မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမင်္ဂလာစျေးရှိ ဆိုင်ခန်းများကို ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီဘက်မှ
ကတိအတိုင်း စျေးပြုပြင်ထိန်းသိမ်းခြင်းများ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိဟု အဆိုပါအခန်းများကို
ဝယ်ယူခဲ့ကြသည့် စျေးသူစျေးသားများက ပြောသည်။
ထို့အတွက် ညှိနှိုင်းဆွေးနွေးပေးပါရန် မင်္ဂလာတောင်ညွန့်မြို့တော် လွှတ်တော်ကိုယ်စားလှယ်များကို
တောင်းဆိုခဲ့ကြောင်း ၄င်းတို့က ပြောသည်။
''စျေးဆိုင်ခန်းတွေ ဝယ်ယူချိန်က စျေးကို အဆင့်မြင့်စျေးအဖြစ် လိုအပ်တဲ့ဝန်ဆောင်မှုတွေ၊
ထိန်းသိမ်းမှုတွေ ဆောင်ရွက်ပေးဖို့ စျေးဆိုင်ခန်းတွေ ရောင်းချခဲ့တဲ့ အောင်မြင်သူကုမ္ပဏီက
ကတိပြုခဲ့ပေမဲ့ စျေးစတင်ဖွင့်လှစ်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကနေ အခုအချိန်ထိ ကုမ္ပဏီဘက်က
ပြုပြင်ထိန်းသိမ်းရေးတွေ ဘာမှမလုပ်ပေးခဲ့ပါဘူး''ဟု စျေးသူစျေးသားများ နှင့်ဖွဲ့စည်းထားသော
ရွှေမင်္ဂလာစျေး၏ စျေးသာယာ ရေးဥက္ကဋ္ဌဖြစ်သူ၊ 3D အမျိုးသားဝတ်အကျႌ အရောင်းဆိုင်ပိုင်ရှင်
ဦးကြည်စွန်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဧရာဟင်္သာကုမ္ပဏီတို့ BOT စနစ်ဖြင့် အကျိုးတူ
ပူးပေါင်းဆောက်လုပ်သော အကျယ်အဝန်း ၃၇,၄၄ဝ စတုရန်းပေရှိ ရွှေမင်္ဂလာစျေးကို မင်္ဂလာ
စျေးဝင်းအတွင်းရှိ ယခင် ကားရပ်နားဝင်းအတွင်းတွင် ၂ဝ၁၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး
၂ဝ၁၅ ခုနှစ်ဆန်းပိုင်းတွင် ဆိုင်ခန်းများ ရောင်းချခဲ့သည်။
ဆောက်လုပ်ရေးကုမ္ပဏီမှရရှိသော အဆိုပါစျေး၏ မြေညီထပ်နှင့် ပထမထပ်မှ ဆိုင်ခန်းများကို
ရောင်းချခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရရှိသော ကားပါကင် သုံးထပ်နှင့်
ဒုတိယ ထပ်မှ ဆိုင်ခန်းများကို အငှားချခဲ့သည်။
တစ်စတုရန်းပေလျှင် ၂၅ သိန်းခန့်ဖြင့် ရောင်းချ ခဲ့ပြီး ဆိုင်ခန်းတစ်ခန်းလျှင် အနည်းဆုံး
သိန်း ၁,ဝဝဝ မှ သိန်း ၅,ဝဝဝ အထိ ပေါက်စျေးရှိသော အဆိုပါစျေးကို အဆင့်မြင့်စျေးအဖြစ်
ပြုပြင်ထိန်းသိမ်း ရန်နှင့် လိုအပ်သော ဝန်ဆောင်မှုများ ပြုလုပ်ပေးရန် ဆိုင်ခန်းများ
စတင်ရောင်းချချိန်က ကုမ္ပဏီဘက်က ကတိပြုခဲ့ကြောင်း စျေးသူစျေးသားများက ပြောသည်။
သို့သော် စျေးဆိုင်များ ရောင်းချိန်က ကတိပြု ခဲ့သည့်အတိုင်း အဆင့်မြင့်စျေးအဖြစ် လိုအပ်သည့်
ပြုပြင်ထိန်းသိမ်းခြင်းများကို ရောင်းချသည့်ကုမ္ပဏီ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီများမှ ယခုအချိန်ထိ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် လွှတ်တော်
ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
''ဆိုင်ခန်းတွေ ဝယ်ယူချိန်မှာ စျေးပြုပြင်ထိန်းသိမ်းရေးတွေ ဆောင်ရွက်ပေးဖို့ အောင်မြင်သူ
ကုမ္ပဏီက ကတိပြုခဲ့ပေမဲ့ ပြင်ဆင်ဆောင်ရွက် ရမယ့်အရာတွေရှိလာလို့ ကုမ္ပဏီကို အသိပေးရင်
စျေးစည်ပင်ကို အားလုံး လွှဲပေးပြီးဖြစ်လို့ စျေးစည်ပင်သာယာရေးကော်မတီကို ပြောလို့ ပြောတယ်။
စျေးစည်ပင်ကို ပြောရင် ကုမ္ပဏီဘက်ကိုပြောလို့ ပြောတယ်''ဟု ဦးကြည်စွန်းက ပြောသည်။
စျေးပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာများကို ဆောက်လုပ်ရေးကုမ္ပဏီနှင့် စျေးစည်ပင်သာယာရေး
ကော်မတီများ အကြားတွင် အပြန်အလှန် အငြင်းပွားနေကြပြီး ပြင်ဆင်ဆောင်ရွက်ခြင်းများကို စျေးသူ
စျေးသားများကသာ ကိုယ်တိုင်အကုန်အကျခံ ဆောင်ရွက်နေရကြောင်း စျေးသာယာရေးကော်မတီ၏
ဒုဥက္ကဋ္ဌဖြစ်သူ မနီ အမျိုးသမီးဝတ် ပိုးထည်၊ ချည်ထည်ရောင်းဝယ်ရေးမှ ဒေါ်နီက ပြောသည်။
''စျေးဝယ်တုန်းက ဓာတ်လှေကား နောက်တစ်စင်း ထည့်ပေးမယ်ဆိုတာလည်း ခုထိမထည့်ပေးသေးပါဘူး။
လေဝင်လေထွက်စနစ်တွေ မကောင်းတော့လို့ရော၊ လေအေးပေးစက်တွေ ပျက်လို့ရော ပြင်ဆင်ဖို့
ပြောပေမဲ့ ဘယ်တုန်းကမှ မပြင်ပေးပါဘူး။ အခုမိုးတွင်းဘက် ရေစီးရေလာကောင်းဖို့ မြောင်းတွေကိုလည်း
ကျွန်မတို့ ဆိုင်ပိုင်ရှင်တွေကပဲ အကုန်အကျခံပြီး ဖောက်လုပ်ခဲ့ရပါတယ်''ဟု ၄င်းက ပြောသည်။
ဦးကြည်စွန်းကလည်း ''စျေးဆိုင်ခန်းတွေစဝယ် ကတည်းက လေပေါက်တွေ ဖွင့်ပေးမယ်၊ လေအေးပေး
စက်တွေတပ်ပေးမယ်လို့ ကုမ္ပဏီကပြောခဲ့ပေမဲ့ တကယ်တမ်းလေပေါက်တစ်ခုဖွင့်ပေးရင် အပေါ်ထပ်
အတွက်ဆို တစ်ပေါက်ကို လေးသောင်း၊ အောက်ထပ်အတွက်ဆို တစ်ပေါက်ကို တစ်သိန်းခုနစ်သောင်း
စျေးသူစျေးသားတွေက စုပေးခဲ့ရပါတယ်''ဟုပြောသည်။
ထို့ပြင် လက်ရှိမင်္ဂလာစျေးမှ မီးဘေးသင့်ဆိုင်ခန်းများကို ရွှေမင်္ဂလာစျေး၏ ကားပါကင်အထပ်များတွင်
နေရာချထားပေးသည့်အတွက် လူဦးရေသိသာစွာ များပြားလာပြီး အိမ်သာအနံ့ဆိုးများလည်း တနေ့တခြား
ဆိုးရွားလာကြောင်း ဒေါ်နီက ပြောသည်။
ရွှေမင်္ဂလာစျေးနှင့်ပတ်သက်ပြီး ပြုပြင်စေလိုသည် များကို လက်ရှိစျေးနှင့်ဆိုင်သည့် ထိန်းသိမ်း စောင့်ရှောက်
သူဖြစ်သော စည်ပင်သာယာရေး ကော်မတီသို့သာ စျေးသူစျေးသားများ စုပေါင်းလက်မှတ်ထိုးကာ
တရားဝင်စာပို့ တောင်းဆိုသင့်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန္ဒမင်းက ပြောသည်။
''စျေးသူစျေးသားတွေ ပြုပြင်စေလိုတာတွေကို ရန်ကုန်မြို့တော်စည်ပင်ကို တရားဝင်စာနဲ့ရေးပြီး
ဆိုင်ရှင်တွေ စုပေါင်းလက်မှတ်ထိုးပြီးတော့ တရားဝင် စာပို့တောင်းဆိုစေလိုပါတယ်။ စျေးနဲ့
ဆိုင်တာတွေကို ဆောက်လုပ်ရေးကုမ္ပဏီက စည်ပင်ကို တရားဝင်လွှဲအပ်ပေးပြီး စည်ပင်လက်အောက်
ရောက်သွားရင် ကုမ္ပဏီကို သွားပြောလို့ မရတော့ပါဘူး။ စည်ပင်ကိုသာ တရားဝင်စာပို့ အသိပေးပါ''ဟု
၄င်းက ပြောသည်။
စျေးသူစျေးသားများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တောင်းဆိုပြီး စည်ပင်က
အကြောင်းမပြန်ကြားပါက သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ညှိနှိုင်းပေးမည်
ဖြစ်ကြောင်း ဒေါ်စန္ဒမင်းက ပြောသည်။
''ရွှေမင်္ဂလာစျေးဆိုင်ရာ စျေးစည်ပင်က စည်ပင်လက်အောက်မှာပဲရှိလို့ စည်ပင်သာယာကော်မတီ၊
စျေးများဌာနကို စျေးသူစျေးသားတွေ စာနဲ့ရေးပြီး တရားဝင်တောင်းပါ။ စျေးများဌာနက အဲဒီကိစ္စကို
အကြောင်းမပြန်ဘဲ မလုပ်ပေးရင် စည်ပင်သာယာရေး ကော်မတီရုံးချုပ်ဆီက တောင်းပါ။ စည်ပင်က
ထပ်ငြင်းမယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ကျွန်မတို့က ညှိနှိုင်း
ပေးပါမယ်''ဟု ၄င်းက ပြောသည်။
















