အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့်သက်ဆိုင်သော တံဆိပ်
ခေါင်းခွန်နှုန်းထားကို ပြီးခဲ့သော မေ ၃ဝ ရက်မှ စတင်၍ လျှော့ချလိုက်ကြောင်း ပြည်တွင်း
အခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်သော်လည်း အိမ်ခြံမြေစျေးကွက်အရောင်း
အဝယ် ပိုမိုသွက်လက်ရန်အတွက်မူ ရောင်းဝယ်ခွန်နှင့် အိမ်မြေရာပြတ်တန်ဖိုးနှုန်းထား
များကို အဓိက ပြင်ဆင်ရန်လိုအပ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောသည်။
ပြီးခဲ့သော ၂ဝ၁၄ ခုနှစ် မတ်လကုန်မှစတင်၍ တံဆိပ်ခေါင်းခွန်နှုန်းထားကို ခုနစ်ရာခိုင်နှုန်း
မှ ငါးရာခိုင်နှုန်းသို့ လျှော့ချခဲ့ရာမှယခုအခါ လေးရာခိုင်နှုန်းသို့ ထပ်မံလျှော့ချခဲ့ခြင်းဖြစ်သော်
လည်း နှစ်ကာလကြာရှည်စွာ အေးစက်နေသော အိမ်မြေအရောင်းအဝယ်စျေးကွက်
အတွက် ရောင်းဝယ်ခွန်နှုန်းထားနှင့် အိမ်မြေရာပြတ်တန်ဖိုးနှုန်းထားများကို လျှော့ချရန်မှာ
ပိုမိုအရေးပါနေကြောင်း မန္တလေးမြို့ရှိ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ
ဦးဝဏ္ဏစိုးက ပြောသည်။
''တံဆိပ်ခေါင်းခွန် တစ်ရာခိုင်နှုန်း လျှော့ချတာက အိမ်မြေစျေးကွက်အတွက် မထူးခြားနိုင်
သေးပါဘူး။ ဖြစ်သင့်တာက ရောင်းဝယ်ခွန်နဲ့ ရာပြတ်တန်ဖိုးကို လျှော့ချမှပဲ အခွန်ထမ်း
ပြည်သူတွေ အိမ်မြေရောင်းဝယ်ရာမှာ အမည်ပေါက်ပြောင်းတာ များလာမယ်။ ပြီးတော့
မန္တလေးမှာ အိမ်မြေရောင်းဝယ်ရာမှာ အခွန်ဆောင်ဖို့အတွက် သတ်မှတ်ထားတဲ့
အိမ်မြေရာပြတ်တန်ဖိုးတွေက စျေးကွက်ထဲက အမှန်တကယ် လက်တွေ့ပေါက်စျေးထက်
များနေတာတွေ ရှိပါတယ်။ ဒါတွေကို သုံးသပ်တဲ့အဆင့် မဟုတ်တော့ဘဲ လျှော့ကို
လျှော့ချရမှာပါ။ အဲဒီလိုလုပ်ဆောင်ခြင်းကလည်း ကောင်းတဲ့ဘက်ကို ဦးတည်ပေးတဲ့
လုပ်ဆောင်မှုဖြစ်မှာပါ''ဟု ဦးဝဏ္ဏစိုးက ယခုလ ၉ ရက်တွင်ပြောသည်။
အခွန်နှုန်းထား တိုးမြှင့်ထားပါက အိမ်မြေစျေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်မည်ဟု
တွေးဆမှုရှိနိုင်သော်လည်း စျေးကွက်တွင်အရောင်းအဝယ် ထိုင်းသွားပြီး ငွေစီးဆင်း
လည်ပတ်မှုမရှိဘဲ ငွေသေဖြစ်သွားကြောင်း၊ အိမ်ခြံမြေကဏ္ဍမှာ အခြားကဏ္ဍများနှင့်လည်း
ချိတ်ဆက်မှုရှိရာ စီးပွားရေးလည်ပတ်မှုကိုပါ နှေးကွေးစေနိုင်ကြောင်းနှင့် အသေးစားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများ အားကောင်းစေမှုကိုပါ ရိုက်ခတ်မှုရှိနိုင်ကြောင်း
ပြောသည်။
မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်ဦးအောင်ဝင်းက အိမ်ခြံမြေစျေးကွက်မှာ ၂ဝ၁၁ ခုနှစ်
နောက်ပိုင်းမှစတင်၍ အရောင်းအဝယ် သိသာစွာ နှေးကွေးခဲ့ကြောင်း၊ ၂ဝ၁၆ခုနှစ်၊ ဧပြီလမှ
စတင်သည့် အခွန်အကောက်ဥပဒေသစ်နောက်ပိုင်းတွင် တန်ဖိုးမြင့်အိမ်မြေများ၏
