ယခုလအတွင်း တန်ဖိုးနည်းအိမ်ရာ အခန်း ၁,ဝဝဝ ရောင်းချပေးမည်

ယခုလအတွင်း တန်ဖိုးနည်းအိမ်ရာ အခန်း ၁,ဝဝဝ ရောင်းချပေးမည်

ဆောက်လုပ်ရေးဝန်ကြီးဌာနက တန်ဖိုးနည်းအိမ်ရာ အခန်း ၁,ဝဝဝ ကို ယခုလအတွင်း ရောင်းချ
ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များမှ တန်ဖိုးနည်းအိမ်ရာများကို
ရောင်းချပေးသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန်
ငွေကြေးစုဆောင်းနေသူများကို ဦးစားပေး ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၄င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

''ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ တန်ဖိုးနည်းအိမ်ရာ အခန်း ၁,ဝဝဝ ကို လာမယ့် ရက်သတ္တပတ်
အတွင်း ရောင်းချပေးသွားမှာဖြစ် ပါတယ်။ တန်ဖိုးနည်းအိမ်ရာတွေဝယ်ယူဖို့ အိမ်ရာ ဖွံ့ဖြိုးရေး
ဘဏ်မှာ ငွေကြေးစုဆောင်းထားသူတွေကို ဦးစားပေးရောင်းချသွားမှာ ဖြစ်ပါတယ်''ဟု
ဦးမင်းထိန်က ပြောသည်။

အိမ်ခန်းတန်ဖိုးများမှာ အထပ်ပေါ်မူတည်ပြီး တစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ မှ ၁၃၅ သိန်းအထိ
ရှိမည်ဖြစ်ပြီး အခန်းများကို ၁ဝ နှစ် အရစ်ကျစနစ် ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။

ယခုရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာ များတွင် လှိုင်သာယာမြို့နယ်က ရွှေလင်ပန်းအိမ်ရာ၊
ဒဂုံဆိပ်ကမ်းမြို့နယ်က ကနောင်အိမ်ရာ၊ ယုဇနအိမ်ရာများ ပါဝင်ပြီး အိမ်ခန်းများမှာ ၄၆၈
စတုရန်းပေမှ ၅၂၂ စတုရန်းပေအထိ ကျယ်ဝန်းကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ
သိရသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်ဆဲ တန်ဖိုးနည်း အိမ်ရာများအနက် အခန်းပေါင်း ၈,၇၁၂ ခန်းကို
ယခုနှစ် ၂ဝ၁၇ ခုနှစ်အတွင်း အပြီးတည်ဆောက် မည်ဖြစ်ပြီး ပြီးခဲ့သော ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်
အတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၂ဝ၈ ခန်းနှင့် အဆင့်မြင့်အိမ်ရာ ခန်း ၁,၃၈ဝ ကို
တည်ဆောက်ရောင်းချပေးနိုင်ခဲ့ကြောင်း ဦးမင်းထိန်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရန် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တစ်လလျှင်
ကျပ် တစ်သိန်းမှ နှစ်သိန်းကြား လစဉ်ငွေကြေး စုဆောင်းရမည်ဖြစ်ပြီး ကနဦးပေးသွင်းငွေအဖြစ်
တိုက်ခန်းတန်ဖိုး ၃ဝ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကြေးစုဆောင်းပြီးပါက တန်ဖိုးနည်းအိမ်ရာများကို
အရစ်ကျစနစ်ဖြင့် ရောင်းချပေးပြီး အဆိုပါအိမ်ရာ များတွင် နေထိုင်ခွင့်ပါ ရရှိမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးဝင်းဇော်က
ပြောသည်။

ထို့ပြင် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများ အတွက် ကနဦးပေးသွင်းငွေပမာဏကို ၃ဝ ရာခိုင်နှုန်းမှ
၂ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန်လည်း ဆွေးနွေးနေကြောင်း ၄င်းက ပြောသည်။

''တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူတွေအတွက် အရစ်ကျကို လက်ရှိမှာ ၁ဝ နှစ်အထိ ပေးနိုင်ပါပြီ။
လက်ရှိအချိန်ထိ ကနဦးပေးသွင်းငွေ ၃ဝ ရာခိုင်နှုန်းရှိမှ တန်ဖိုးနည်းအိမ်ရာ စတင် ရောင်းချပေးနေပေမဲ့
နောက်ပိုင်းမှာ ကနဦး ပေးသွင်းငွေပမာဏကို ၂ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးဖို့ လက်ရှိအချိန်မှာ
ညှိနှိုင်းဆွေးနွေးနေပါတယ်''ဟု ၄င်းက ပြောသည်။

တန်ဖိုးနည်းအိမ်ရာများ ရောင်းချရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ
ရှစ်နှစ်မှ ၁၅ နှစ် အရစ်ကျစနစ်များဖြင့် ဝင်ငွေနည်းပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပင်စင်စားများကို
ဦးစားပေးရောင်းချမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်
အတွင်း အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈ သိန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့သော နှစ်ကုန်ပိုင်းက ကျင်းပခဲ့သော ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ
မိတ်ဆက်ပွဲတွင် ပြောခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်