အင်းစိန်မြို့နယ်တွင် နေထိုင်သော ကျူးကျော်စာရင်း သတ်မှတ်ခံရသူများထဲတွင် ကျူးကျော်သက်သေခံ
စမတ်ကတ် လာရောက် မထုတ်ယူသည့် အိမ်ထောင်စု ၁ဝဝ ကျော်ရှိကြောင်း အင်းစိန်မြို့နယ်
စဉ့်ငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က ပြောသည်။
''ဇွန် ၂ဝ ရက်ကနေ ၂၆ ရက်အထိ ကျူးကျော်သက်သေခံ စမတ်ကတ် တွေ ထုတ်ပေးခဲ့ပါတယ်။
ဒီနေ့အထိ စမတ်ကတ် လာရောက်မထုတ်ယူသူ မိသားစု ၁ဝဝ ကျော်ရှိနေပါတယ်''ဟု ၄င်းက ပြောသည်။
ကျူးကျော်သက်သေခံ စမတ်ကတ်များ လာရောက်မထုတ်ယူသူများ ရှိသော်လည်း လက်ရှိအချိန်ထိ
ကျူးကျော်စာရင်းဝင်သည်ကို မကျေနပ်သဖြင့် ညှိနှိုင်းဆွေးနွေးရန် တရားဝင်ပြောဆိုသူ တစ်ဦးမျှမရှိ
သေးကြောင်း ဦးထွန်းလွင်က ပြောသည်။
''သူတို့ သိန်း ရာဂဏန်းနီးပါး ပေးဝယ်ထားရတဲ့ မြေကွက်တွေကို သူတို့က ကျူးကျော်လို့ မသတ်မှတ်နိုင်ဘူး
ဆိုပြီးတော့ ကျူးကျော်သက်သေခံစမတ်ကတ် လာရောက်မထုတ်ယူသူတွေတော့ ရှိပါတယ်။
စမတ်ကတ် လာရောက် မထုတ်ယူသူတွေတော့ ရှိပေမဲ့ ကျူးကျော်စာရင်းဝင်ဖြစ်လို့ မကျေနပ်လို့
ညှိနှိုင်းဆွေးနွေးဖို့ တရားဝင် လာရောက်ပြောဆိုသူတော့ အခုထိ တစ်ယောက်မှ မရှိသေးပါဘူး''ဟု
၄င်းက ပြောသည်။
အင်းစိန်မြို့နယ်တွင် ကျူးကျော်စမတ်ကတ် ထုတ်ရမည့် အိမ်ထောင်စု အရေအတွက် ၄,ဝဝဝ
ကျော်ရှိကြောင်း ၄င်းက ပြောသည်။
''စဉ့်ငူရပ်ကွက်မှာ စမတ်ကတ်ထုတ်ပေးရမယ့် မိသားစု ၃၇၁ စုရှိပြီး တော့ အင်းစိန် တစ်မြို့နယ်လုံးမှာ
ကျူးကျော်စာရင်းဝင်သူ မိသားစု ၄,ဝဝဝ ကျော်လောက်ရှိပါတယ်။ ဇွန် ၂၆ ရက်အထိပဲ ကျူးကျော်သက်သေ
ခံစမတ်ကတ်တွေ ထုတ်ပေးခဲ့တာဖြစ်ပြီးတော့ ၂၇ ရက်ကစပြီးတော့ သက်သေခံကတ်ထုတ်ပေးတဲ့
သူတွေက တခြားမြို့နယ်အတွက် ပြောင်းရွှေ့ ထုတ်ပေးမှာ ဖြစ်ပါတယ်''ဟု ဦးထွန်းလွင်က ပြောသည်။
အင်းစိန်မြို့နယ်အတွင်း စမတ်ကတ်ထုတ်ပေးခံရသူများတွင် ခြံအမှတ် အမည်ပေါက် မီတာနှင့်
သန်းခေါင်စာရင်း ရရှိထားသော သိန်းရာဂဏန်း ဝန်းကျင် တန်ဖိုးပေါက်သော ဥယျာဉ်ခြံမြေများတွင်
