ရန်ကုန်မြို့တော် ပိုမိုဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားသား ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်စေရန်
လူသွားစင်္ကြံများ၊ ရေကြောင်းလမ်းနှင့် မီးရထားသွားလာရေးစနစ် သုံးမျိုးကို အဓိကထား ပြင်ဆင်
သင့်ကြောင်း ကနေဒါအခြေစိုက် B+H မြို့ပြဖွံ့ဖြိုးရေးနှင့် ဗိသုကာပညာဆိုင်ရာ အကြံပေးကုမ္ပဏီ၏
ကမ္ဘာလုံးဆိုင်ရာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌဖြစ်သူ မစ္စတာ ရောဘတ်မာရှယ်လ်က ပြောသည်။
ရန်ကုန်မြို့တွင် ၁ဝ စုနှစ်တစ်စုအတွင်း အထပ်မြင့်တိုက်များ သိသိသာသာ တိုးတက်လာခဲ့ပြီး
ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခဲ့သော်လည်း လက်ရှိအချိန်အထိအာရှဒေသအတွင်း ဆွဲဆောင်မှုရှိသော
မြို့တစ်မြို့ဖြစ်နေသေးကြောင်း၊ သို့သော် ထပ်မံဖွံ့ဖြိုးတိုးတက်လာမည့် ဆောက်လုပ်ရေးဆိုင်ရာ
စီမံကိန်းများ၊ အထပ်မြင့်တိုက်များအတွက် ယခုအချိန်တွင် တိကျသော မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
စီမံကိန်းများကို သက်ဆိုင်ရာအစိုးရက သေသေချာချာချမှတ် အကောင်အထည်ဖော်ရန်
အရေးကြီးကြောင်း ၄င်းက ပြောသည်။
''ဒီလို အလွန်လျင်မြန်စွာ တိုးတက်လာနေတဲ့အချိန် မှာ ရန်ကုန်မြို့ရဲ့ မြို့ပြအနေအထားတွေကို
သေသေ ချာချာမကိုင်တွယ်နိုင်ရင် ရန်ကုန်မြို့ရဲ့ မြို့ပြပုံစံက ပျက်ယွင်းသွားမှာ ဖြစ်ပါတယ်''ဟု
ပြီးခဲ့သော တနင်္လာနေ့က ဆူးလေရှန်ဂရီလာဟိုတယ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးနှင့်
B+H မြို့ပြဖွံ့ဖြိုးရေးနှင့် ဗိသုကာပညာဆိုင်ရာ အကြံပေးလုပ်ငန်းတို့ ပူးပေါင်းပြုလုပ်သော ရန်ကုန်မြို့ပြ
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဟောပြောပွဲတွင် ၄င်းက ပြောသည်။
ရန်ကုန်မြို့တော်ကို ပိုမိုနေပျော်ဖွယ် မြို့တော်တစ်မြို့ဖြစ်စေရန် ရန်ကုန်မြို့တော်၏ မြို့လယ်ကောင်
နေရာများတွင် သန့်ရှင်းသပ်ရပ်သော လူသွားစင်္ကြံလမ်းများ ပထမဆုံး ပြုလုပ်သင့်ကြောင်း မစ္စတာ
ရောဘတ်မာရှယ်လ်က ပြောသည်။
''မြို့တစ်မြို့ရဲ့ တန်ဖိုးနဲ့ အဆင့်အတန်းကို သတ်မှတ်တဲ့အခါ မြို့လယ်ကောင်ဧရိယာကို အဓိကကြည့်
ကြတာဖြစ်လို့ ရန်ကုန်မြို့လယ်ကောင်ကို ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခုအဖြစ် ဖန်တီးထားဖို့
အရေးကြီးပါတယ်။ နိုင်ငံခြားသား ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ မြို့လယ်ကောင်မှာ
လမ်းလျှောက်လေ့လာနိုင်မယ့် နေရာလေးတွေ သတ်မှတ်ထားပြီး လှပပြီး ဆွဲဆောင်မှုရှိတဲ့ လူသွား
