ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်ပြင်ဆင်ရေးဆွဲမည်

ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်ပြင်ဆင်ရေးဆွဲမည်

 

လက်ရှိရေးဆွဲဆောင်ရွက်လျက်ရှိသော ရန်ကုန်မြို့သစ် စီမံကိန်းကို လာမည့်ဆယ်စုနှစ်အတွင်း
တိုးပွားလာမည့် ရန်ကုန်မြို့တော် လူဦးရေနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲမည်ဟု
လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဇူလိုင် ၁ဝ ရက်ကကျင်းပသော ဒုတိယအကြိမ် မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်
အစည်းအဝေးတွင် ယင်းသို့ပြောခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်သည် လာမည့်် ၁ဝ နှစ်အတွင်းတွင် လူဦးရေ ၁ဝ သန်းအထက်ရှိသော မဂ္ဂါစီးတီး
(mega city) အဖြစ်သို့ ရောက်ရှိလာမည် ဖြစ်သောကြောင့် တိုးပွားလာမည့် လူဦးရေနှင့်ကိုက်ညီမှု
ရှိသော မြို့ပြစီမံကိန်းသစ်ကို ပြင်ဆင်ရေးဆွဲမည်ဟု ၄င်းကဆိုသည်။

''ရန်ကုန်မြို့ကို vertical expansion နဲ့ ့horizontal expansion နှစ်ခုစလုံးမှာ
ပေါင်းစပ်ပြီး တိုးပွားလာမယ့် လူဦးရေကို ကြည့်မယ်ဆိုရင် နေထိုင်သူ ၁ဝ သန်းကျော်ရှိမယ့်
မဂ္ဂါစီးတီးအဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရန်ကုန်မြို့ကိုချဲ့ထွင်ဖို့ vertical
ရော၊ horizontal ရော နှစ်ခုစလုံးပေါင်းစပ်ပြီး စီမံပြင်ဆင်ထားဖို့ လိုပါတယ်''ဟု
ဒေါ်နီလာကျော်က ပြောသည်။

သို့သော် လက်ရှိရန်ကုန်မြို့တော်ကို ချဲ့ထွင်သည့် အခါတွင် မြို့ပြင်ဒေသများကို ချဲ့ထွင်ခြင်း
Horizontal expansion ကို ပြုလုပ်ရမည်ဖြစ်သကဲ့သို့ မြို့တွင်း အထပ်မြင့်အဆောက်
အအုံများ တည်ဆောက်ကာ ချဲ့ထွင်ခြင်း Vertical Expansion ကိုလည်း ချဲ့ထွင်ရန်
လိုအပ်ကြောင်း ၄င်းက ပြောသည်။

''လက်ရှိ ရန်ကုန်နယ်နိမိတ်အတွင်းမှာပဲ လူဦးရေ တစ်သန်းကနေ နှစ်သန်းခန့် ထပ်မံနေထိုင်
နိုင်ရေး စီစဉ်ရမှာဖြစ်တဲ့အတွက် လက်ရှိမြို့ပြကို လူနေမှုသိပ်သည်းဆ မြှင့်တင်နိုင်ဖို့
ဆောင်ရွက်ရမှာ ဖြစ်ပါတယ်''ဟု ဒေါ်နီလာကျော်က ပြောသည်။

သို့သော် ရန်ကုန်နယ်နိမိတ်တွင် လက်ရှိမြို့ပြ လူနေမှုသိပ်သည်းဆကို မြှင့်တင်ပါက လူနေ
အဆောက်အအုံများပေါ်တွင် ထပ်မံတည်ဆောက်ရန် လက်ရှိနေထိုင်သူ ပြည်သူများနှင့်
ညှိနှိုင်းရန်ခက်ခဲပြီး မြို့ပြတည်ဆောက်ရေးစီမံကိန်းမှာ နှောင့်နှေးနိုင်သည့်အတွက်
ဟော်ရီဇွန်တယ်ခေါ် အလျားလိုက် ချဲ့ထွင်ခြင်းဖြစ်သော မြို့ပြင်ဒေသများကို ဦးစားပေး
ချဲ့ထွင်မှုဖြင့် လုပ်ဆောင်မည်ဟု သိရသည်။

