ကန်ထရိုက်တိုက်ခန်းများ အရောင်းအဝယ်ကျဆင်း

ကန်ထရိုက်တိုက်ခန်းများ အရောင်းအဝယ်ကျဆင်း

 

ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ဆောက်လုပ် ရောင်းချသော ကန်ထရိုက်တိုက်ခန်းများ
သိသိသာသာ အရောင်းအဝယ် ကျဆင်းနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချသော ကန်ထရိုက်တိုက်ခန်းများမှာ လက်ရှိအချိန်တွင် အရောင်းအဝယ်
သိသာစွာ အေးလျက်ရှိပြီး ပုဂ္ဂလိကဘဏ်များမှ အရစ်ကျစနစ်များဖြင့် တစ်ဆင့်ရောင်းချပေးမှသာ
စျေးကွက် ပြန်လည် ကောင်းမွန်နိုင်ကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ
ဦးရန်အောင်က ပြောသည်။

''အိမ်ခြံမြေစျေးကွက် ကျဆင်းလာတာနဲ့အတူ တိုက်ခန်းတွေကို ရင်းနှီးမြှုပ်နှံဖို့ထက် နေထိုင်ဖို့သာ
ဝယ်ယူလိုသူတွေ များပြားလာပြီး တိုက်ခန်းအရောင်းစျေးကွက် ကျဆင်းလာပါတယ်။တိုက်ခန်း
အရောင်းစျေးကွက် အေးစက်နေပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် အစိုးရက အကောင်အထည်ဖော်ရောင်းချနေသော တန်ဖိုးနည်းအိမ်ရာများကြောင့်လည်း
လက်ငင်းငွေချေ ဝယ်ယူရသော တိုက်ခန်းများကို ဝယ်ယူမှု သိသာစွာ နည်းပါးသွားခြင်းဖြစ်ကြောင်း
၄င်းက ပြောသည်။

''နှစ်ရှည်အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးနေတဲ့ အစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာတွေ အကောင်
အထည်ဖော် ရောင်းချမှု များပြား လာတာတွေကြောင့်လည်း လက်ငင်းငွေချေဝယ်ယူရတဲ့ ပုဂ္ဂလိက
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရောင်းချတဲ့ တိုက်ခန်းတွေက သိသိသာသာ စျေးကွက်
အေးစက်လာပါတယ်''ဟု ၄င်းက ပြောသည်။

အစိုးရ အကောင်အထည်ဖော်ဆောက်လုပ်သော အရစ်ကျ အိမ်ရာများအတွက် ဘဏ်တိုးနှုန်းမှာ
မြင့်မားနေဆဲဖြစ်သော်လည်း အရစ်ကျ ငွေစသွင်းသည့်အချိန်ကစတင်ကာ တိုက်ခန်းတွင်
နေထိုင်ခွင့်ရရှိခြင်းကြောင့် အိမ်ငှားနေထိုင်နေရသူများက အစိုးရ အရစ်ကျ အိမ်ရာများကိုသာ
ဝယ်ယူလာကြကြောင်း မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်းမှ ဒါရိုက်တာဦးအောင်မင်းက
ပြောသည်။

''နေထိုင်ဖို့အတွက်ပဲ အိမ်ရာဝယ်ယူလိုသူတွေပဲ အိမ်ဝယ်ယူမှု များပြားလာပြီး အိမ်ပိုင်မရှိသေးတဲ့
သူတွေကလည်း အရစ်ကျစနစ်နဲ့ ငွေပေးသွင်းနိုင်တဲ့ အစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာတွေကိုပဲ
ဝယ်ယူမှု များပြားလာပါတယ်။ အရစ်ကျအိမ်ရာတွေအတွက် နှစ်စဉ် ဘဏ် တိုးနှုန်းက
များပြားနေဆဲဖြစ်ပေမဲ့ အိမ်ရာဝယ်ယူဖို့ ၃ဝ ရာခိုင်နှုန်း လောက် ငွေပေးသွင်းပြီးတာနဲ့ နေထိုင်
ခွင့်ပြုတာတော့ ဝယ်ယူသူ တွေအတွက် အဆင်ပြေတာပေါ့''ဟု ၄င်းက ပြောသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဆောက်လုပ်ရောင်းချသော
ကွန်ဒိုမဟုတ်သော တန်ဖိုးသင့် တိုက်ခန်းများအတွက် အရစ်ကျစနစ်ဖြင့် ရောင်းချနိုင်ခြင်း
နည်းပါးခြင်းကြောင့် အရောင်းစျေးကွက် သိသိသာသာ ကျဆင်းနေကြောင်း ဦးရန်အောင်က
ပြောသည်။