စင်္ကြံလေးတွေ ဖန်တီးထားဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် နိုင်ငံခြားသား ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်စေရန် မြို့လယ်ကောင်ရှိ မဟာဗန္ဓုလ ပန်းခြံမှ
ပန်းဆိုးတန်း ဆိပ်ကမ်းသို့ လမ်းလျှောက် သွားလာနိုင်စေရန် လူသွားစင်္ကြံလမ်းတစ်ခု အမြန်ဆုံး
ဖန်တီးသင့်ကြောင်း ၄င်းက ပြောသည်။
''နိုင်ငံခြားသားခရီးသည်တွေကို ဆွဲဆောင်ဖို့ အနည်းဆုံး ဆူးလေဘုရားနဲ့ မဟာဗန္ဓုလပန်းခြံကနေ
ပန်းဆိုးတန်းဆိပ်ကမ်းအထိ လမ်းလျှောက်သွားလာလို့ အဆင်ပြေမယ့် လူသွားစင်္ကြံလမ်းတစ်ခုကို
ဖန်တီးထား သင့်ပါတယ်။ မိုးရွာလို့ ရွှံ့ဗွက်တွေ ထနေလို့ ကားနဲ့ မဖြစ်မနေ သွားနေရတဲ့အတွက်
မြို့လယ်ကောင်မှာ မလိုအပ်ဘဲ ယာဉ်ကြောကျပ်တည်းမှုတွေလည်း ဖြစ်ရပါတယ်။ ဒီနိုင်ငံကို
လာရောက်လည်ပတ်သူ တွေက မြို့ထဲဧရိယာကို ကားနဲ့လည်ပတ်တာထက် မြို့ထဲမှာ
လမ်းလျှောက်ပြီး ဓာတ်ပုံရိုက်တာကို ပိုသဘောကျမှာပါ''ဟု ၄င်းက ပြောသည်။
မြို့လယ်ကောင်တွင် လမ်းလျှောက်သွားချင်စဖွယ် လူသွားစင်္ကြံလမ်းကောင်းတစ်ခု ဖန်တီးထားခြင်းဖြင့်
ထိုဧရိယာတွင် ယာဉ်ကြောကျပ်တည်းမှုများကိုလည်း အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်မည်
ဖြစ်ကြောင်း မစ္စတာ ရောဘတ်မာရှယ်လ်က ပြောသည်။
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်စေရန် ဒုတိယအချက်မှာ ရန်ကုန်မြို့တွင် အသုံးချမှုနည်းနေဆဲဖြစ်သော
ရေကြောင်းသွားလာရေး လုပ်ငန်းများကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း
မစ္စတာရောဘတ်မာရှယ်လ်က ပြောသည်။
''ရန်ကန်မြို့တစ်ဖက်တွင် ရှိနေသော ရှည်လျားသော မြစ်ကမ်းဧရိယာကို အသုံးချသင့်ပြီး
မြစ်ကမ်းအလှကို ခံစားနိုင်သော နေရာများကို အကောင်အထည်ဖော် တည်ဆောက်ရုံသာမက
လမ်းပန်းဆက်သွယ်ရေးအတွက် စရိတ်စကသက်သာသောရေကြောင်း ဆက်သွယ်ရေးများကိုပါ
အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ၄င်းက ပြောသည်။
ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသော၊ ကုန်ကျစရိတ် သက်သာသော ရေကြောင်းဆက်သွယ်
သွားလာရေးကို ရန်ကုန်မြို့တွင် ထိထိရောက်ရောက် အသုံးချသင့်ပြီး ရန်ကုန်မြို့ခံများအတွက်
စိတ်ချရသောရေကြောင်း ခရီးစဉ်အတိုများကို အကောင်အထည်ဖော် ပြေးဆွဲသင့်ကြောင်း
၄င်းက ပြောသည်။

ရန်ကုန်မြို့တွင် ရေကြောင်းဆက်သွယ်သွားလာရေးလုပ်ငန်းများ အားနည်းသဖြင့် ရန်ကုန်မြို့
တစ်ဖက်ကမ်းသည် ဖွံ့ဖြိုးမှုနိမ့်ကျသော ဇုန်အဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး လူဦးရေ တိုးပွားလာမည့်
