ဆောက်လုပ်ရေးကဏ္ဍတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လိုသည့်သူများ ရှိသော်လည်း
အစိုးရက အိမ်ရာကဏ္ဍဆိုင်ရာ ခိုင်မာသောမူဝါဒများ မချမှတ်နိုင်သေးသည့်အတွက် စောင့်ကြည့်
အနေအထားတွင်သာ ရှိသေးကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
''အိမ်ရာစီမံကိန်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ
အကြီးစားစီမံကိန်းတွေကို ဆောင်ရွက်လိုတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရှိနေပါတယ်။ သူတို့က
အစိုးရကပြဋ္ဌာန်းပေးမယ့် ခိုင်မာတဲ့မူဝါဒတွေ၊ အာမခံပေးတာ တွေကို စောင့်နေကြတာပါ''ဟု
မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်းက ဦးအောင်မင်းက ပြောသည်။
အစိုးရက ယခုဘဏ္ဍာနှစ်အတွင်း ဦးစားပေး ဆောင်ရွက်ခွင့်ပြုမည့် စီမံကိန်း ၁ဝ ခုတွင် တန်ဖိုးနည်း
အိမ်ရာ တည်ဆောက်ရေး စီမံကိန်းများနှင့် စက်မှုမြို့တော်တည်ဆောက်ရေး လုပ်ငန်းများ
ပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သော ဇွန်လကုန်ပိုင်းက ကြေညာ
ထားပြီး ထိုစီမံကိန်းများ ဆောင်ရွက်လိုသူ လုပ်ငန်းရှင်များကို တိုင်းဒေသကြီးအစိုးရနှင့်
ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
မြန်မာနိုင်ငံတွင် အိမ်ရာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးစားစီမံကိန်းများ ပြုလုပ်ရန် စိတ်ဝင်စားသော်
လည်း အစိုးရက စီမံကိန်းများ ရင်းနှီးမြှုပ်နှံရန် အာမခံ မပေးနိုင်ပါက ရင်းနှီးမြှုပ်နှံမှုများ
လာရောက်ဆောင်ရွက်ရန် မလွယ်ကူကြောင်း အရှေ့တောင်အာရှ၏ ပထမဆုံး အစိမ်းရောင်
မြို့တော် စီမံကိန်းဖြစ်လာမည့် Forest City (သစ်တောမြို့တော်) စီမံကိန်းကို မလေးရှားနိုင်ငံ
ဂျိုဟာမြို့တွင် အကောင်အထည်ဖော်နေသော ဟောင်ကောင် အခြေစိုက် Country Garden
ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ Mr. Runze Yu က ပြောသည်။
''ပြီးခဲ့တဲ့လတုန်းက ကျွန်တော် ရန်ကုန်မြို့ကို ရောက်ခဲ့ပါတယ်။ ငါးမိနစ်လောက်ပဲ သင်္ဘောစီးရတဲ့
ရန်ကုန်မြို့လယ်ကောင်နဲ့ တခြားဘက်အခြမ်းနဲ့က သိသိသာသာ နေထိုင်မှုအဆင့်အတန်းတွေ၊
ဖွံ့ဖြိုးမှုတွေ ကွာခြားနေတာကို အရမ်းအံ့သြမိပါတယ်။ အဲဒီလို ဖွံ့ဖြိုးနိုင်ခြေများပြီး
ဖွံ့ဖြိုးမှုမရှိသေးတဲ့ ရန်ကုန်မြို့တွင်းက မြို့နယ်တချို့မှာ အိမ်ရာရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အကြီးစား
စီမံကိန်းတွေလုပ်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုစတင်ဖို့ အစိုးရက အာမခံပေးဖို့
လိုပါတယ်''ဟု ၄င်းက ပြောသည်။
ရန်ကုန်မြို့တွင် အကြီးစားရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးအခြေအနေတည်ငြိမ်မှု၊
ဒေသတွင်းငြိမ်းချမ်းမှုနှင့် အစိုးရက တိကျသော မူဝါဒများ ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း
Mr. Runze Yu က ပြောသည်။
''စီမံကိန်းအကြီးစားတွေကို အကောင်အထည်ဖော်ဖို့ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုက
အရေးကြီးပါတယ်။ တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကောင်း ရှိပြီးရင် ရင်းနှီးမြှုပ်နှံမှုအကြီး
စားတွေ စတင်နိုင်ဖို့ အစိုးရက တိကျတဲ့မူဝါဒတွေ ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံလို
သူတွေကို အာမခံပေးဖို့ လိုပါတယ်။ ဒီအချက်တွေ မရှိသေးရင်တော့ အကြီးစား ရင်းနှီးမြှုပ်နှံ
လိုသူတွေ လာရောက်ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ပါဘူး''ဟု ၄င်းက ပြောသည်။
မြန်မာ့အိမ်ခြံမြေစျေးကွက်အတွင်း အိမ်ရာရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စီမံကိန်းများအတွက်
အသေးစား ရင်းနှီးမြှုပ်နှံမှုများ ရှိနေသော်လည်း အကြီးစားအိမ်ရာ စီမံကိန်းရင်းနှီးမြှုပ်နှံမှုများ
အားနည်းနေသေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
''အိမ်ရာကဏ္ဍနဲ့ အခြေခံအဆောက်အအုံကဏ္ဍ အမှန်တကယ် တိုးတက်ဖို့ အကြီးစား
ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ့် နိုင်ငံခြား ဆောက်လုပ်ရေးဆိုင်ရာ ကုမ္ပဏီတွေ အမှန်တကယ်
လိုအပ်ပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းလို အကြီးစားစီမံကိန်းတွေအတွက် အသေးစား
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်သင့်သလို အကြီးစားဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေလည်း ပါဝင်ဖို့ လိုအပ်ပါတယ်''ဟု ဦးအောင်မင်းက ပြောသည်။
