UNHabitat နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့
လေ့လာဆောင်ရွက်နေသည့် မဟာရန်ကုန်မြို့ပြစီမံကိန်း (Greater Yangon Master Plan)
အရ တစ်စတုရန်း မီတာလျှင် လူဦးရေ ၂,၅ဝဝ နှင့် တစ်စတုရန်းမိုင်တွင် လူဦးရေ ၃၉,ဝဝဝ
ခန့်နေထိုင်ပါက လူဦးရေထူထပ် သိပ်သည်းဆများသော မြို့ပြပုံစံဖြစ်မည်ဖြစ်ပြီး
ရန်ကုန်နယ်နိမိတ်အတွင်း လက်ရှိနေထိုင်နေသော လူဦးရေသိပ်သည်းဆကို တိုးမြင့်ရန်
လိုအပ်ကြောင်း ၄င်းက ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေ သိပ်သည်းမှုသည် ၁၉၇၃ ခုနှစ်တွင် တစ်စတုရန်းမီတာတွင်
လူဦးရေ ၁၂ဝ၊ ၁၉၈၃ ခုနှစ်တွင် တစ်စတုရန်းမီတာတွင် ၃၈၇ ဦးနှင့် ၂ဝ၁၄ ခုနှစ်တွင် တစ်စတုရန်း
မီတာတွင် ရ၁၆ ဦးထိရှိလာပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။

နောက်ဆုံး ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အရ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူဦးရေ
၇ ဒသမ ၃၆ သန်းရှိပြီး လူဦးရေတိုးနှုန်းမှာ ၂ဝ၁၄ မှ ၂ဝ၁၅ အတွင်း ၁ ဒသမ ၄၈ နှုန်းဖြင့်
တိုးလာခဲ့သောကြောင့် ၂ဝ၃၁ ခုနှစ်တွင် မျှော်မှန်းလူဦးရေမှာ ၁ဝ ဒသမ ရ၂ သန်းရှိလာမည် ဖြစ်ပြီး
လူဦးရေ ၁ဝ သန်းကျော်ပါက မဂ္ဂါစီးတီးအဖြစ် သတ်မှတ်ကြောင်း ၄င်းက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော် ရာတွင် လိုအပ်သော ငွေကြေးအရင်းအနှီးကို
World Bank, IMF, IFC အစရှိသော ငွေကြေးဆိုင်ရာ ဌာနများက ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းခွင်တွင်
ပါဝင်ဆောင်ရွက်ခြင်း၊ Foreign Commercial Loan (နိုင်ငံခြားချေးငွေ ရယူခြင်း)၊
Private Enterprise လျှပ်စစ်လုပ်ငန်း၊ ရေလုပ်ငန်း အစရှိသည်တို့ကို PPP
စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် လျှပ်စစ်လုပ်ငန်းနှင့် ပတ်သက်၍
သီးခြားထုတ်လုပ်မှု (Own Generation) သီးခြားဆက်သွယ်မှုလိုင်း (Own Gird) တို့ကို
PPP စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရေရရှိရေးကိုလည်း PPP စနစ်ဖြင့် ဆောင်ရွက်
မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌဖြစ်သော
ဆိတ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ''ဒီနေ့ လွှတ်တော်
အစည်းအဝေးမှာ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖို့ တင်ပြသွားပြီး မြို့သစ်
စီမံကိန်းအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရသစ်ရဲ့ ဆောင်ရွက်မယ့်ပုံစံကတော့ ပြောင်းလဲ
သွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပုံစံလည်း ပြောင်းသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့
စီမံကိန်းပုံစံ ပြောင်းလဲမယ်ဆိုတာကလွဲလို့ အသေးစိတ် မသိရသေးဘူး''ဟု ပြောသည်။