ရန်ကုန်မြို့တော်အတွက် မြို့တစ်ဖက်ကမ်းက မြို့နယ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆက်သွယ်ရေး
ပိုမိုကောင်းမွန်စေရန် ကုန်ကျစရိတ်သက်သာသော ရေကြောင်းဆက်သွယ်ရေးကို အကောင်အထည်
ဖော် ဆောင်ရွက်သင့်သည်ဟု ၄င်းကဆိုသည်။
ထို့ပြင် ရန်ကုန်မြို့၏ မြို့ပြပိုမိုဖွံ့ဖြိုးတိုးတက် စေရန် တတိယ ပြင်ဆင်သင့်သည်မှာ မြို့ပတ်ရထား
ပို့ဆောင်ဆက်သွယ်ရေးဖြစ်ပြီး ပြန်လည်အဆင့့်မြှင့်တင်ထားသော အချိန်မှန် မီးရထားလိုင်းများဖြင့်
ရန်ကုန် မြို့တော်ကို ယာဉ်ကြောကျပ်တည်းကာ စိတ်ပျက်ဖွယ်မြို့တော်အဖြစ်က အချိန်မီကယ်တင်ရန်
လိုအပ် ကြောင်း မစ္စတာရောဘတ်မာရှယ်လ်က ပြောသည်။
''ရန်ကုန်မှာ မြို့နယ်အတွင်း ခရီးသွားဖို့ မီးရထားကို အဓိကအားထားပြီး သွားလာနေသူဦးရေက
ကားသုံးစွဲသူဦးရေနဲ့ ယှဉ်ရင် သိပ်နည်းနေသေးပါတယ်။ ကားထက် အချိန်ကုန်သက်သာတဲ့
မီးရထားတွေကို သုံးစွဲသူတွေ ပိုမိုအားထားရစေဖို့ မီးရထားလမ်းတွေကို လက်ရှိထက် ပိုမိုအဆင့်
မြှင့်တင်သင့်ပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့သည် အာရှတိုက်တွင် သမိုင်းအမွေအနှစ် ကိုလိုနီအဆောက်အအုံ အများဆုံးရှိသော
မြို့တော်တစ်ခုဖြစ်သောကြောင့် ထိုအဆောက်အအုံ များကိုလည်း ထိန်းသိမ်းစောင့်ရှောက်မှုများ
ပိုမိုပြုလုပ်သင့်ကြောင်း ၄င်းက ပြောသည်။
''ရန်ကုန်မြို့က အာရှမှာ ကိုလိုနီအဆောက်အအုံ အများဆုံးရှိတဲ့ မြို့တော်တစ်မြို့ဖြစ်ပြီး အစိမ်းရောင်
မြို့တော်တစ်ခု ဖြစ်နေဆဲပါ။ အဲဒီအခြေအနေတွေကို ထိန်းသိမ်းဖို့ ရန်ကုန်မြို့လယ်မှာ ဆွဲဆောင်မှု
ရှိတဲ့ သမိုင်းအမွေအနှစ် ကိုလိုနီအဆောက်အအုံတွေကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်မှု
တွေလည်း ပြုလုပ်ဖို့ လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။
စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် လူဦးရေတိုးတက်မှု အများဆုံးဖြစ်ပြီး
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ နှစ်စဉ်ပြောင်းရွှေ့လာသူများကြောင့် နှစ်စဉ်တိုးပွားလာမည့်
လူဦးရေအတွက်ပါ ရန်ကုန်မြို့တော်၏ မြို့ပြပုံစံကို ချဲ့ထွင်ရန်စဉ်းစားရမည့် အချိန်ဖြစ်ကြောင်း ၄င်းက
ပြောသည်။
ထို့ကြောင့် အချိန်တိုအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ရန်ကုန်မြို့တော်အတွက်
လက်ရှိအချိန်တွင် သက်ဆိုင်ရာ အစိုးရအရာရှိများက မှန်ကန်သော ဆုံးဖြတ်ချက်များနှင့်
မူဝါဒများချမှတ်ကာ နေပျော်ဖွယ်ဖြစ်သော မြို့တော်တစ်မြို့ဖန်တီးရန် အရေးကြီးကြောင်း
မစ္စတာ ရောဘတ်မာရှယ်လ်က ပြောသည်။
















