ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုရပ်ကွက်မှ ဆင်းရဲနွမ်းပါးသော ဒေသခံနေထိုင်သူများအတွက် နှစ် ၃ဝ
ငှားရမ်းခမဲ့ဖြင့် နေထိုင်နိုင်ရန် တိုက်ခန်း၁၂ဝ ကျော်ကို ဆောက်လုပ်ပေးခဲ့ကြောင်း UNHabitat
မှ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr. Bijay Karmacharya က ပြောသည်။
ကုုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ် ပြန်လည် ထူထောင်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ အစိုးရ၏
ငွေကြေးအကူအညီဖြင့် UNHabitat မှ အိမ်ခန်းပေါင်း ၁၈ဝ ပါဝင်သော ရိုးမအိမ်ရာကို
အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် စီမံကိန်းအပိုင်း(၁)မှ အခန်းပေါင်း
၁၂ဝ တည်ဆောက်ပြီးစီးခဲ့ကြောင်း ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထိုတည်ဆောက်ပြီးစီးသော ရိုးမအိမ်ရာ၊ စီမံကိန်း ပထမပိုင်းမှ တိုက်ခန်းများကို ဆင်းရဲချို့တဲ့သော
ဒေသခံများကို ဇူလိုင် ၂ ရက်မှစတင်ကာ နေထိုင်ခွင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းဒုတိယပိုင်းမှ
တိုက်ခန်းများမှာ တည်ဆောက်နေဆဲဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။
''ဂျပန်အစိုးရရဲ့ ငွေကြေးထောက်ပ့ံမှုနဲ့ UNHabitat က ဆင်းရဲနွမ်းပါးပြီး နေထိုင်ဖို့
သင့်တော်တဲ့အိမ်ရာ မရှိသူတွေအတွက် တိုက်ခန်း ဆောက်လုပ်ပေးခဲ့ပါတယ်။ တိုက်ခန်း
ဆောက်လုပ်ပေးဖို့ မြန်မာအစိုးရဆီက မြေတောင်းခံခဲ့ပြီးတော့ အစိုးရက ဒဂုံဆိပ်ကမ်း၊
ကျီစု ရပ်ကွက်က ဒီမြေကိုပေးလို့ ဒီမြေပေါ်မှာ ဒီနားဝန်းကျင်မှာနေတဲ့ ဆင်းရဲနွမ်းပါးလွန်းတဲ့
ဒေသခံတွေအတွက် တိုက်ခန်းတွေ ဆောက်လုပ် ပေးတာ ဖြစ်ပါတယ်''ဟု ၄င်းက
ပြောသည်။
အဆိုပါ တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသော ဒေသခံများအနေဖြင့် တစ်ခန်းလျှင် ၃၅ဝ
စတုရန်းပေ ရှိသော တိုက်ခန်းများတွင် အခကြေးငွေပေးရန် မလိုဘဲ နှစ် ၃ဝ နေထိုင်ခွင့်ရရှိမည်
ဖြစ်ကြောင်း ၄င်းက ပြောသည်။
''နေထိုင်ဖို့ အရွေးချယ်ခံထားရတဲ့သူတွေက အဲဒီတိုက်ခန်းတွေမှာ နှစ် ၃ဝ အလကားနေထိုင်ခွင့်
ရမှာ ဖြစ်ပါတယ်။ နှစ် ၃ဝ နောက်ပိုင်း သူတို့ကိုပဲ ဆက်ထားမယ်တို့၊ တခြားသူတွေကို နေထိုင်ခွင့်
ပေးသင့်တယ်တို့၊ ဘာတို့တော့ သေချာ မဆုံးဖြတ်ရသေးပါဘူး''ဟု ၄င်းက ပြောသည်။
သို့သော် နေထိုင်သူများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရ
မည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက နေထိုင်ခွင့် ရုတ်သိမ်းမည်ဖြစ်ကြောင်း မစ္စတာဘီဂျေးက
ပြောသည်။
''နေထိုင်သူတွေအနေနဲ့ တိုက်ခန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ စည်းကမ်းရှိစွာ
နေထိုင်ရပါမယ်။ တိုက်ခန်းတွေကို ပြန်လည်ငှားရမ်းခွင့်၊ ရောင်းချခွင့်နဲ့ လွှဲပြောင်းနေထိုင်ခွင့်
လုံးဝမရှိရပါဘူး။ တိုက်ခန်းတွေမှာ အမှန်တကယ် နေထိုင်သူတွေပဲ ဖြစ်ရမှာဖြစ်ပြီး စတိုအနေနဲ့
သုံးစွဲခွင့် မပြုပါဘူး။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတဲ့သူတွေအတွက်
တိုက်ခန်းနေထိုင်ခွင့်ကို ရုတ်သိမ်းမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အိုးအိမ်နှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်အရ တည်ဆောက်ပေးသော အဆိုပါ ရိုးမအိမ်ရာ
စီမံကိန်းတွင် အဆင့်နှစ်ဆင့် ပါဝင်မည်ဖြစ်ပြီး ပထမပိုင်းစီမံကိန်းအရ တိုက်ခန်း ၁၂ဝ ပါဝင်သော
ငါးထပ်တိုက် အဆောက်အအုံ ခြောက်လုံးကို တည်ဆောက်ပြီးစီးခဲ့ပြီး စီမံကိန်း ဒုတိယအဆင့်
