အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများနှင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
လိုအပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
''အိမ်ရာတည်ဆောက်ရေးလုပ်ငန်းတွေနဲ့ မြန်မာ့စီးပွားရေး အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေဖို့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်ပိုရဖို့ လိုအပ်နေ ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရဘဲနဲ့ ပြည်တွင်း
စီးပွားရေး တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး''ဟု စမတ်လုပ်ငန်းစုဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က
ပြောသည်။
ပြီးခဲ့သောနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ရရှိခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်
ဒေါ်လာ ၅ဝ ဘီလျံရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ထိုနှစ်က အမေရိကန်ဒေါ်လာ ၆၄ ဘီလျံသာဖြစ်
သည်ဟု ဦးကျော်ကျော်လှိုင်က ပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၊ လမ်းပန်း
ဆက်သွယ်ရေး နှင့် သွင်းကုန် အစားထိုးပစ္စည်းများနှင့် ပို့ကုန်များ ထုတ်လုပ်နိုင်ရန် လိုဆဲဖြစ်ကြောင်း
မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးအောင်မင်းက ပြောသည်။
''စင်ကာပူနိုင်ငံကို အမီလိုက်မယ်လို့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
အစိုးရ တာဝန်ရှိသူတွေက ပြောနေပေမဲ့ စင်ကာပူနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏက
ကျွန်တော်တို့ဆီက ဂျီဒီပီလောက်ရှိနေတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မဖွင့်ပေးဘဲ
လွယ်အောင်မလုပ်ပေးဘဲနဲ့ ကျွန်တော်တို့ သူ့ကို အမီလိုက်ဖို့ မဖြစ်နိုင်ပါဘူး''ဟု ၄င်းက
ပြောသည်။
ထို့ပြင် ကမ္ဘာ့ဘဏ်မှ ယခု ၂ဝ၁၇ ခုနှစ်အတွက် ထုတ်ပြန်သော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်
လွယ်ကူသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် နံပါတ် ၁၇ဝ တွင် ရပ်တည်နေပြီး အစိုးရသစ်
လက်ထက်တွင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းအပါအဝင် စီးပွားရေးလုပ်ငန်းများ
ဆောင်ရွက်ရန် ပိုမိုခက်ခဲလာကြောင်း ဦးအောင်မင်းက ပြောသည်။
''ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဆောက်လုပ်ဖို့မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သဘောတူညီ
ကြောင်း လက်မှတ်ရရှိပြီးလို့ စတင်ဆောက်တော့မယ်ဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနဆီက
ထပ်ပြီး သဘောတူညီကြောင်း တောင်းဖို့လိုသေးတယ်။ တစ်ခါဆောက်လုပ်ရေးဝန်ကြီးဌာနက
ခွင့်ပြုမိန့်ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးက အားလုံး ထပ်စစ်တယ်။ တစ်ခါစည်ပင်နဲ့
လည်း ညှိနှိုင်းလို့ အားလုံး အဆင်ပြေရင် တိုင်းဒေသကြီးအစိုးရဆီ ထပ်တင်ပြဖို့
လိုပြန်ရော''ဟု ၄င်းက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ရန် အစိုးရသစ်လက်ထက်တွင်လည်း ထိုကဲ့သို့ အဆင့်ဆင့်
တင်ပြရန်လိုအပ်နေပြီး ခွင့်ပြုမိန့်ရရှိရန် အချိန်ကြာမြင့်မှုများ ရှိနေဆဲဖြစ်သည့်အတွက် ဆောက်လုပ်ရေး
ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသူများက လက်ရှိအချိန်တွင် စောင့်ကြည့်သည့် အနေအထားတွင်သာ
ရှိနေဆဲဖြစ်ကြောင်း ၄င်းက ပြောသည်။
တန်ဖိုးနည်းအိမ်ရာနှင့် စက်မှုမြို့တော်တည်ဆောက်ရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းအမျိုးအစား
၁ဝ ခုကို ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများအဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က
ထုတ်ပြန်ထားပြီး ထိုလုပ်ငန်းအမျိုးအစားများတွင် ရင်းနှီးမြှုပ်နှံ လိုသူများကို တိုင်းဒေသကြီးအစိုးရ
အဖွဲ့များနှင့်လည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော လကုန်ပိုင်းက
ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားများတွင်
ပါဝင်သော တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းနှင့် စက်မှုမြို့တော် တည်ဆောက်ခြင်းလုပ်ငန်း
မျာကို ဆောင်ရွက်ရန် လက်ရှိအချိန်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို
လာရောက်လျှောက်ထားသူများ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့်က ပြောသည်။
''တန်ဖိုးနည်းအိမ်ရာ တည်ဆောက်တဲ့ လုပ်ငန်းနဲ့ စက်မှုမြို့တော် တည်ဆောက်တဲ့လုပ်ငန်းတွေမှာ
ရင်းနှီးမြှုပ်နှံဖို့ လက်ရှိအချိန်မှာ ကော်မရှင်ကို လာရောက်လျှောက်ထား တင်ပြထားတာတွေ
ရှိပါတယ်။ အဲဒီစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ မြေယာကို တိုင်းဒေသကြီးအစိုးရက ပေးမှာ
ဆိုတော့ အစိုးရဆီကို လွှဲပေးထားပါတယ်''ဟု ၄င်းက ပြောသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် မြေယာကိစ္စ ညှိနှိုင်း၍ အဆင်ပြေပါက မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ခွင့်ပြုမိန့် ပြန်လည်တင်ပြရမည်ဖြစ်ပြီး ကော်မရှင်မှ လိုအပ်သည်များကို
ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ တိုင်းဒေသကြီးအစိုးရနဲ့ လုပ်ငန်းရှင်တို့ ညှိနှိုင်းပြီးရင်
ကော်မရှင်ကို ပြန်တင်ပြရမှာ ဖြစ်ပါတယ်။ ကော်မရှင်ကလည်း ဦးစားပေးဆောင်ရွက်မယ့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်''ဟု
၄င်းသည်။
















