မန္တလေး အိမ်ခြံမြေစျေးကွက် ကျပ်သိန်း ၅ဝဝ နှင့် ၁,ဝဝဝ ကြားအိမ်မြေများ အရောင်းအဝယ်အဖြစ်များ

မန္တလေး အိမ်ခြံမြေစျေးကွက် ကျပ်သိန်း ၅ဝဝ နှင့် ၁,ဝဝဝ ကြားအိမ်မြေများ အရောင်းအဝယ်အဖြစ်များ

လတ်တလော မန္တလေးအိမ်ခြံမြေစျေးကွက်မှာ ကျပ်သိန်း၅ဝဝ နဲ့ ၁,ဝဝဝ အကြား 
တန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေသာ အများဆုံး အရောင်းအဝယ်ဖြစ်နေပြီး စျေးနှုန်းအမြင့်တန်း
တွေက အရောင်းအဝယ်မဖြစ်သလောက် နည်းပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်
တချို့က ပြောပါတယ်။

အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ပါးနေတာ ခြောက်နှစ်လောက် ရှိနေပါပြီ။ ဒါပေမဲ့
၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှာ အရောင်းအဝယ်မဖြစ်တာ ပိုသိသာလာခဲ့ပြီး လက်ရှိမှာ
ဝယ်ရောင်းစျေးကွက်ထက် အမှန်တကယ်လိုအပ်ချက်ကြောင့် ဝယ်ယူသူတွေကို
ပိုအားထား လုပ်ကိုင်နေရတယ်လို့ ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက
ဦးဝဏ္ဏစိုးက ပြောပါတယ်။

''လက်ရှိအနေအထားအရ အငှားအရောင်းက ပုံမှန်ဖြစ်ပါတယ်။ ကျပ်သိန်း ၁,ဝဝဝ အောက်
အိမ်မြေတွေက ပိုဖြစ်တယ်။ အရင်က အမြင့်စျေးတွေနဲ့ ရောင်းကြတာကနေ ဒီဘက်နှစ်ပိုင်း
တွေမှာ လိုလိုချင်ချင် ညှိညှိနှိုင်းနှိုင်းနဲ့စျေးနှုန်းကို ကိုင်မထားဘဲ ရောင်းချလာတဲ့အတွက်
အရင်ကထက်တော့ အရောင်းအဝယ်ပိုဖြစ်လာပါတယ်။ ချမ်းမြသာစည်၊ မဟာအောင်မြေ၊
ပြည်ကြီးတံခွန်မြို့နယ်တွေထဲက အိမ်မြေအကွက်အကွင်းတွေကို စိတ်ဝင်စားမှုများကြ
တယ်''လို့ ဦးဝဏ္ဏစိုးက ပြောပါတယ်။

အိမ်မြေစျေးကွက် အရောင်းအဝယ် အေးရခြင်းအကြောင်းအရင်းထဲမှာ စျေးနှုန်းတွေက
အမြင့်ဆုံးကိုရောက်ခဲ့ပြီး အဲဒီနှုန်းတွေအတိုင်း အချိန်ကြာမြင့်စွာ ဆက်ခေါ်နေတဲ့အတွက်
စျေးကွက်သဘောတရားအရရော၊ အခွန်နှုန်းထားအရပါ စျေးကွက်အပေါ် အကျိုး
သက်ရောက်မှုဖြစ်ကြောင်း၊ အရောင်းအဝယ်ပုံစံပါ ပြောင်းလဲလာပြီး အခုအခါ ဝယ်ရောင်း
တွေက ရင်းနှီးမြှုပ်နှံတာကိုလျှော့ချပြီး နေထိုင်ဖို့အတွက် ဝယ်ယူမှု များလာတယ်လို့
ပြောပါတယ်။

''အဓိကက အခွန်စနစ်ပဲ။ သိန်း ၃,ဝဝဝ တန် မြေကို ဝယ်မယ်ဆိုရင် အခွန်က ၃ဝ
ရာခိုင်နှုန်း ဖြစ်မှာဆိုတော့ အခွန်ပေးရမှာ သိန်း ၁,ဝဝဝ လောက် ဖြစ်သွားမယ်။ အခွန်
သတ်မှတ်ချက်ကို ပြန်သုံးသပ်သင့်ပါတယ်'' လို့ ဦးဝဏ္ဏစိုးက ပြောပါတယ်။

လက်ရှိ သတ်မှတ်ထားတဲ့ အခွန်စနစ်အရ အိမ်မြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ
အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ ကနေ ကျပ်သိန်း ၁,ဝဝဝ အထိ၂ဝ ရာခိုင်နှုန်းနဲ့
ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။ အခွန်
ဆောင်ရာမှာ ကျင့်သုံးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ထုတ်ပြန်ထားတဲ့ ရာဖြတ်
တန်ဖိုးတွေကို ၂ဝ၁၆–၁၇ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ထားပြီး ၂ဝ၁၇–၁၈ ဘဏ္ဍာနှစ်
အတွက် လက်ရှိအချိန်အထိ ထုတ်ပြန်မထားသေးပါဘူး။

''အထူးသဖြင့် ကျပ်သိန်း ၅,ဝဝဝ နဲ့အထက် အိမ်ခြံမြေတွေကတော့ အလုပ်ဖြစ်ဖို့ ခက်ခဲ
နေဦးမှာပါပဲ။ အချိန်ယူရဦးမှာပါ''လို့ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ဝင်းက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်