အိမ်ရာအရစ်ကျ ချေးငွေအတိုးနှုန်းများ လျှော့ချပေးစေလိုဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို

အိမ်ရာအရစ်ကျ ချေးငွေအတိုးနှုန်းများ လျှော့ချပေးစေလိုဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို

နှစ်ရှည်အရစ်ကျ အိမ်ရာများ ဝယ်ယူရန် လက်ရှိ ပေးဆောင်နေရသော အတိုးနှုန်းမှာ မြင့်မားနေဆဲ
ဖြစ်သည့်အတွက် သင့်တော်သော အိမ်ရာချေးငွေ အတိုးနှုန်းများကို အစိုးရက ပြဋ္ဌာန်းပေးစေ
လိုကြောင်း မြတ်မင်းဆောက်လုပ်ရေး လုပ်ငန်းမှ ဦးအောင်မင်းက ပြောသည်။

''အတိုးနှုန်းက နှစ်ရှည်ဝယ်ယူဖို့ များပြားလွန်းနေတဲ့အတွက် အိမ်ပိုင်မရှိသေးသူတွေ အဆင်ပြေပြေ
ဝယ်ယူနိုင်စေဖို့ သင့်တော်တဲ့အတိုးနှုန်းနဲ့ အိမ်ရာချေးငွေနှုန်းထားကို သက်ဆိုင်ရာအစိုးရက
အမြန်သတ်မှတ် ပြဋ္ဌာန်းပေးစေလိုပါတယ်''ဟု ၄င်းက ပြောသည်။

နှစ်ရှည်ချေးငွေ ပေးနိုင်ရန် ပုဂ္ဂလိက ဘဏ်လုပ်ငန်း ရှင်များက ဆောင်ရွက်လာကြသော်လည်း
အတိုးနှုန်းများမှာ မြင့်မားနေဆဲဖြစ်ပြီး အိမ်ရာဝယ်ယူ လိုသူများအတွက် မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ သင့်တော်သော အတိုးနှုန်းကို ပြဋ္ဌာန်းပေးစေလိုကြောင်း ဦးအောင်မင်းက
ပြောသည်။

''အချိန်ပိုကြာကြာ နှစ်ရှည်ချေးငွေပေးနိုင်ဖို့ ပုဂ္ဂလိကဘဏ်တွေက ယခုနှစ်ပိုင်းအတွင်းအပြိုင်အဆိုင်
ကြိုးစားလာခဲ့ကြပေမဲ့ ဘဏ်တိုးတွေ လျှော့ချပေးဖို့တော့ ဆောင်ရွက်ပေးကြတာမျိုး မတွေ့မိသေးပါဘူး။
အိမ်ရာဝယ်ယူဖို့ ပိုက်ဆံချေးတဲ့ သူတွေအတွက် တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မတူဘဲ အတိုးနှုန်း
သက်သက်ကို ဗဟိုဘဏ်က ပြဋ္ဌာန်းပေးစေလိုပါတယ်''ဟု ၄င်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အိမ်ရာအရစ်ကျဝယ်ယူ သူများမှာ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့်
ဝယ်ယူနေကြ ရခြင်းဖြစ်သည်။

နှစ်ရှည်အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ယူလိုသူများအတွက် သင့်တော်သော အတိုးနှုန်းတစ်ခုကို
ဗဟိုဘဏ်မှ အမြန်ဆုံးသတ်မှတ်ပေးသင့်ပြီး ရန်ကုန်မြို့၏ စီးပွားရေးအနေအထားအရ အတိုးနှုန်း
ငါးရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအတွင်းသာ ရှိသင့်ကြောင်း အာရှအိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းမှ
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

''ပုဂ္ဂလိကဘဏ်တွေလည်း အဆင်ပြေနိုင်မယ့်၊ ဝယ်သူတွေလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်နိုင်မယ့်
အိမ်ရာချေးငွေ အတိုးနှုန်းထားမျိုး အစိုးရက အမြန်ဆုံး ပြဋ္ဌာန်းပေးသင့်ပါတယ်။ တခြားနိုင်ငံတွေ
နည်းတူ အိမ်ရာချေးငွေအတိုးနှုန်းက ခြောက်ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိသင့်ပါတယ်''ဟု ၄င်းက
ပြောသည်။

ထို့ပြင် ကျဆင်းနေသော တိုက်ခန်း အရောင်းစျေးကွက် ပြန်လည်ကောင်းမွန်စေရန် အရစ်ကျ
အိမ်ရာများ ပိုမိုရောင်းချပေးသင့်ကြောင်းလည်း ၄င်းက ပြောသည်။  



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်