ပုဂ္ဂလိက တန်ဖိုးသင့်အိမ်ရာများ စျေးကွက်အတွင်း ဝယ်လိုအား များပြား

ပုဂ္ဂလိက တန်ဖိုးသင့်အိမ်ရာများ စျေးကွက်အတွင်း ဝယ်လိုအား များပြား

ယခုနှစ်အတွင်း ပုဂ္ဂလိက တန်ဖိုးသင့် တိုက်ခန်းအိမ်ရာများ အရောင်းစျေးကွက် မြင့်တက်လာကြောင်း
ရွှေအိမ်ခြံမြေလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ မစ္စတာ ကီဗင်ဂူးစ်က ပြောသည်။

''အစိုးရ အကောင်အထည်ဖော်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေက စျေးနှုန်းပိုသက်သာပြီး
အရစ်ကျငွေသွင်းရချိန် ပိုကြာပေမဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပင်စင်တွေကိုပဲ ပိုဦးစားပေးရောင်းချတာများပြီး
တိုက်ခန်းတည်နေရာကလည်း မြို့ထဲနဲ့ နည်းနည်းလှမ်းတာကြောင့် နေ့စဉ်ကားစီးရင်း အချိန်မကုန်
လိုတဲ့ အလုပ်နဲ့ အိမ် သိပ်မလှမ်းတဲ့နေရာမှာ နေထိုင်လိုတဲ့သူတွေက ပုဂ္ဂလိကတန်ဖိုးသင့်အိမ်ရာတွေ
ကိုပဲ ဝယ်ယူလာကြပါတယ်''ဟု ၄င်းက ပြောသည်။

တန်ဖိုးသင့်အိမ်ရာများကို ၁၈ လမှ ၃၆ လအထိ အရစ်ကျရောင်းချပေးနေပြီး တိုက်ခန်း စတင်ဝယ်ယူရန်
၃ဝ ရာခိုင်နှုန်း ငွေလက်ငင်းပေးရပြီး ကျန်ငွေကို သုံးနှစ်အရစ်ကျ ပေးချေဝယ်ယူကြသူများ
များပြားကြောင်း ၄င်းက ပြောသည်။

''တိုက်ခန်းကို ကြိုပွိုင့်အနေနဲ့ ဝယ်ယူလိုသူတွေက တိုက်ခန်းရဲ့ ၃ဝ ရာခိုင်နှုန်းကို ကြိုပေးထားဖို့လိုပြီး
လစဉ် တိုက်ခန်းရဲ့ နှစ်ရာခိုင်နှုန်းပေးရမှာ ဖြစ်ပြီး သုံးနှစ် အရစ်ကျပေးနိုင်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ
ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုက အဲဒီလို သုံးနှစ်အရစ်ကျ ရောင်းချပေးလာကြပါတယ်။
လစာဝင်ငွေ အထိုက်အလျောက်ရရှိတဲ့ အိမ်ပိုင်မရှိသေးတဲ့သူတွေအနေနဲ့ ဝယ်ယူဖို့ အဆင်ပြေ
ပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် တန်ဖိုးသင့်အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလာနိုင်ရန် ယခုနှစ်ပိုင်းအတွင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုယ်တိုင် ဘဏ်များနှင့် ချိတ်ဆက်ရောင်းချပေးရန် ကြိုးစား
လာကြကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က
ပြောသည်။

''အရင်က တိုက်ခန်းကြိုပွိုင့်စျေးကွက်တွေ အရမ်းကောင်းမွန်ခဲ့ပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်လောက်က
အိမ်ခြံမြေအရောင်းစျေးကွက် ကျဆင်းလာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုယ်တိုင်
သူတို့ဝယ်လက်ကိုရှာပြီး အဆင်ပြေအောင်ရောင်းချဖို့ ကြိုးစားလာပါတယ်။ အရင်က ဝယ်ရောင်း
လုပ်သူတွေသာ တိုက်ခန်းတွေကို အဝယ်များခဲ့ပေမဲ့ အခု အမှန်တကယ်နေထိုင်လိုသူတွေသာ
အဝယ်များလာပြီး ဝယ်ယူလိုသူတွေ အဆင်ပြေပြေဝယ်နိုင်ဖို့ အရစ်ကျစနစ်နဲ့ ရောင်းချပေးတာတွေ
ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပိုလုပ်လာကြပါတယ်''ဟု ၄င်းက ပြောသည်။

