဝန်းကျင်မှာ
စျေးနှုန်းအမြင့်တန်းနဲ့ ဝယ်ထားမိသူတွေအနေနဲ့ စျေးကွက်အေးသွားတဲ့ဒဏ်ကို အများဆုံး
ခံစားနေရပါတယ်။ အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ငြိမ်တာဟာအခုလို ကြာရှည်နေ
ပေမဲ့ စျေးကွက်ပြန်သွက်လက်ဖို့ ဆိုတာကတော့ အခုအချိန်အထိ မှန်းဆဖို့ ခက်ခဲနေဆဲ
ဖြစ်တယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

ဝယ်ရောင်းစျေးကွက်ငြိမ်နေပြီး အမှန်တကယ်လိုအပ်ချက်အရ ရောင်းဝယ်ခြင်းကိုသာ
အားထားနေရတာ၊ အငှားစျေးကွက်ကိုသာ အားထားနေရတာတွေရဲ့ အကြောင်းရင်း
ကတော့ တစ်ခုမကရှိနေတယ်လို့လည်း အကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။ ၂ဝ၁၁
ခုနှစ်နောက်ပိုင်းမှာ အရောင်းအဝယ်ငြိမ်သက်သွားခြင်းရဲ့ အကြောင်းအရင်းတွေထဲမှာ
အဲဒီကာလတုန်းက အိမ်မြေစျေးနှုန်းတွေဟာ ကာလတိုအတွင်း အဆခပ်များများထိုးတက်
သွားတာက အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အိမ်မြေ အရောင်းအဝယ်တော်ရုံနဲ့
နာလန်ပြန်မထူနိုင် ဖြစ်နေတဲ့အချိန်မှာ အခွန်နှုန်းထားအပြောင်းအလဲက လက်ရှိကာလ
အထိ ရိုက်ခတ်မှု ရှိသွားပါတယ်။

အိမ်ခြံမြေဝယ်ရောင်းစျေးကွက် အချိန်တိုအတွင်း ပြန်သွက်လက်ဖို့ မျှော်လင့်ဖို့ ခက်ခဲပေမဲ့
အိမ်ခြံမြေကဏ္ဍဟာ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ်ရှိနေတာကြောင့် တခြားစီးပွားရေး
ကဏ္ဍတွေ လည်ပတ်မှုအားကောင်းလာတာနဲ့အမျှ ပိုလျှံလာတဲ့ ငွေအားဟာ အိမ်ခြံမြေ
ကဏ္ဍဘက်ကို ပြန်စီးဝင်လာမယ်လို့ မျှော်လင့်ကြပါတယ်။ လတ်တလောမှာတော့
ကျပ်သိန်းရာဂဏန်းနဲ့ ထောင်ဂဏန်းတန်းမှာရှိတဲ့ အိမ်ခြံမြေတွေကိုသာ လိုအပ်ချက်အရ
စိတ်ဝင်စားမှုများပြားနေပြီး စျေးနှုန်းအနိမ့်တန်းတွေကအပြောင်းအလဲရှိကာ အနည်းငယ်
ကျဆင်းမှုရှိပါတယ်။ အကွက်အကွင်းကောင်းတဲ့နေရာတွေက ခေါ်စျေးများနေဆဲဖြစ်ပြီး
စျေးအမြင့်တန်းတွေက အရောင်းအဝယ် ပိုအေးစက်နေဖို့များတယ်လို့ အကျိုးဆောင်
အများစုက သုံးသပ်ကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်