အမရပူရ မြို့ပြစီမံကိန်း အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိ မိုးရာသီအကုန်တွင် စတင်မည်

အမရပူရ မြို့ပြစီမံကိန်း အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိ မိုးရာသီအကုန်တွင် စတင်မည်

 

မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်မည့် အမရပူရမြို့ပြစီမံကိန်း
လုပ်ကိုင်ခွင့်ကို စီမံကိန်းအပိုင်းလိုက် ခွင့်ပြုထားခြင်းဖြစ်ပြီး လက်ရှိခွင့်ပြုချက်ရထားသည့်
အပိုင်း ၁ တွင် တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီအကုန်တွင် စတင်မည်
ဖြစ်ကြောင်း စီမံကိန်းဖော်ဆောင်မည့် ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

အမရပူရမြို့ပြစီမံကိန်းကို မန္တလေးမြို့၏တောင်ဘက် အမရပူရမြို့နယ်အတွင်းရှိ ဧရာဝတီ
မြစ်ကမ်းတစ်လျှောက် မြေနုကျွန်းများ၊ ကိုင်းမြေများပေါ်တွင် ရေဝပ်နေရာများကို မြေဖို့ကာ
ဧက ၂,ဝဝဝ ကျော်ခန့်၌ Mandalay Business Capital City Development Ltd က
အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ ယင်းကုမ္ပဏီကို မြန်မာနိုင်ငံစီးပွားရေး
လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးမောင်ဝိတ်က တည်ထောင်ထားခြင်း ဖြစ်သည်။

''အစိုးရအဖွဲ့ကလည်း အဆင့်ဆင့် ခွင့်ပြုမှုတွေပေးဖို့ စီစဉ်ထားတာဖြစ်တဲ့အတွက်
ကျွန်တော်တို့ဘက်ကလည်း တည်ဆောက်ရေးလုပ်ငန်းတွေကို အဆင့်ဆင့်ဆောင်ရွက်
ပါမယ်။ စီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မတီကို တင်ပြထားတာရှိသလို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာကိုလည်း
ပညာရှင်တွေနဲ့တိုင်ပင်ပြီး အသေးစိတ် တင်ပြထားပါတယ်။ စီမံကိန်းအပိုင်း ၁ အတွင်း
ပါဝင်တဲ့ မြေဧက ရဝ ရာခိုင်နှုန်းလောက်ကို ကျွန်တော်တို့ ဝယ်ယူထားပြီးဖြစ်တဲ့အတွက်
လက်ရှိမိုးရာသီကုန်ရင် မြေပြင်လုပ်ငန်းတွေ စတင်ဆောင်ရွက်ပါတော့မယ်''ဟု စီမံကိန်း
ဖော်ဆောင်မည့်ကုမ္ပဏီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ယခုလ ၂၅
ရက်တွင် ပြောသည်။

လက်ရှိတွင် စီမံကိန်းအတွင်း ပါဝင်သည့်အများနှင့်သက်ဆိုင်သော လမ်းများ အဆင့်မြှင့်
တင်ခြင်း၊ အဆောက်အအုံများ ပြုပြင်ခြင်း၊ အသစ်ပြန်လည် ဆောက်လုပ်ခြင်းများကို
ဆောင်ရွက်လျက်ရှိပြီး ငယ်တိုးရပ်ကွက်အတွင်းရှိ အမှတ် (၂) ရေဆိုးထုတ်စက်ရုံကို
ကျပ်သိန်း ၅,ဝဝဝ အကုန်အကျခံကာ အဆင့်မြှင့်တင်ထားပြီး စည်ပင်သာယာရေး
ကော်မတီသို့လွှဲပြောင်းထားပြီးဖြစ်ကာ မြို့ပတ်လမ်းကိုလေးလမ်းသွားမှ ခြောက်လမ်းသွား
အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဦးမောင်ဝိတ်က ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းဆောင်ရွက်မည့် ဧကများထဲမှ ဧက ၂ဝ ကို ကုမ္ပဏီ
ရုံးခန်းတည်ဆောက်ရန်အတွက် ပုံစံ ၁ဝ၅ (လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်)
ကူးယူခွင့်ပြုထားပြီး အချက်အလက်ပြည့်စုံလျှင် စီမံကိန်းခွင့်ပြုမည်ဖြစ်ကြောင်း တိုင်း
ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇွန်လအတွင်း ပြောသည်။

''ဒီစီမံကိန်းက အရင်အစိုးရလက်ထက်က စာချုပ်တွေဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့
ဆက်လက် အကောင်ထည်ဖော်ရတဲ့နေရာမှာ လုပ်ထုံးလုပ်နည်းနဲ့ညီအောင် သေချာစိစစ်
ပါတယ်။ ကွင်းဆင်းကြည့်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိခိုက်နိုင်မလဲ
ဆိုတာ အကုန်လုံး ပညာရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ ခွင့်ပြုတာဖြစ်ပါတယ်'' ဟု
ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

စီမံကိန်းဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်
ကုမ္ပဏီတို့ကြား နှစ်ဦးသဘောတူနားလည်မှုစာချွန်လွှာ ရေးထိုးထားပြီး မြို့တော်စည်ပင်
သာယာအနေဖြင့် စီမံကိန်း၏ ၂၅ ရာခိုင်နှုန်းကို အကျိုးခံစားခွင့်ရမည်ဖြစ်သည်။

စီမံကိန်း ဆောင်ရွက်နိုင်ရန်အတွက် ကုမ္ပဏီက ကနဦး ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်ငွေ ဘီလျံ
၅ဝဝ ထည့်သွင်းသွားမည်ဖြစ်ကာ လိုအပ်သည့် ငွေကြေးများကို ကုမ္ပဏီရှယ်ယာရောင်းချ
ခြင်း၊ ဘဏ်ချေးငွေများဖြင့် ဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ပြီး စီမံကိန်းကာလကို ၁ဝ နှစ်
သတ်မှတ်ထားကြောင်း ကုမ္ပဏီဒါရိုက်တာ ဦးမောင်ဝိတ်က ပြောသည်။

စီမံကိန်းတွင် ခေတ်မီမြို့ပြနှင့်အညီဟိုတယ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ ဆိပ်ကမ်းများ၊
စျေးဝယ်စင်တာများ၊ ပန်းခြံများ၊ တိုက်တန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်း
များတွင် ဒေသခံများအား ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ကာ လိုအပ်သည့် ပညာရပ်ပိုင်း
ဆိုင်ရာများတွင်သာ နိုင်ငံခြားသားများကို ထည့်သွင်းခန့်အပ်ထားမည်ဖြစ်ကြောင်း၊
တည်ဆောက်ရေးကာလအတွင်း လူဦးရေ ၁ဝ,ဝဝဝ ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး ပြီးဆုံးချိန်တွင် အလုပ်ကိုင်အခွင့်အလမ်း
၇ဝ,ဝဝဝ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်