နေထိုင်သူများလည်း ပါဝင်ကြောင်း ကျူးကျော်သက်သေခံ စမတ်ကတ်ထုတ်ယူခဲ့သူ အင်းစိန် မြို့နယ်၊
စဉ့်ငူရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။
''ကျွန်မတို့နေနေတဲ့ ပေ ၂ဝ၊ ပေ ၄ဝ မြေကွက်ကို ၂ဝ၁၄ ခုနှစ်က သိန်း ၉ဝ နဲ့ ဝယ်ခဲ့ပြီးတော့
ဒီအိမ်နံပါတ် အမည်ပေါက် မီတာနဲ့ သန်းခေါင်စာရင်းလည်း ရထားပါတယ်။ အခုဒီအိမ်က ဂရန်မြေ
မဟုတ်ဘဲ ဥယျာဉ်ခြံမြေအမျိုးအစားဆိုပြီး ကျူးကျော်စာရင်းသွင်းပြီး စလစ်ကတ် ထုတ်ပေးပါတယ်''ဟု
၄င်းက ပြောသည်။
ရန်ကုန်မြို့အနှံ့ ကောက်ခံရရှိသော ကျူးကျော်နေထိုင်သူများကို ပထမအုပ်စုအနေနဲ့ အိမ်ရာမဲ့များ၊
ဒုတိယအနေဖြင့် အစိုးရမြေများတွင် နေထိုင်သူများနှင့် တတိယအဖြစ် လျော်ကြေးပေးကာ
ဖယ်ခိုင်းရမည့်သူများ စသဖြင့် အမျိုးအစား သုံးမျိုးခွဲကာ အုပ်စုတစ်ခုပြီးတစ်ခုနေထိုင်ရန်
အိမ်ရာများပေးမည်ဟု ကြားသိရကြောင်း အင်းစိန်မြို့နယ်မှ ကျူးကျော် သက်သေခံစမတ်ကတ်
ထုတ်ယူခဲ့သူ ဦးအောင်သူက ပြောသည်။
''အင်းစိန်မြို့နယ်က ဘယ်ရပ်ကွက်ကိုမှ ရွှေ့ပြောင်းဖို့ အကြောင်းကြားတာမျိုး အခုထိတော့
မရှိသေးပါဘူး။ ကျူးကျော်စာရင်းထဲ ပါဝင်သူတွေကို စာရင်းထဲပါကြောင်း စမတ်ကတ်
ထုတ်ပေးရုံသာရှိသေးပြီး ပြောင်းရွှေ့ပေးဖို့ ဘာမှမပြောသေးပါဘူး။ အင်းစိန်က မြေအများစုက
မြေဂရန်တော့ မရှိပေမဲ့ အများစုက သိန်းရာဂဏန်းအထိ ပေးဝယ်ထားရပြီး အရပ်စာချုပ် ချုပ်ဆို
ထားတဲ့ မြေတွေပါ။ အင်းစိန်က ရွာမမှာ နေထိုင်ကြသူတွေဆို တစ်ရပ်ကွက်လုံး စမတ်ကတ်တောင်
လာရောက် ထုတ်မယူကြပါဘူး''ဟု ၄င်းက ပြောသည်။
၂ဝ၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းများအရ မီးရထားလမ်း၊ ကားလမ်း၊ တာဝါတိုင်၊
ဂျိုးဖြူရေပိုက်လိုင်းတစ်ဝိုက်ဆိုင်ရာ မြေများမှာ အစိုးရမြေများဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ၏
ညွှန်ကြားချက် အရ အရပ်စာချုပ်မှာ ဂရန်မြေကဲ့သို့ ပိုင်ဆိုင်မှု တရားမဝင်ကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။
















