ဟေဂယ်လ်စီမံကိန်း အပိုင်း၂ တွင် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံ များ ပါဝင်မည်

ဟေဂယ်လ်စီမံကိန်း အပိုင်း၂ တွင် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံ များ ပါဝင်မည်

 

ဗီယက်နမ်အခြေစိုက် မြို့ပြတည်ဆောက်ရေးကုမ္ပဏီ ဟောင်အန်းဂယ်လိုင်း (ဟေဂယ်လ်) HAGL နှင့်
ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Royal Ace Mega
ကုမ္ပဏီတို့ အဆင့်မြင့် ရုပ်ရှင်ရုံများ ပူးပေါင်းဆောင်ရွက်ရန် နှစ်ရှည်ငှားရမ်းခြင်းစာချုပ်ကို
ဇူလိုင် ၁၇ ရက်က မလီယာဟိုတယ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါသဘောတူညီချက်အရ ဟေဂယ်လ်၏ အပိုင်းနှစ်စီမံကိန်းတွင် Royal ACE Mega
ကုမ္ပဏီမှ Mega Aceဟူသော အမည်ဖြင့် ရုပ်ရှင်ပိတ်ကား ခြောက်ခုပါဝင်သော ရုပ်ရှင်ရုံငယ် ခြောက်ခု၊
အထူးနားနေခန်းနှင့် ရုပ်ရှင်နမူနာများ ပြသမည့် အခန်းများပါဝင်မည့် အကျယ်အဝန်း စတုရန်းမီတာ
၂,၅၈၁ ဒသမ ၆ ရှိသော ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံများ အကောင်အထည်ဖော် ထည့်သွင်းတည်ဆောက်
မည်ဖြစ်သည်။

ဟေဂယ်လ်မြန်မာ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Cao Duy Thinh က ''ကျွန်တော်တို့က
ဟေဂယ်လ်ဆောက်လုပ်ရေးစီမံကိန်းကို အပိုင်းနှစ်ပိုင်းနဲ့ အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး
အပိုင်းတစ်မှာ မြန်မာပလာဇာ၊ မြန်မာစင်တာနဲ့ မလီယာဟိုတယ်တို့ပါဝင်ပြီး ၂ဝ၁၅ ခုနှစ်မှာ
တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အပိုင်းနှစ်မှာတော့ နိုင်ငံတကာအဆင့်မီကုန်ပစ္စည်းဆိုင်တွေ၊
ခေတ်မီစျေးဝယ်စင်တာ၊ ကလေးကစားကွင်း၊ စားသောက်ဆိုင်တွေနဲ့ ခေတ်မီရုပ်ရှင်ရုံပါဝင်တဲ့
အကျယ်အဝန်းစုစုပေါင်း ၉၃,၇၄၂ စတုရန်းမီတာရှိမယ့် အထပ်ငါးထပ်မြင့်အဆောက်အအုံတစ်ခုကို
အကောင်အထည်ဖော် ဆောက်လုပ်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။

ထို့ပြင် ဟေဂယ်လ်စီမံကိန်းများကို ပိုမိုကောင်းမွန်သော အရည်အသွေးများဖြစ်စေရန် စီမံကိန်း
အပိုင်းနှစ်တွင် ပါဝင်သော ရုံးခန်းအဆောက်အအုံများ၏ စတုရန်းမီတာ ၃ဝ,ဝဝဝ ခန့်ကို ခေတ်မီ
စျေးဝယ်စင်တာတစ်ခုအနေဖြင့် ပြောင်းလဲပြင်ဆင်ရန် အတည်ပြုခဲ့ကြောင်း ၄င်းက ပြောသည်။