အခွန်နှုန်းမှာ ပိုမိုသိသာစွာမြင့်တက်ခဲ့ကြောင်း ပြောသည်။
''အခွန်နှုန်း မြင့်သွားတော့ တန်ဖိုးမြင့်တဲ့အကွက်အကွင်းတွေ အရောင်းအဝယ်ပိုနှေးပါ
တယ်။ မြို့တွင်းစျေးကွက်မှာဆို အငှားစျေးကွက်ကို ပိုအားထား အလုပ်လုပ်နေကြရတယ်။
အိမ်မြေစျေးနှုန်းတွေကတော့ နေရာကောင်းရင် အပြောင်းအလဲက သိပ်မရှိဘဲ စျေးနှုန်းတွေ
မာပါတယ်။ ငွေလိုတဲ့သူတွေ၊ နေရာအကွက်အကွင်း သိပ်မလှတဲ့ တချို့အိမ်မြေတွေ
လောက်သာ စျေးနှုန်းအပြောင်းအလဲရှိတယ်'' ဟု ဦးအောင်ဝင်းက ယခုလ ၉ ရက်တွင်
ပြောသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စီးပွားရေးလုပ်ငန်း
ရှင်များနှင့်တွေ့ဆုံရာတွင် ပြည်တွင်းရှိ အိမ်ခြံမြေ ရောင်းဝယ်မှုများသည် အခွန်ကောက်ခံမှု
နှုန်းထားများကြောင့် အရောင်းအဝယ်လေးလံနေသဖြင့်အခွန်နှုန်းထားများ ပြင်ဆင်မည်
ဖြစ်ကြောင်း ပြီးခဲ့သော မေ ၂ဝ ရက်က ပြောကြားထားသည်။
လက်ရှိ အခွန်နှုန်းထားသတ်မှတ်ချက်များ မတိုင်မီက အိမ်မြေရောင်းဝယ်ရာတွင် ဝင်ငွေခွန်
နှုန်းထား (ရောင်းဝယ်ခွန်နှုန်းထား) ကို အိမ်မြေတန်ဖိုး ကျပ်သိန်း ၁,ဝဝဝ အထိသုံး
ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ မှ ကျပ်သိန်း ၅,ဝဝဝ အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်း
၅,ဝဝဝ မှ ကျပ်သိန်း ၁ဝ,ဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝဝ မှ ကျပ်သိန်း
၁၅,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,ဝဝဝ နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်းပေး
ဆောင်စေခဲ့သည်။ လက်ရှိနှုန်းထားအရ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက ကျပ်သိန်း
၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊
ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားရာ နှိုင်းယှဉ်
ကြည့်ပါက ယခင်နှုန်းထားမှာ များစွာလုပ်သာကိုင်သာရှိကြောင်း အိမ်မြေအကျိုးဆောင်
အချို့က ပြောသည်။
အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်ပေးဆောင်ရာ၌ ကျင့်သုံးရန် အိမ်ခြံမြေများ၏သတ်မှတ်
ရာပြတ်တန်ဖိုးများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ အတည်ပြုချက်ဖြင့်နှစ်စဉ်
ထုတ်ပြန်ပေးလေ့ရှိရာ ၂ဝ၁၆–၁၇ဘဏ္ဍာနှစ်အတွက် သတ်မှတ်စံနှုန်းများကိုပြီးခဲ့သော
၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလကုန်က နောက်ဆုံး ထုတ်ပြန်ထားသည်။ ၄င်းတွင်စျေးနှုန်း
အမြင့်ဆုံးမှာ မြို့သစ် (၁) ဧရိယာအတွင်း သိပ္ပံလမ်းမပေါ်၊ လမ်း ၆ဝ မှမင်္ဂလာမန္တလေး
အနောက်ဘက် ရေနီမြောင်းအထိဖြစ်ကာ တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁၈,၉ဝဝ မှ
ကျပ်သန်းပေါင်း ၁၉,၈ဝဝအတွင်း စျေးနှုန်းသတ်မှတ်ချက်ရှိနေသည်။
















