ကော့မှူးမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများကို လွန်ခဲ့သောရက်သတ္တပတ်မှစတင်ကာ စမတ်ကတ်များ
ထုတ်ပေးလျက်ရှိပြီး လက်ရှိအချိန်တွင် မိသားစုပေါင်း ၉ဝဝ ကျော်ကို ကျူးကျော်သက်သေခံ စမတ်ကတ်များ
ထုတ်ပေးပြီးဖြစ်ကြောင်း ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးက ပြောသည်။
''ပြီးခဲ့တဲ့ရက်သတ္တပတ်က တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ မြို့နယ်ဘက်က တာဝန်ရှိသူ
တွေနဲ့ ြွဥ တွေ စတဲ့ တာဝန်ရှိသူအရေအတွက် ၈ဝ ကျော်ပေါင်းပြီး နှစ်ရက် အချိန်ယူပြီးတော့
ကော့မှူးမြို့နယ်အတွင်းက ကျူးကျော်နေထိုင်သူတွေကို စမတ်ကတ်တွေ လိုက်ထုတ်ပေးခဲ့ပါတယ်''ဟု
၄င်းက ဇွန် ၂၇ ရက်တွင် ပြောသည်။
ကော့မှူးမြို့နယ်အတွင်း ကျူးကျော်နေထိုင်မှုများပြား သော မြေများမှာ စာကျက်မြေများ၊ မူလပိုင်ရှင်နှင့်
တိုင်းဒေသကြီး အစိုးရအကြား ပိုင်ဆိုင်မှုအငြင်းပွား နေသော မြေဧက ၆၅ဝ ကျော် ဆူးကလပ်ရော်ဘာခြံ
မြေနေရာများဖြစ်ကြောင်း ၄င်းက ပြောသည်။
''ကျူးကျော်နေထိုင်သူတွေက ဒီက စားကျက်မြေတွေ၊ ရော်ဘာခြံတွေမှာ အနေများပြီး အဲဒီမှာ
ကျူးနေထိုင်ကြတာလည်း ဆယ်စုနှစ် လေးခုလောက်တောင် ရှိနေပါပြီ။ နှစ်ကာလကြာမြင့်စွာ ကျူးကျော်
နေထိုင်ခဲ့သူတွေဖြစ်ဖြစ်၊ မကြာသေးခင်က ကျူးကျော်လာနေသူတွေဖြစ်ဖြစ် ကျူးကျော်နေထိုင်သူတွေကို
စမတ်ကတ်တွေ ထုတ်ပေးခဲ့ပါတယ်။ ကျူးကျော်နေရာတွေမှာ လူမနေဘဲ အိမ်တွေဆောက်ထားတဲ့
သူတွေကိုတော့ စမတ်ကတ် ထုတ်မပေးပါဘူး''ဟု ဦးကျော်သူစိုးက ပြောသည်။
လက်ရှိ အမှန်တကယ် ကျူးကျော်အိမ်များတွင် နေထိုင်နေသူများကိုသာ ကျူးကျော်နေထိုင်သူအဖြစ်
ထောက်ခံချက်ကတ်ပြားများ ထုတ်ပေးပြီး စီးပွားဖြစ် ကျူးကျော်နေထိုင်သူများကို စမတ်ကတ်
ထုတ်ပေးမည် မဟုတ်ကြောင်း ၄င်းက ပြောသည်။
ကော့မှူးမြို့နယ်တွင် ကျူးကျော်နေထိုင်သူ အရေအတွက်ကိုသာ စာရင်းကောက်ယူခြင်းဖြစ်ပြီး
ကျူးကျော်အိမ်များကို ပြောင်းရွှေ့ရန်နှင့် နေရာပြောင်းရန် ကျူးကျော်နေထိုင်သူများကို အကြောင်းကြားခြင်း
မရှိသေးကြောင်း ၄င်းက ပြောသည်။
''ကျွန်တော်တို့က တိုင်းဒေသကြီးရဲ့ ညွှန်ကြားချက်နဲ့ ကျူးကျော်နေထိုင်သူတွေကိုသာ စာရင်းကောက်
ယူတာ ဖြစ်ပါတယ်။ သူတို့ကို ပြောင်းရွှေ့ဖို့တွေ၊ ဘယ်တော့ မြေနေရာပြန်ပေးမယ်တွေ ဘာတွေ
ဘာမှမပြောနိုင်သေးပါဘူး။ တိုင်းဒေသကြီးဘက်က ညွှန်ကြားချက် လာခဲ့ရင်တော့
အသိပေးသွားမှာပါ''ဟု ဦးကျော်သူစိုးက ပြောသည်။
ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ မြို့နယ်များအနက် ကော့မှူးမြို့နယ်သည် ကျူးကျော်နေထိုင်သူ
များပြားသော မြို့နယ်တစ်ခုဖြစ်ပြီး အစိုးရနှင့် မြေပိုင်ရှင်များအကြား အငြင်းပွားနေဆဲဖြစ်သော
ဆူးကလပ် ရော်ဘာခြံမြေနေရာတွင် ကျူးကျော်နေထိုင်သူဦးရေ တဖြည်းဖြည်း များပြားနေကြောင်း
ဆူးကလပ် ရော်ဘာခြံအနီးရှိ ဖျဉ်ပင်နီကျေးရွာဒေသခံ ဦးကျော်လွင်အောင်က ပြောသည်။
''အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားတစ်ဦးပိုင်တဲ့ ဆူးကလပ်ရော်ဘာခြံမှာ အရင်က အလုပ်လုပ်တဲ့
ဝန်ထမ်းတွေပဲ နေထိုင်ခဲ့ပေမဲ့ နောက်ပိုင်း ရော်ဘာလုပ်ငန်း ရပ်နားလိုက်ချိန်မှာ တခြားရွာကသူ
တွေလည်း လာရောက်နေထိုင်ကြတယ်။ ကျူးကျော်နေထိုင်သူတွေကို ပိုင်ရှင်ရော ရပ်ကွက်
အုပ်ချုပ်ရေးမှူးတွေရော ထိထိရောက်ရောက် ဟန့်တားတာတွေမရှိဘဲ အဲဒီမှာ နေထိုင်သူ
ရွာသားတွေကို မြေကွက်ပေးမယ်ဆိုတဲ့ အသံတွေကြားတော့ ကျူးကျော်နေထိုင်သူတွေ
ပိုများပြားလာခဲ့တယ်''ဟု ၄င်းက ပြောသည်။
ပိုင်ဆိုင်မှု ဂရန်များ၊ စာချုပ်များ မရှိသော်လည်း ထိုကျူးကျော် နေထိုင်သူများမှာ ကျူးမြေကွက်များကို
အရောင်းအဝယ် လုပ်ကြပြီး မြေကွက်တစ်ခုလျှင် ကျပ် ခြောက်သောင်းမှ တစ်သိန်းကျော်အထိ
စျေးရှိကြောင်း ဦးကျော်လွင်အောင်က ပြောသည်။
''ပိုင်ဆိုင်မှုစာချုပ်တွေ မရှိပေမဲ့ ကျူးအနေနဲ့ နေထိုင်လာတာ နှစ်နည်းနည်းကြာလာပြီး ဘယ်သူကမှ
လာရောက်ဟန့်တားတာတွေ မရှိလို့ ကျူးအနေနဲ့ နေထိုင်သူတွေက နေရာတွေ ဦးထားပြီး
တကယ်လာရောက်နေထိုင်လိုသူတွေကို ပြန်ရောင်းနေကြတာတွေလည်း ကော့မှူးမြို့နယ်
အတွင်းမှာ တွေ့နေရ ပါတယ်''ဟု ၄င်းက ပြောသည်။
ပြီးခဲ့သော ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းကတည်းကပင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆူးကလပ်
ရော်ဘာခြံအတွင်း နေထိုင်လျက်ရှိသော မိသားစုအရေအတွက်ကို စာရင်းပြုစုရန် ညွှန်ကြားသဖြင့်
ထိုအချိန်က ကျူးကျော်နေထိုင်သူအရေအတွက်ကို စာရင်းကောက်ယူခဲ့ကြောင်း ကော့မှူးမြို့နယ်၊
ရှာဖွား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမြင့်မောင် က ပြောသည်။
''အဲဒီအချိန်တုန်းက အဲဒီဧက ၆၅ဝ ကျော် ခြံဝင်းထဲမှာ ကျူးကျော်နေထိုင်သူ မိသားစု ၄ဝဝ
ဝန်းကျင်ရှိခဲ့ပြီးတော့ အိမ်မရှိလို့ အမှန်တကယ် ကျူးကျော်နေထိုင်နေသူတွေကို ပေ ၂ဝဝ
