ကမ်းနားလမ်းရှိ အငှားအိမ်ရာများ တစ်ဆင့်ပြန်လည် ငှားရမ်းခြင်းနှင့် ပြန်လည်ရောင်းချခြင်းများကို အရေးယူမည်

ကမ်းနားလမ်းရှိ အငှားအိမ်ရာများ တစ်ဆင့်ပြန်လည် ငှားရမ်းခြင်းနှင့် ပြန်လည်ရောင်းချခြင်းများကို အရေးယူမည်

မန္တလေးမြို့ အနောက်ဘက် ကမ်းနားလမ်းရှိအငှားအိမ်ရာများကို နေထိုင်ခွင့်ရရှိသူများက 
တစ်ဆင့်ပြန်လည် ငှားရမ်းခြင်းနှင့် ပြန်လည်ရောင်းချနေခြင်းများကို စာချုပ်ပါစည်းကမ်း
အတိုင်း ပြန်လည် သိမ်းဆည်းခြင်း၊ သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်းများ 
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လွန်ခဲ့သော 
ရက်သတ္တပတ်က ပြောသည်။

လက်ရှိတွင် ကမ်းနားလမ်းရှိ အငှားအိမ်ရာများတွင် တိုက်ခန်းငှားရမ်း နေထိုင်သူအချို့သည်
တိုက်ခန်းငှားရမ်းခြင်း စာချုပ်ကို လိုက်နာခြင်း မရှိသည်ကို တွေ့ရှိထားသော်လည်း
သက်ဆိုင်ရာများက အရေးယူဆောင်ရွက်မှုမရှိခြင်းကို အောင်မြေသာစံမြို့နယ်
လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ဦးက လွှတ်တော်တွင်မေးမြန်းခဲ့ပြီး
မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''အငှားအိမ်ရာ ငှားရမ်းခြင်းစာချုပ်မှာ လစဉ်ငှားရမ်းခတွေကို ပုံမှန်ပေးသွင်းစေဖို့နဲ့
တစ်ဆင့် ငှားရမ်းလွှဲပြောင်းခြင်းမပြုလုပ်ဖို့ တားမြစ်ချက်တွေပါတယ်။ ကြွေးကျန်နေတဲ့
လူတွေကို အခန်းပြန်လည် သိမ်းယူထားပြီး ကြွေးကျန်တွေကို ပြန်လည်တောင်းခံနေ
ပါတယ်။ တစ်ဆင့်ပြန်လည် ငှားရမ်းထားတဲ့ လူတွေနဲ့ ရောင်းချထားတဲ့သူတွေကို
အငှားချထားမှု ရပ်ဆိုင်းပြီးတော့ သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်းတွေကို စာချုပ်ပါ
စည်းကမ်းအတိုင်း ဆောင်ရွက်သွားပါမယ်''ဟု ဒေါက်တာရဲလွင်က ပြောသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီက အငှားအိမ်ရာများ စစ်ဆေးရာတွင် အခန်း
ကိုယ်တိုင်ရ၊ ကိုယ်တိုင်နေထိုင်သူအခန်း ၉၂ဝ၊ လူနေထိုင်ခြင်းမရှိဘဲ သော့ခတ်ထားသည့်
အခန်း ၈၁ ခန်း၊ လူနေထိုင်သော်လည်း အခန်းသော့ပိတ်ထားသည့် အခန်း ၂၈၄ ခန်း၊
အခန်းလဲနေသူ ၁၂ဝ၊ အငှားချထားသည့် အခန်း ၁၂ဝ နှင့်ပြန်လည်ရောင်းချထားသည့်
အခန်း ၅၉ ခန်းရှိကြောင်း စစ်ဆေးတွေ့ရှိထားကြောင်း ဒေါက်တာရဲလွင်က ပြောသည်။

ကမ်းနားလမ်းရှိ အငှားအိမ်ရာတွင် တစ်ဆင့်အငှားချထားသည့် အခန်းပေါင်း ၁၂ဝ၊
ပြန်လည်ရောင်းချထားသည့် အခန်းပေါင်း ၅၉ ခန်းတွေ့ရှိထားပြီး ကော်မတီဝင်များ
ဦးဆောင်ပြီး အဖွဲ့ဝင် ၁ဝ ဦးဖြင့် အသေးစိတ် စိစစ်သွားမည် ဖြစ်ကြောင်း ၄င်းက
ပြောသည်။

''အငှားအိမ်ရာနဲ့ ပတ်သက်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေကို အိမ်ငှားရမ်းသူတွေ အလွယ်တကူ
သိအောင်လည်း ဆောင်ရွက်ထားသင့်တယ်။ အငှားအိမ်ရာအဝင်တွေမှာ ဆိုင်းဘုတ်တွေ
ထောင်ထားပြီး ရောင်းချသူရော၊ ဝယ်ယူသူတွေပါ နှစ်ဖက်တန်ဖိုး ငွေဆုံးရှုံးမယ့်အပြင်
ပြစ်ဒဏ်တွေကိုပါ ထည့်သွင်းထားသင့်တယ်။ အရေးကြီးဆုံးက အငှားအိမ်ရာတွေမှာ
သီးခြားအုပ်ချုပ်ရေးအဖွဲ့တွေက အမြဲတမ်း စောင့်ကြည့်ပြီး စည်းကမ်းချိုးဖောက်တာ၊
ဥပဒေချိုးဖောက်တာတွေကို သက်ဆိုင်ရာအဖွဲ့တွေထံ အကြောင်းကြား ချက်ချင်းအရေးယူ
သင့်ပါတယ်''ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဦးကပြောသည်။

အငှားအိမ်ရာကို ဒုဦးစီးမှူးအဖွဲ့ခေါင်းဆောင်ပါ ၁ဝ ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး စုစုပေါင်း
၁၃ ဦးဖြင့် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့တော်ဝန်က ပြောသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီက ဧရာဝတီမြစ်ကမ်းဘေးတွင် ယာယီတဲငယ်
များဖြင့် အခြေချနေထိုင်သူများကိုရည်ရွယ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်းက စတင်ပြီး ၁၂ ခန်းတွဲ
ခြောက်ထပ်ပါ တိုက်အလုံးပေါင်း ၂၂ လုံး၊ တိုက်ခန်း စုစုပေါင်း ၁,၅၈၄ ခန်းကို
တည်ဆောက်ပေးခဲ့သည်။

ကမ်းနားလမ်းတစ်လျှောက်ရှိ ဆိပ်ကမ်းမြေ၊ အစိုးရမြေ၊ စည်ပင်သာယာက စီမံခန့်ခွဲပိုင်
ခွင့်ရှိသည့် မြေနေရာများတွင် ယာယီတဲများဖြင့် နေထိုင်ပြီး သက်ဆိုင်ရာ ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်းတိုင်ကြားထားသည့် အိမ်ထောင်စုဇယားနှင့်
အမျိုးသားမှတ်ပုံတင် ရှိသူများကို မဲစနစ်ဖြင့် ၂ဝ၁၆ ခုနှစ်အတွင်းက ငှားရမ်းပေးထားခြင်း
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်