''စတုရန်းမီတာ ၃ဝ,ဝဝဝ ရှိမယ့် ရုံးခန်းနေရာမှာ ခေတ်မီစျေးဝယ်စင်တာတစ်ခု အစားထိုးဆောက်
လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ အဲဒီစျေးဝယ်စင်တာမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ ကလေးကစားကွင်း၊
ရုပ်ရှင်ရုံနဲ့ စူပါမားကက် စတာတွေ ထည့်သွင်းအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီလို
ရည်ရွယ်ချက်ကြောင့်လည်းMega Ace ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံစီမံကိန်းအတွက် နှစ်ရှည်အငှား
စာချုပ် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

Royal Ace Mega ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်မိုးနွေဦးက ဟေဂယ်လ်စီမံကိန်းတွင်
ကြည့်ရှုသူဦးရေ ၁,ဝဝဝ ကျော်ဆံ့မည့် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံကို ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင်
စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောသည်။

''ကျွန်မတို့က ရုပ်ရှင်ရုံတွေကို ပြန်လည်အဆင့်မြှင့်တင်တဲ့ကုမ္ပဏီဖြစ်ပြီး လက်ရှိမှာ ရုပ်ရှင်ရုံ
ရှစ်ရုံကို အဆင့်မြှင့်တင်ပြီးပါပြီ။ ယခုလက်ရှိအချိန်မှာ ကျွန်မတို့နိုင်ငံတွင်းမှာ ရုပ်ရှင်ရုံ ရ၉ ရုံပဲ
ရှိနေပြီး ရုပ်ရှင်ရုံအရေအတွက် အလွန်နည်းပါးနေပါတယ်''ဟု ၄င်းက ပြောသည်။

ရုပ်ရှင်ရုံအရေအတွက် အနည်းပါးဆုံးအချိန်မှာ ၂ဝ၁၄ ခုနှစ်ဖြစ်ခဲ့ပြီး ထိုအချိန်က စုစုပေါင်း ၃၁
ရုံသာ ရှိခဲ့ကြောင်း၊ ယခုအချိန်တွင် ရုပ်ရှင်ရုံအနည်းငယ် ပြန်လည်တိုးများလာကြောင်း ၄င်းက
ပြောသည်။

''၁၉၆၈ ခုနှစ်က မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံ ၁၂၁ ရုံ ရှိခဲ့ပေမဲ့ ၂ဝ၁၄ ခုနှစ်မှာ ရုပ်ရှင်ရုံ ၃၁ ရုံပဲ
ကျန်ပါတော့တယ်။ အခုအချိန်မှာ ရုပ်ရှင်ရုံ ရ၉ ရုံရှိလာပြီဖြစ်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက်
သိသိသာသာ အရေအတွက် တိုးတက်လာပေမဲ့ ကျွန်မတို့နိုင်ငံမှာ ရုပ်ရှင်ရုံအရေအတွက်က
နည်းပါးနေဆဲပဲ ဖြစ်ပါတယ်''ဟု ဒေါ်မိုးနွေဦးက ပြောသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရုပ်ရှင်ရုံအရေအတွက် လွန်စွာနည်းပါး
လျက်ရှိပြီး ရုပ်ရှင်ရုံများ တိုးချဲ့တည်ဆောက်ရန် လိုအပ်နေသေးကြောင်း ၄င်းက ပြောသည်။

''အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရုပ်ရှင်ရုံ ၁,၁ဝဝ ကျော်ရှိပြီးတော့ မလေးရှားနိုင်ငံမှာ ရုပ်ရှင်ရုံ
၁,ဝ၅ဝ ကျော် ရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လူဦးရေ ၅၇ သန်းအတွက် ရုပ်ရှင်ရုံ ရ၉ ရုံပဲ ရှိပါသေး
တယ်။ ရန်ကုန်မြို့မှာ အားလပ်ရက် လည်ပတ်ဖို့ အပန်းဖြေနေရာတွေ နည်းပါးနေပြီးတော့
ရုပ်ရှင်ရုံလည်း လုံလုံလောက်လောက်မရှိသေးပါဘူး''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်