ယခင်က တန်ဖိုးသင့်အိမ်ရာများ ဝယ်ယူရန် ဝယ်ယူလိုသူများက ပြည်တွင်းဘဏ်များနှင့်
ချိတ်ဆက်ရသော်လည်း ယခုအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုယ်တိုင် ဘဏ်များနှင့်
ချိတ်ဆက်ရောင်းချလာကြကြောင်း ၄င်းက ပြောသည်။

''အခု ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုယ်တိုင် ဘဏ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်လာကြပြီး
သူတို့ကပဲ အားလုံးအာမခံပေးလို့ ဝယ်ယူလိုသူတွေက လွယ်လွယ်ကူကူ အရစ်ကျဝယ်နိုင်ပါပြီ''ဟု
ဦးရန်အောင်က ပြောသည်။

ရွှေအိမ်ခြံမြေလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ မစ္စတာ ကီဗင်ဂူးစ်ကလည်း ''တိုက်ခန်းဝယ်ယူလို
သူတွေကို ဘယ်လိုအရစ်ကျစနစ်တွေနဲ့ ဆွဲဆောင်မလဲ၊အတိုးနှုန်းကို ဘယ်လိုလျှော့ချပေးမလဲ
ဆိုပြီး ဝယ်ယူလိုသူ အဆင်ပြေအောင် ညှိနှိုင်းရောင်းချပေးဖို့ လုပ်ငန်းရှင်တွေက ကြိုးစားလာကြ
ပါတယ်''ဟု ပြောသည်။

တန်ဖိုးသင့်အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် လက်ရှိအချိန် တွင် အတိုးနှုန်း ၁၃
ရာခိုင်နှုန်းပေးရန် လိုအပ်ပြီး ထိုအတိုးနှုန်းမှာ နှစ်ရှည် အရစ်ကျစနစ်များ စတင်ရောင်းချခဲ့သော
အရောင်းစျေးကွက်အတွက် အတိုးနှုန်းများသည်ဟု မဆိုနိုင်ကြောင်း မစ္စတာကီဗင်ဂူးစ်က
ပြောသည်။

''အရစ်ကျတိုက်ခန်းအရောင်းစနစ်တွေ စတင်တွင်ကျယ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် အရစ်ကျဝယ်ဖို့
လက်ရှိ ဒီမှာပေးနေရတဲ့ ၁၃ ရာခိုင်နှုန်းအတိုးနှုန်းက များတယ်လို့ ပြောလို့မရသလို
နည်းလည်းမနည်းပါဘူး။ မြန်မာက အိမ်ရာကို အရစ်ကျစနစ်နဲ့ ရောင်းချပေးတဲ့နေရာမှာ
အခုမှ အစပိုင်းပဲ ရှိပါသေးတယ်။မြန်မာနိုင်ငံအတွက် အရစ်ကျစနစ်နဲ့ ငွေချေးပေးဖို့က
ပြည်တွင်းဘဏ်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲပါ''ဟု ၄င်းက ပြောသည်။

အခြား အာဆီယံနိုင်ငံများတွင်လည်း အရစ်ကျစနစ်များ စတင် ရောင်းချခဲ့ချိန်တွင် အတိုးနှုန်းများ
အနည်းငယ်ကြီးမြင့်လေ့ရှိပြီး နောက်ပိုင်းမှသာ အတိုးနှုန်းများ လျော့ကျလာကြောင်း
မစ္စတာကီဗင်ဂူးစ်က ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ တန်ဖိုးသင့် တိုက်ခန်းများ ဆောက်လုပ်နေသည့် ကန်ထရိုက်တိုက်များကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

