အိမ်ခြံမြေ အရောင်းအဝယ်လုပ်ဆောင်ရာမှာ တချို့ဝယ်မယ့်၊ ရောင်းချမယ့်သူတွေအနေနဲ့
အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ အကူအညီကိုရယူဖို့ မလိုအပ်ဘူးလို့ ခံယူတာတွေရှိပေမယ့်
နားလည်တတ်ကျွမ်းတဲ့ အကျိုးဆောင်တွေရဲ့ ပံ့ပိုးမှုကြောင့် ရောင်းဝယ်ရာမှာ အမှတ်မထင်
ကြံုတွေ့ရနိုင်တဲ့ အမှားအယွင်းဖြစ်မယ့် ကိစ္စရပ်တွေကို ရှောင်ရှားနိုင်မယ့်အပြင် တခြား
အကျိုးကျေးဇူးကောင်းတွေရနိုင်တယ်လို့ အတွေ့အကြံုရင့်ကျက်တဲ့ အိမ်ခြံမြေအကျိုးဆောင်
တချို့က ပြောပါတယ်။
အိမ်ခြံမြေရောင်းချင်တာ ဖြစ်စေ၊ ဝယ်ချင်တာဖြစ်စေ တချို့က အကျိုးဆောင်တွေ မလိုအပ်
ဘူးလို့ အတိအလင်းထုတ်ပြောတာမျိုးတွေ ရှိတတ်ပါ တယ်။ အကျိုးဆောင်ခမပေးလိုတာက
ဦးစားပေး အကြောင်းအရာဖြစ်ပြီး၊ အကျိုးဆောင်တွေနဲ့ နွှယ်ပြီး ပြောဆိုဆက်ဆံရမယ့်
အကြောင်းအရာတွေ ရှိလာမှာမျိုးကို မလိုလားတာကြောင့် အကျိုးဆောင်တွေနဲ့ အလုပ်
မလုပ်လိုတာမျိုး ဖြစ်ပေမဲ့ တကယ်တမ်းတွေး ကြည့်ရင်တော့ အကျိုးဆောင်တွေနဲ့ အလုပ်
လုပ်ရင် ကောင်းတဲ့ရလဒ်က ပိုများနိုင်တာကို တွေ့ရမှာပါ။
တတ်ကျွမ်းနားလည်တဲ့ အကျိုးဆောင်တွေရဲ့ အကူအညီကိုရယူရင် အထူးသဖြင့်ပိုင်ဆိုင်မှု
အထောက်အထားဖြစ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ၊ မှန်ကန်မှု ရှိမရှိအတွက်
စိတ်ချရနိုင်ပါလိမ့်မယ်။ ပြီးတော့မြေဟာ အရောင်းအဝယ်လုပ်လို့ရတဲ့ မြေဟုတ်မဟုတ်၊
အမွေဆိုင်ဆိုရင်လည်း တရားဝင်လုပ်ဆောင်ဖို့လိုအပ်မယ့် အချက်အလက်တွေအတိုင်း
လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု ခိုင်မာအောင်၊ တရားဝင်အောင် လုပ်ဆောင်ရတဲ့
အပိုင်းတွေဟာ အိမ်ခြံမြေအရောင်းအဝယ်အတွက် အရေးအကြီးဆုံးဖြစ်ပြီး အခန့်မသင့်တဲ့
အခါမျိုးမှာ တန်ဖိုးကြီးတဲ့ အိမ်မြေတွေမှာတောင် စာရွက်စာတမ်းအတုတွေထွက်တာ၊
အရှုပ်အရှင်းအငြင်းပွားရတာတွေ ကြံုကြရလေ့ရှိပါတယ်။
နောက်ပြီး ယုံကြည်ရတဲ့ အကျိုးဆောင်တွေနဲ့ အလုပ်လုပ်တဲ့အခါ ရှိနေတဲ့ ပေါက်စျေးတန်း
ကိုလည်း သိနိုင်ပါတယ်။ ဝယ်ယူမယ့်အိမ်မြေရဲ့ ရှေ့အလားအလာကိုလည်း မှန်းဆနိုင်တာ
ကြောင့် ဆိုထားတဲ့စျေးနှုန်းကို လိုက်ပေးသင့်မပေးသင့်အတွက် ဆုံးဖြတ်နိုင်စွမ်းရှိပါလိမ့်
မယ်။ ပြီးတော့ အခုအခါမှာ ကျူးပြဿနာတွေကလည်း ရှိနေတာကြောင့်ဒီအပိုင်းကိုလည်း
အလေးထားစစ်ဆေးဖို့လိုအပ်နေပါတယ်။
ဝယ်သူနဲ့ ရောင်းသူနှစ်ဦးနှစ်ဖက်စလုံးက အကျိုးဆောင်တွေများသွားပြီး ပွဲရှုပ်သွားတာ၊
စကားပြောစရာကိစ္စတွေ ပေါ်လာတာမျိုး အခန့်မသင့် ရင်ဖြစ်တတ်တဲ့အတွက် ဒါတွေကို
ရှောင်ရှားချင်တာကြောင့် တချို့က အကျိုးဆောင်ကိုအားမကိုးချင်ဘူးဆိုပေမဲ့ တချို့
ရောင်းချင်တဲ့သူတွေကတော့ ကိုယ်လိုချင်တဲ့ စျေးရရင်ပြီးတယ်။ ကိုယ့်မြေပေါ်ကို စျေးတင်
ရောင်းစေပြီးပွဲညွန့်ပေးစားတာမျိုးလည်း ရှိတတ်ပါတယ်။ အိမ်မြေအကျိုးဆောင်တွေနဲ့
ပတ်သက်ရင် ဒီလိုကွဲလွဲတဲ့သဘောထား အမျိုးမျိုး ရှိနိုင်ပေမဲ့တကယ့်လက်တွေ့မှာ
ဆိုးကျိုးထက် ကောင်းကျိုးက ပိုများနိုင်တာကြောင့် ယုံကြည်ရတဲ့အကျိုးဆောင်
ကိုယ့်ဘက်မှာ ရှိနေတာက ပေးရတဲ့ အကျိုးဆောင်ခနဲ့ နှိုင်းယှဉ်ရင် ဘာမှမပြောပလောက်
တော့မှာ မဟုတ်ပါဘူး။
















