ရန်ကုန်မြို့သည် အာရှတိုက်၏ ရှေးဟောင်းအမွေအနှစ် အများဆုံးရှိသော မြို့တစ်မြို့ ဖြစ်နေသော်လည်း
ပြုပြင်ထိန်းသိမ်းမှု အားနည်းနေသေးကြောင်း ကနေဒါအခြေစိုက် B+H မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဗိသုကာပညာဆိုင်ရာ အကြံပေးကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ
မစ္စတာ ရောဘတ် မာရှယ်လ်က ပြောသည်။
''ရန်ကုန်မြို့လယ်က ဆွဲဆောင်မှုရှိတဲ့ ရှေးဟောင်းအမွေအနှစ် ကိုလိုနီအဆောက်အအုံတွေကို
မပျက်စီးအောင် အချိန်မီထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်''ဟု ၄င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
အဆောက်အအုံအများစုကို အစိုးရက ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေဆဲဖြစ်ကြောင်း
မစ္စတာ ရောဘတ် မာရှယ်လ်က ပြောသည်။
''ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံတွေကို အစိုးရက လက်ရှိအချိန်မှာ ထိန်းသိမ်း စောင့်ရှောက်
မှုတွေ ပြုလုပ်နေပေမဲ့ အားနည်းနေပါသေးတယ်''ဟု ၄င်းက ပြောသည်။
အဆောက်အအုံဟောင်းများကို အန္တရာယ်ဟု ထင်မြင်ယူဆကြသော်လည်း မှန်ကန်သည့်အချိန်တွင်
ငွေကြေးအကုန်အကျခံ အသေအချာထိန်းသိမ်းလျှင် နှစ်ပေါင်းများစွာ ကြာရှည်ခံနိုင်ကြောင်း
ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ မဟာဘွဲ့ရရှိထားပြီး လက်ရှိတွင်
အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြို့ပြအမွေအနှစ် စီမံကိန်းမန်နေဂျာ မစ္စတာ
ဒဲရန်မက်ကလင်းန်က ပြောသည်။
''အဆောက်အအုံဟောင်းတွေကို ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းရတာ ငွေကုန်ကြေးကျ ပိုများပေမဲ့
အဲဒီအဆောက်အဆောက်အအုံတွေကို မှန်ကန်တဲ့အချိန်မှာ ပြန်လည် ထိန်းသိမ်းနိုင်ခဲ့တယ်ဆိုရင်
နောက်နှစ်ပေါင်းများစွာ အဲဒီအဆောက်အအုံတွေကို မှန်ကန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်''ဟု
၄င်းက ပြောသည်။
ရန်ကုန်မြို့သည် ရှေးဟောင်းအဆောက်အအုံများ တစ်နေရာတည်းတွင် စုစည်းတည်ရှိနေသော
ရှားပါးမြို့နယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ထိုရှေးဟောင်းအဆောက်အအုံများကို မှန်ကန်စွာ
ပြုပြင်ထိန်းသိမ်းကာ နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်နိုင်ကြောင်း
မစ္စတာဒဲရန်မက်ကလင်းန်က ပြောသည်။

ရန်ကုန်မြို့တော်တွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ်အသိအမှတ်ပြုထားသော
ရှေးဟောင်းအဆောက်အအုံ ၁၈၉ လုံးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရှေးဟောင်းအဆောက်အအုံ များကို
ရှေးမူမပျက် ထိန်းသိမ်းရန် ငွေကြေးအခက်အခဲများရှိနေပြီး ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်
အဆောက်အအုံများကို နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်မွမ်းမံ ကာ အများပြည်သူ
ဝင်ထွက်သွားလာလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။
ရန်ကုန်မြို့လယ်တွင် ပြန်လည်ပြင်ဆင်ကာ အသုံးပြုနိုင်မည့် အထင်ကရ အဆောက်အအုံ ၁၁ လုံး
ရှိပြီး ထိုအဆောက်အအုံများကို ပြန်လည်အသုံးပြုနိုင်ပါက ဒေသခံများအတွက် အလုပ်အကိုင်နှင့်
ခရီးသွားလုပ်ငန်းအပါအဝင် စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးနိုင်ကြောင်း ရန်ကုန်မြို့ပြ
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သော ရန်ကုန်မြို့ပြ အမွေအနှစ်
မဟာဗျူဟာအစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို နည်းစနစ်ကျကျ ထိန်းသိမ်းပါက
ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် အခြားမြို့များနှင့်မတူဘဲ ခေတ်သစ်အဆောက်အအုံများနှင့်
အမွေအနှစ်အဆောက်အအုံများ ရောြ>ွပမ်းနေသော အလှပဆုံးမြို့လေးတစ်မြို့ ဖြစ်လာနိုင်ကြောင်း
မြို့ပြထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပညာရှင်များက ပြောသည်။
















