မန္တလေးတိုင်းတွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ အခန်းပေါင်း ၁,၅ဝဝ ကျော် ဆောက်လုပ်မည်

မန္တလေးတိုင်းတွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ အခန်းပေါင်း ၁,၅ဝဝ ကျော် ဆောက်လုပ်မည်

မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဟောင်းများ
အတွက် ရည်ရွယ်ပြီး ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ အခန်းပေါင်း ၁,၅ဝဝ ကျော်ကို 
ဆောက်လုပ်မည်ဖြစ်ကြောင်းတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် 
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

ယင်းအိမ်ရာစီမံကိန်းကို မန္တလေးတောင်အရှေ့ဘက် ပုသိမ်ကြီးမြို့နယ်ရှိ မဲကင်းကုန်း
ကျေးရွာအနီးတွင် ဆောက်လုပ်မည်ဖြစ်ကာ မြေ ၃၃ ဒသမ ၂၂ ဧကပေါ်တွင် တည်ဆောက်
မည်ဖြစ်ကြောင်း၊ အိမ်ခန်းပေါင်း ၁,၅၅၂ ခန်း ပါဝင်မည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်း
ကို ၂ဝ၁၈ ခုနှစ်၊ မတ်လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဦးအောင်ကျော်ဦးက
ဇူလိုင် ၂၆ ရက်တွင် ပြောသည်။

''ဒီစီမံကိန်းက နိုင်ငံတော်အဆင့် စီမံကိန်းဆောင်ရွက်တာ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်း
အငြိမ်းစားတွေကို အဓိကထား ဆောင်ရွက်တာပေါ့။ အငှားအိမ်ရာနဲ့ အရောင်းအိမ်ရာဆိုပြီး
နှစ်မျိုးပါမယ်။ ဝန်ထမ်း အပျို၊ လူပျိုဆောင်တွေလည်း ပါမယ်။ အရောင်းအတွက်ဆိုရင်
လည်း အရစ်ကျဝယ်နိုင်တဲ့ စနစ်တွေပါမယ်။ အငြိမ်းစားကတော့ အရောင်းအိမ်ရာပေါ့။
အငှားအိမ်ရာက ဝန်ထမ်းတွေအတွက်ပါ။ အပျို၊ လူပျိုဆောင်တွေကတော့ ပေ ၂ဝ
ပတ်လည်နဲ့ ရေချိုးခန်း၊အိမ်သာ အကုန်ပါအောင် ဆောင်ရွက်ပေးမယ်'' ဟု
ဦးအောင်ကျော်ဦးက ပြောသည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ တည်ဆောက်မည့် စီမံကိန်းမြေပေါ်တွင် ယခုလ
၂၆ ရက်က ပန္နက်တင် အခမ်းအနားပြုလုပ်ခဲ့ပြီး နိုင်ငံတော် ဒုသမ္မတ (၁) ဦးမြင့်ဆွေ
တက်ရောက်ခဲ့သည်။

အိမ်ရာစီမံကိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေဖြင့်ဆောင်ရွက်လုပ်ကိုင်မည်
ဖြစ်ကာ တိုင်းဒေသကြီးအနေဖြင့် မြေနေရာရှာပေးရခြင်းသာဖြစ်ပြီး ကျပ်ငွေ ၁ဝ ဘီလျံ
ကုန်ကျမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ
အသင်းက တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်မည်ဖြစ်ကြောင်း
၄င်းက ပြောသည်။

''အရင်မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆွဲထားတာက လေးခန်းတွဲ
ငါးထပ်ပေါ့။ ဒီမှာကျတော့ ကျွန်တော်တို့ရတဲ့ မြေနေရာပေါ်မူတည်ပြီးတော့ ရှစ်ခန်းတွဲ ၁ဝ
ထပ်တွေ ဖြစ်သွားပါမယ်။ အငြိမ်းစားဝန်ထမ်းတွေအတွက်ဖြစ်လို့ အထပ်မြင့်နေရင်
သူတို့အတွက် အဆင်မပြေနိုင်ဘူး။ ဒါကြောင့် ဓာတ်လှေကားတွေ ပါပါမယ် '' ဟု
ဦးအောင်ကျော်ဦးက ပြောသည်။

အရောင်းအိမ်ရာအတွက် စတုရန်းပေ၄ဝဝ ကို ကျပ်သိန်း ၉ဝ ဖြင့် လည်းကောင်း၊
စတုရန်းပေ ၅ဝဝ ကို ကျပ် ၁၁၅ သိန်းဖြင့်လည်းကောင်း၊ စတုရန်းပေ ၆ဝဝ ကို ကျပ်သိန်း
၁၄ဝ ဖြင့် လည်းကောင်း၊ စတုရန်းပေရ၅ဝ ကို သိန်း ၁၇ဝ ဖြင့် လည်းကောင်း၊ စတုရန်းပေ
၉ဝဝ ကို သိန်း ၂ဝဝ ဖြင့် လည်းကောင်းစျေးနှုန်းသတ်မှတ်ထားပြီး အရစ်ကျစနစ်ကို
နှစ်အလိုက် ငါးနှစ်၊ ရှစ်နှစ်၊ ၁ဝ နှစ်၊၁၂ နှစ်၊ ၁၅ နှစ် သတ်မှတ်ထားသည်။

''ရာထူးအဆင့်လိုက် လစာဝင်ငွေပေါ်မူတည်ပြီးတော့ အခန်းတွေ ရကြမှာပေါ့။ ဥပမာ
ရုံးစာရေးကလည်း ရုံးစာရေး အဆင့်လိုက် အခန်းရပါမယ်''ဟု ဦးအောင်ကျော်ဦးက
ပြောသည်။

တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင်
အခန်းပေါင်း ၁ဝ,ဝဝဝ ကျော် ပါဝင်သည့် အိမ်ရာစီမံကိန်းတစ်ခုကို ဆက်လက်
ဖော်ဆောင်မည်ဖြစ်ကာ မြေနေရာအသုံးပြုခွင့်အတွက် တိုင်းဒေသကြီးအစိုးရသို့ တင်ပြ
ထားပြီးခွင့်ပြုရန်ပုံငွေနှင့် လုပ်ကိုင်ခွင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက ရရှိထားပြီး
ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်