ပတ်လည်မြေကွက်တွေ အကွက်ရိုက်ပေးမယ်လို့ ၂ဝ၁၅ ဒီဇင်ဘာလမှာ တိုင်းဒေသကြီး
အစိုးရဘက်က စာပြန်ကျလာခဲ့ဖူး ပေမဲ့ အခုအချိန်ထိတော့ မြေစာရင်းဌာနက မြေလာ မတိုင်း
သေးပါဘူး''ဟု ၄င်းက ပြောသည်။
နေထိုင်မှုအခက်အခဲကြောင့် ကျူးကျော်နေထိုင်နေ သူများကို မြေနေရာများ ရစေလိုသော်လည်း
မြေနေရာ ရရှိရန် ကျူးကျော်နေထိုင်သူများ များပြားနေသည့်အတွက် သေချာစိစစ်ရန်လိုကြောင်း
ဦးမျိုးမြင့်မောင် က ပြောသည်။
''နေစရာအိမ် တကယ်မရှိလို့ ဒီမြေမှာ စိုက်ပျိုးစားသောက်ပြီး ကျူးကျော်နေထိုင်နေသူတွေအတွက်
စားဝတ်နေရေး အဆင်ပြေစေဖို့ ကိုယ်ပိုင်မြေကွက်တွေ ရရှိစေချင်ပေမဲ့ ကိုယ်ပိုင်မြေကွက်တွေ
ရှိနေပါရဲ့နဲ့ မြေကွက်ထပ်လိုချင်လို့ ဒီမြေမှာလာပြီး ကျူးကျော်နေ သူတွေကိုတော့
သေချာစိစစ်ဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့ပြ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကျူးကျော်အိမ်ရာများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ ကျူးကျော်အိမ်ရာများကို စာရင်းကောက်ခံပြီး
ဖြစ်ကာ ကျန်မြို့နယ်များမှ ကျူးကျော်အိမ်ရာများကိုလည်း လာမည့်ဇူလိုင်လအတွင်း အပြီးကောက်ခံ
သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
ထို့ပြင် လက်ရှိအချိန်ထိ ကျူးကျော်စာရင်း ကောက်ခံရရှိသော မြို့နယ်များတွင် အိမ်ထောင်စု
ပေါင်း ရှစ်သောင်းကျော်ကို ကျူးကျော်သက်သေခံ စမတ်ကတ်များ ထုတ်ပေးပြီးဖြစ်ပြီး
ကျန်မြို့နယ်များ တွင်လည်း စမတ်ကတ်များ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် ပြန်လည်နေရာချထားရေး အစီအစဉ်သစ်တစ်ရပ်
အနေဖြင့် ကျူးကျော်နေထိုင်သူများကို စနစ်တကျစိစစ်ကာ အိမ်ရာပိုင်ဆိုင်မှုမရှိသဖြင့် အမှန်တကယ်
ကျူးကျော်နေထိုင်သူများကို နေရာချထားပေးရန် ဧရိယာတစ်ခုကို ရွေးချယ်သတ်မှတ်ပေးမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုလ ဒုတိယအပတ်က ပြုလုပ်
ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အစိုးရသက်တမ်း တစ်နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင်
ပြောခဲ့သည်။
လက်ရှိကောက်ယူရရှိသော စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ
ဦးရေ လေးသိန်းကျော်ရှိနေပြီး ထိုအရေအတွက်အတွင်းမှ အမှန်တကယ် ကျူးကျော်နေထိုင်သူများနှင့်
စီးပွားဖြစ်ကျူးကျော်နေထိုင်သူများကို ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
