''ဒီစီမံကိန်းကတော့ အကြီးကြီးဖြစ်တယ်။ မြို့သစ်စီမံကိန်းကို ဆောင်ရွက်မယ်၊ ပြီးခဲ့တဲ့အစိုးရ
သက်တမ်းတုန်းကပုံစံ မဟုတ်ဘူး။ ပုံစံပြောင်းမယ်လို့ ပြောရုံနဲ့ မပြည့်စုံပါဘူး။ လွှတ်တော်
ကိုယ်စားလှယ် တွေအနေနဲ့ ပြောင်းလဲရေးဆွဲမယ့် စီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုအပ်ပြီး
အသေးစိတ်ဆွေးနွေးချင်ပါတယ်။ နောက် သူတို့တင်ပြသွားတဲ့ အထဲမှာ New Yangon
Development Cooperation ရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာလည်း ပြန်လည်ပြင်ဆင်မယ့် အချက်တွေ
ရှိနေပါသေးတယ်''ဟု ၄င်းက ပြောသည်။

ပြန်လည်ပြင်ဆင်ရေးဆွဲမည့် မြို့သစ်စီမံကိန်း အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များက
လာမည့် ပ ဉ္စမအကြိမ်မြောက် လွှတ်တော်တွင် ဆွေးနွေးခွင့်ရရန် မျှော်လင့်ထားကြောင်း
သိရသည်။

''ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုလည်း အသစ်တွေ ပြန်ခေါ်မယ်လို့ဆိုတဲ့အတွက် နိုင်ငံတကာ
တင်ဒါခေါ်မှာလား၊ ရင်းနှီးမြှုပ်နှံမှုရဲ့ ပမာဏက ဘယ်လောက်သတ်မှတ်ထားလဲ၊ အခုလက်ရှိ
ရှိနေတဲ့ ဝိုင်စီဒီစီကပဲ အုပ်ချုပ်မှာလား၊ ဒါမှမဟုတ် ဝိုင်စီဒီစီအသစ် ပေါ်ပေါက်လာမှာလား။
ဘယ်လို စီမံခန့်ခွဲမှုပုံစံတွေနဲ့ အုပ်ချုပ်မှာလဲ ဆိုတာတွေကို ထပ်သိဖို့လိုတယ်''ဟု ဒေါ်စန္ဒာမင်းက
ပြောသည်။

ထို့ပြင် အဆိုပါစီမံကိန်းအကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ထဲတွင်
အသေးစိတ်ဆွေးနွေး အတည်ပြုပြီးမှသာလျှင် ဆောင်ရွက်ခွင့်ပြုသင့်ကြောင်းလည်း ၄င်းက
ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးချင်သည့် အချက်များကို ဇူလိုင် ၁၁ ရက်၊ မွန်းတည့်
၁၂ နာရီ နောက်ဆုံးထားကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းထံ ပေးပို့ရန်
သတ်မှတ်ထားပြီး အဆိုပါ အချိန်မှာ လုံလောက်ခြင်းမရှိကြောင်း လွှတ်တော်
ကိုယ်စားလှယ်များက ပြောသည်။

''ဘယ်နေ့ပြန်ဖြေမယ်ဆိုတာမျိုး ပြောမသွားသေးဘူး။ အခုနံပါတ်တစ် လုပ်ရမှာက အဲဒီစီမံကိန်း
အပေါ်ကို ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ နာမည်စာရင်း အရင်ပေးမယ်။ ပြီးမှ
တိုင်းဝန်ကြီးရဲ့ ဆွေးနွေးသွားတဲ့ အချက်တွေကတစ်ဆင့် ဒီအပေါ်မှာ ထပ်မံဆွေးနွေးမယ်''ဟု
ဒေါ်စန္ဒာမင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်