''ကမ္ဘောဒီးယားနိုင်ငံမှာ ၂ဝဝ၈ ခုနှစ်ကစပြီး အိမ်ရာအရစ်ကျရောင်းချတာတွေ ခေတ်စားခဲ့ပြီး
အဲဒီအချိန်တုန်းက သူတို့လည်း အရစ်ကျဝယ်ဖို့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးရပါတယ်။
အခုအချိန်မှာတော့ ကမ္ဘောဒီးယားမှာ အိမ်ရာအတိုးနှုန်းက ၈ ဒသမ ၅ ရာခိုင်နှုန်းထိ
လျော့ကျခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှာလည်း အိမ်ရာတိုက်ခန်းဝယ်ဖို့ အတိုးနှုန်း
ခုနစ်ရာခိုင်နှုန်းအောက်ပဲ ပေးရပါတယ်။ မြန်မာနိုင်ငံလည်း နောက်ဆို အတိုးနှုန်းတွေ
ဒီထက်ပိုလျော့ကျလာမှာပါ''ဟု ၄င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံက တန်ဖိုးသင့်အိမ်ရာများမှာ အခြားအာဆီယံနိုင်ငံများက အရွယ်အစားတူ
တန်ဖိုးသင့်အိမ်ရာများနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းလျော့နည်းပြီး တိုက်ခန်းဝယ်ယူလိုသူများအတွက်
စျေးနှုန်းသင့်တင့်ကြောင်း ၄င်းက ပြောသည်။

''မြန်မာနိုင်ငံမှာ တန်ဖိုးသင့်တိုက်ခန်းတစ်ခန်း ဝယ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၇,ဝဝဝ
(မြန်မာကျပ်ငွေ သိန်း ၃ဝဝ ခန့်) စျေးနှုန်းရှိပြီး ကမ္ဘောဒီးယားနိုင်ငံတွင် တန်ဖိုးသင့်အိမ်ရာ
တစ်ခန်းဝယ်ဖို့ အမေရိကန်ဒေါ်လာ ၃၇,ဝဝဝ (မြန်မာကျပ်ငွေ သိန်း ၅ဝဝ ဝန်းကျင်)နဲ့
ထိုင်းနိုင်ငံဆိုရင် အမေရိကန်ဒေါ်လာ ၃၃,ဝဝဝ (မြန်မာကျပ်ငွေ သိန်း ၄၅ဝ ခန့်) ပေးရမှာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ယခုလပိုင်းအတွင်း တန်ဖိုးသင့်အိမ်ရာများ အရောင်းအဝယ်ကောင်းမွန်ခဲ့ပြီး ပြီးခဲ့သော လေးလ
အတွင်း ရွှေအိမ်ခြံမြေလုပ်ငန်းမှတစ်ဆင့် တန်ဖိုးသင့်တိုက်ခန်း ၄ဝဝ ကျော် ရောင်းချခဲ့ရကြောင်း
လည်း ၄င်းက ပြောသည်။

''ပြီးခဲ့တဲ့တစ်ပတ်က ရွှေအိမ်ခြံမြေလုပ်ငန်းက ရန်ကုန်မြို့မှာ သုံးရက်တာကျင်းပခဲ့တဲ့
တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲကနေ တန်ဖိုးနည်းအိမ်ရာစီမံကိန်း ၁၁ ခုကနေ မြန်မာကျပ်ငွေ
၄ ဒသမ ရ ဘီလျံကျော်ဖိုး ရောင်းချခဲ့ရပါတယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် ယခုလနောက်ဆုံးပတ်တွင်လည်း စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံက တန်ဖိုးသင့်အိမ်ရာများ
သွားရောက်ရောင်းချမည်ဖြစ်ကြောင်း မစ္စတာ ကီဗင်ဂူးစ်က ပြောသည်။

''နိုင်ငံခြားမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက မြန်မာ့အိမ်ခြံမြေတွေကို ရင်းနှီးမြှုပ်နှံလိုကြ
ဆဲပါ။ ရွှေအိမ်ခြံမြေလုပ်ငန်းက တန်ဖိုးသင့် အိမ်ရာအရောင်းပြပွဲတွေကို လစဉ်တိုင်း
ကျင်းပပေးနေပြီး အခုသြဂုတ်လ ၂၆ နဲ့ ၂၇ ရက်မှာတော့ စင်ကာပူနိုင်ငံကို သွားရောက်ပြီး
မြန်မာ့တန်ဖိုးသင့် အိမ်ရာနဲ့ ကွန်ဒိုတိုက်ခန်းတွေကို သွားရောက်ရောင်းချပေးမှာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်