''ပြည်တွင်းဘဏ်တွေကလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကွန်ဒိုတိုက်ခန်း
ဝယ်ယူသူတွေကိုသာ အရစ်ကျနဲ့ ငွေချေးပေမဲ့ တန်ဖိုးသင့်တိုက်ခန်းတွေဖြစ်တဲ့ သိန်း ၂ဝဝ ဝန်းကျင်
တန် တိုက်ခန်း ဝယ်ယူသူတွေကို ချေးငွေပေးတာ မရှိသလောက်ပါပဲ။ အရစ်ကျ ရောင်းပေးတာတွေ
နည်းတာကြောင့်လည်း ကန်ထရိုက်တိုက်ခန်းတွေ အရောင်းအဝယ်ကျတာ ဖြစ်ပါတယ်''ဟု
၄င်းက ပြောသည်။

သို့သော် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး ဆောက်လုပ်ရေးနှင့် အခြေခံ
အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက တိုက်ခန်းအရောင်းအဝယ်
စျေးကွက် ပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

''ဒီနှစ်မှာ အိမ်ခြံမြေကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းမွန်တဲ့ အပြောင်းအလဲတချို့ကို
စတွေ့ရတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ကျဆင်းခဲ့တဲ့ အိမ်ခြံမြေ
စျေးကွက် ပြန်လည်ကောင်းမွန်ဖို့ ဒီနှစ်က အရှိန်ယူတဲ့နှစ် ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က
အိမ်ခြံမြေကဏ္ဍ သိသိသာသာ ကျဆင်းခဲ့တော့ ဒီနှစ် ချက်ချင်း စျေးကွက်ပြန်တက်ဖို့
ခက်ပါတယ်။ လာမယ့်နှစ်မှာတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်ပြီး
စျေးကွက် ကောင်းမွန်မယ်လို့ ခန့်မှန်းရပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် တိုက်ခန်းအရောင်းအဝယ်စျေးကွက် ပိုမိုကောင်းမွန်စေရန် ပုဂ္ဂလိကဘဏ်များမှ
အိမ်ရာဝယ်ယူမည့်သူများကို အရစ်ကျ ချေးငွေပေးရန် လိုအပ်ပြီး တိုက်ခန်းဝယ်ယူသူများအတွက်
သင့်တော်သော အိမ်ရာ ချေးငွေအတိုးနှုန်းတစ်ခုကို သတ်မှတ်ထားသင့်ကြောင်း ဦးရန်အောင်က
ပြောသည်။

''ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ တိုက်ခန်းအရောင်းအဝယ်စျေးကွက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့
ပုဂ္ဂလိကဘဏ်တွေက တိုက်ခန်းဝယ်ယူလိုသူတွေ အဆင်ပြေပြေ ဝယ်ယူနိုင်ဖို့ သင့်တော်တဲ့
နှစ်ကာလတစ်ခုနဲ့ အရစ်ကျချေးငွေပေးဖို့ လိုပါတယ်။ အိမ်ရာဝယ်ယူသူတွေအတွက်
အိမ်ရာချေးငွေ အတိုးနှုန်းတစ်ခုကိုလည်း အမြန်သတ်မှတ်ဖို့ လိုအပ်နေပါပြီ''ဟု ၄င်းက
ပြောသည်။

တိုက်ခန်းအိမ်ရာ ဝယ်ယူသူများကို နှစ်ရှည်အရစ်ကျစနစ်များဖြင့် ချေးငွေများပေးနိုင်ရန်
ဘဏ်များအနေဖြင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရပြီး အရစ်ကျချေးငွေများကို ထိရောက်စွာ
ပေးနိုင်ရန် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့် နှစ်ရှည်ငွေချေးခြင်းဆိုင်ရာ ဥပဒေများကို
အစိုးရက အတည်ပြုပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အိမ်ရာချေးငွေ
များအတွက် မည်သည့်ဥပဒေမှ အတည်ပြုပြဋ္ဌာန်းထားခြင်းမရှိသေးကြောင်း ကမ္ဘောဇဘဏ်မှ
ဦးသန်းလွင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်