အတွက် တိုက်ခန်း ၆ဝ ပါဝင်သော ငါးထပ်တိုက် အဆောက်အအုံ သုံးလုံးကို တည်ဆောက်လျက်
ရှိကြောင်း ၄င်းက ပြောသည်။
''နေထိုင်ဖို့ သင့်တော်တဲ့အိမ်ရာ မရှိသူ ဆင်းရဲနွမ်းပါးသူ ဒေသခံတွေအတွက် ပြန်လည်
ထူထောင်ရေးအစီအစဉ်အနေနဲ့ ရိုးမအိမ်ရာ စီမံကိန်းကို Pilot Project အနေနဲ့
ရန်ကုန်မြို့မှာ စတင် အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ရိုးမအိမ်ရာစီမံကိန်း ပထမနဲ့
ဒုတိယအဆင့်နှစ်ခုမှာ နေထိုင်သူ ၁,ဝဝဝ ကျော်အတွက် တိုက်ခန်းပေါင်း ၁၈ဝ ကို နေထိုင်ဖို့
တိုက်ခန်းပေးနိုင်မှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် အဆိုပါအိမ်ရာစီမံကိန်းကို community based စီမံကိန်းအနေဖြင့် အကောင်အထည်ဖော်
တည်ဆောက်ခြင်းဖြစ်သည့်အတွက် တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိမည့်သူများကို ဒေသခံများ
ကိုယ်တိုင် ရွေးချယ်ခြင်းဖြစ်ကြောင်း မစ္စတာဘီဂျေးက ပြောသည်။
''ဒေသခံတွေအတွက် community based Project အနေနဲ့ အကောင်အထည်ဖော်တဲ့
အတွက် ဒီတိုက်ခန်းတွေမှာ အကျိုးခံစားခွင့်ရမယ့် နေထိုင်ခွင့်ရမယ့်သူတွေကို ဒေသခံတွေကိုပဲ
ရွေးချယ် ခိုင်းခဲ့ပါတယ်။ ဒေသခံတွေမှာ ဘယ်သူက ပိုဆင်းရဲတယ်ဆိုတာ သူတို့ပဲ အသိဆုံးဖြစ်လို့
ကော်မတီဖွဲ့ပြီး အဆင့်ဆင့် ရွေးချယ်စေခဲ့ပါတယ်။ ဒေသခံတွေ ကော်မတီဖွဲ့ပြီး အစည်းအဝေး
အကြိမ်၂ဝခန့် လုပ်ပြီးမှ နေထိုင်ခွင့် ရသင့်တဲ့သူတွေကို သူတို့ဘာသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်''ဟု
၄င်းက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒေသခံများနေထိုင်ရန် အိမ်ရာ
ရရှိရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး တိုင်းနှင့်
ပြည်နယ်အသီးသီးတွင် နေထိုင်ရန် အခက်အခဲရှိနေ သူများအတွက် အငှားချအိမ်ရာများကို
အကောင်အထည်ဖော်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၂ ရက်က ကျင်းပသော
ရိုးမအိမ်ရာဖွင့်ပွဲတွင် ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. Tateshi Higuchi က ''ဂျပန်အစိုးရနဲ့ ပြည်သူတွေစုပေါင်းပြီး
မြန်မာနိုင်ငံက အိမ်ရာလိုအပ်ချက် ရှိသူတွေအတွက် ဒီလိုမျိုး အိမ်ရာ ဆောက်လုပ် လှူဒါန်းခွင့်ရရှိတဲ့
အတွက် ဝမ်းသာပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့နဲ့ ပေါင်းပြီး
တော့ ရိုးမအိမ်ရာကဲ့သို့ အိမ်ရာတွေလည်း ဆောက်လုပ်ပေးနိုင်ဖို့ မျှော်မှန်း ထားပါတယ်''ဟု
ပြောသည်။
ရိုးမအိမ်ရာတွင် နေထိုင်ခွင့်ရရှိသူတစ်ဦးဖြစ်သူ ကျီစုဒေသခံ ဦးကျော်ကျော်ဦးက စိတ်ကူး
မယဉ်ခဲ့ ဖူးသော ငှားရမ်းခပေးရန်မလိုဘဲ နေထိုင်ရန် တိုက်ခန်းရရှိသည့်အတွက် ဝမ်းသာကြောင်း
ပြောသည်။
''ဘဝမှာ နေထိုင်ဖို့ တိုက်ခန်းအလကားရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ အခုလိုမျိုး
တကယ်ရလာတာတောင် မယုံနိုင်သေးပါဘူး။ အရင်လို ဝါးအိမ်လေးတွေနဲ့ ဖြစ်သလိုနေမယ့်အစား
ဒီလိုနေထိုင်ဖို့ သင့်တော်တဲ့တိုက်ခန်း ရရှိတာဖြစ်လို့ အတိုင်းမသိ ဝမ်းသာပါတယ်''ဟု ပြောသည်။
ရန်ကုန်မြို့၏ အရှေ့ဘက်စွန်းအပိုင်းတွင်ရှိသော ဒဂုံဆိပ်ကမ်းမြို့နယ်ကို ၁၉၉ဝ ပြည့်နှစ်ပိုင်းတွင်
စက်မှုမြို့တော်အနေဖြင့် တည်ထောင်ခဲ့ပြီး နေထိုင်သူ ၁၆၆,ဝဝဝ ဦး နေထိုင်လျက်ရှိသည်။
လက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေး အထိုက်အလျောက် ကောင်းမွန်သော မြို့တစ်ခုအဖြစ်
ဖြစ်သော်လည်း စက်မှုမြို့တော်အနေဖြင့် မရပ်တည်နိုင်သေးပေ။
















