အိမ်ခြံမြေ အပေါင်အနှံ ပြန်လည် တွင်ကျယ်ရန် မလွယ်ကူ

အိမ်ခြံမြေ အပေါင်အနှံ ပြန်လည် တွင်ကျယ်ရန် မလွယ်ကူ

အိမ်ခြံမြေအရောင်းအဝယ်စျေးကွက် လှုပ်ခတ်မှုနည်းပါးတဲ့နည်းတူ အိမ်ခြံမြေအပေါင်အနှံ
လုပ်ကိုင်မှုကလည်း လက်ရှိအနေအထားအရ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ဖို့ 
ရာခိုင်နှုန်းအလွန်နည်းပါးကြောင်း အိမ်ခြံမြေ အကျိုးဆောင်တချို့က ပြောပါတယ်။

အိမ်ခြံမြေအပေါင်အနှံဟာ ငွေကြေးတောင့်သူတွေနဲ့ ငွေလိုတဲ့ အိမ်မြေပိုင်ရှင်တွေကြားမှာ
အရင်က လည်ပတ်မှု အားကောင်းခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု၊ ယုံကြည်မှုတွေနဲ့
လုပ်ကိုင်လို့ ကောင်းခဲ့တဲ့ အပေါင်အနှံဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းမှာ
သိသိသာသာ အားနည်းလာခဲ့ပြီး လက်ရှိမှာ ချိန်ဆစရာတွေ များစွာရှိလာတာကို တွေ့ရ
ပါတယ်။

အိမ်မြေအပေါင်ထားတာတွေ နည်းပါးသွားရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အိမ်မြေ
စျေးကွက် အရောင်းအဝယ်လည်ပတ်မှု နှေးနေတဲ့အချက်က ထိပ်ဆုံးမှာရှိနေပါတယ်။
ငွေလိုတဲ့သူ အများစုဟာ အိမ်မြေကို ရောင်းချပြီးမှသာ ကိုယ်ပေါင်နှံတဲ့ပစ္စည်းကို ပြန်ရွေးနိုင်
ကြပါတယ်။ ဒီအနေအထားမှာအိမ်မြေအရောင်းအဝယ် နှေးကွေးတာကြောင့် အိမ်မြေကို
နှစ်ကာလကြာ ပြန်မရွေးနိုင်ဖြစ်ပြီး အတိုးများစွာ တက်လာတဲ့ ပြဿနာရှိလာပါတယ်။

အတိုးတက်သထက် တက်လာတဲ့အခါငွေရှင်က အိမ်မြေပိုင်ရှင်ကို ပြန်ရွေးစေချင်ပေမဲ့
အိမ်မြေပိုင်ရှင်ကလည်း ပြန်မရွေးနိုင်၊ တကယ်တမ်း ရွေးတဲ့အခါမှာလည်း ရှိနေတဲ့အတိုး
နှုန်းအတိုင်း မပေးနိုင်တာ၊ ဒါမှမဟုတ် မပေးချင်လို့ အတိုးလျှော့ပေါ့ပေးဖို့ တောင်းဆိုတာ
တွေ ကြံုရဖန် များလာတာကြောင့်အခုနောက်ပိုင်းမှာ ငွေရှင်တွေက အိမ်မြေအပေါင်အနှံကို
လက်တွန့်လာကြတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒီလို အိမ်မြေအပေါင်အနှံလုပ်ရာမှာငွေရှင်ရော၊ ပေါင်နှံမယ့် အိမ်မြေပိုင်ရှင်တွေကြားမှာပါ
ယုံကြည်ရတဲ့ အာမခံသူကလည်း အရေးပါနေပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့
အိမ်မြေစျေးကွက်က လည်ပတ်မှုနှေးကွေးနေတဲ့အခါ နှစ်ဦးနှစ်ဖက် ကတိမတည်နိုင်ကြ
တော့တာ၊ အငြင်းပွားကြရတာတွေ များလာပြီး တကယ်တမ်း ပြဿနာဖြစ်ရင် ဖြေရှင်းရ
ခက်ခဲတယ်လို့လည်း သိရပါတယ်။

နားလည်မှုနဲ့ လုပ်ကြတဲ့ အိမ်မြေအပေါင်အနှံမှာ အတိုးနှုန်းကိုလည်း ချေးယူတဲ့ငွေပမာဏ
အနည်းအများပေါ် မူတည်ပြီးနှစ်ဦးသဘောတူနိုင်တဲ့ နှုန်းနဲ့ အလုပ်လုပ်ကြလေ့ရှိပါတယ်။
ယေဘုယျအားဖြင့်တော့ ချေးယူငွေနည်းရင် အတိုးနှုန်းက များစွာမလျော့တတ်ဘဲ
ချေးယူငွေများပြားရင် အတိုးနှုန်းက နည်းပါးတတ်ပါတယ်။ ဒါပေမဲ့ အိမ်မြေပေါင်နှံရာမှာ
ကတိကဝတ်စာချုပ်စာတမ်းနဲ့ လုပ်ကိုင်သည်ဖြစ်စေ၊ ပိုင်ဆိုင်မှုကို လက်လွှဲစာချုပ်ချုပ်ထား
သည်ဖြစ်စေ တကယ်ပြဿနာဖြစ်လာရင် အချိန်ကုန် လူပန်းဖြေရှင်းရနိုင်တာကြောင့်
အိမ်မြေအပေါင်အနှံကို လုပ်ကိုင်ဖို့ စိတ်ဝင်စားသူနည်းသထက်နည်းပါးလာကြောင်း
အကျိုးဆောင်တချို့က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်