ဝါတွင်းကာလ ရောက်တော့မယ့် အခုလိုအချိန်မှာ အိမ်ခြံမြေစျေးကွက်မှာ တန်ဖိုးနိမ့်တဲ့
အိမ်ခြံမြေ အကွက်အကွင်းတွေကိုသာ ဆက်လက် အားထားအလုပ်လုပ်သွားရမှာဖြစ်
ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
အရောင်းအဝယ်ခပ်ပါးပါးသာရှိတဲ့ အိမ်ခြံမြေစျေးကွက်မှာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက
အငှားစျေးကွက်ကိုလည်း အားထားလုပ်ကိုင်လို့ ရခဲ့ပေမယ့် အခုလို ဝါတွင်းကာလ
ရောက်တဲ့အခါ အငှားစျေးကွက်က နောက်ထပ်သုံးလလောက် လည်ပတ်နိုင်ဦးမှာမဟုတ်
ပါဘူး။ အိမ်ခြံမြေအရောင်းအဝယ် နှေးကွေးနေချိန်မှာ၊ ကျပ်သိန်း ၅,ဝဝဝ နဲ့အထက်
တန်ဖိုးမြင့် အိမ်မြေတွေ အရောင်းအဝယ်ဖြစ်ဖို့ ခက်ခဲနေချိန်မှာ အထူးသဖြင့်ကျပ်သိန်း
၁,ဝဝဝ အောက် စျေးနှုန်းတန်းတွေကို အားထားအလုပ်လုပ်ကြရမှာဖြစ်ကြောင်း
အကျိုးဆောင်တချို့က ပြောပါတယ်။
ကျပ်သိန်း ၁,ဝဝဝ အောက်လို့ ဆိုရာမှာစျေးကွက်မှာ လတ်တလော မေးမြန်းမှုများတာက
ကျပ်သိန်း ၃ဝဝ နဲ့ ကျပ်သိန်း ၈ဝဝ ကြားအိမ်မြေတွေဖြစ်ပြီး နေထိုင်ဖို့ လိုအပ်ချက်ကြောင့်
အများဆုံး မေးမြန်းကြတယ်လို့ သိရပါတယ်။ ဒီစျေးနှုန်းတန်းတွေအရပုသိမ်ကြီးနဲ့ မြရည်
နန္ဒာမြို့သစ်တွေမှာ စျေးနှုန်းကိုက်ညီမှုရှိပြီး လမ်းမတန်းပေါ်မတင်ပေမဲ့ နေထိုင်လို့ဖြစ်တဲ့
နေရာတွေဖြစ်ကြောင်း အကျိုးဆောင်တွေက ပြောပါတယ်။
အရောင်းအဝယ် မကောင်းပေမဲ့ နေရာကောင်းရင် အိမ်မြေစျေးနှုန်းတွေက
သိပ်ကျတာ မရှိပါဘူး။ ဒါကြောင့် ဝယ်ယူဖို့ စိတ်ကူးရှိခဲ့ရင် ကိုယ်တတ်နိုင်တဲ့
နှုန်းထားအလိုက် ဝယ်ယူထားတာ မမှားကြောင်းလည်း အကျိုးဆောင်အများစုက
သုံးသပ်ကြပါတယ်။ နေရာကောင်းရင် ခေါ်တဲ့စျေးနှုန်း လျော့ဖို့ ရာခိုင်နှုန်းနည်းပါးပေမဲ့
လမ်းမတန်းမဟုတ်ဘဲ အတွင်းပိုင်းကျရင်တော့ လတ်တလောစျေးကွက်အနေအထားအရ
ညှိနှိုင်း ရောင်းဝယ်နိုင်ခြေ များကြောင်းလည်း ၄င်းတို့က ပြောပါတယ်။
တန်ဖိုးနိမ့်အိမ်ခြံမြေတွေကို စဉ်းစားရာမှာ တစ်ခုသတိထားရမှာက ပိုင်ဆိုင်မှုအထောက်
အထားခိုင်မာဖို့ လိုတယ်လို့အကျိုးဆောင်တချို့က ပြောပါတယ်။ ကိုယ်တတ်နိုင်တဲ့
ငွေပမာဏ ဖြစ်တယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ အိမ်မြေပိုင်ဆိုင်ချင်ဇောကြီးပြီး အလော
သုံးဆယ် မဝယ်ယူသင့်ဘူးလို့ ဆိုကြပါတယ်။ အရပ်စာချုပ်တွေနဲ့အလွယ်တကူ
ချုပ်ဆိုဝယ်ယူကြတာမျိုးကို ရှောင်သင့်တဲ့အပြင် ကျူးထားတဲ့ နေရာတွေကို ရောင်းဝယ်
ထားတာမျိုးကိုလည်း သတိထားဖို့လိုကြောင်း ပြောပါတယ်။
မြို့တွင်း အငှားစျေးကွက်မှာ စျေးနှုန်းတွေက နေရာအလိုက် မြင့်မားနေတာကြောင့်
လူလတ်တန်းစားအများစုက ကိုယ်နိုင်တဲ့ငွေပမာဏနဲ့ အိမ်မြေဝယ်ယူနိုင်ဖို့ အလေးပေး
စဉ်းစားလာကြရပါတယ်။ အိမ်ခြံမြေစျေးကွက်က ဘယ်လောက်ပဲ အရောင်းအဝယ်
ငြိမ်သက်နေတယ်ဆိုပါစေ၊ အကွက်အကွင်းကောင်းတဲ့ ရောင်းတမ်းဝင် အိမ်မြေစျေးနှုန်း
တွေက ထူးထူးခြားခြား ပြောင်းလဲကျဆင်းဖို့မရှိတာကြောင့် တန်ဖိုးနိမ့်အိမ်မြေတွေရဲ့
စျေးကွက်က ဆက်လက် ခိုင်မာနေဦးမယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
















