မန္တလေးမြို့ အိမ်ခြံမြေစျေးကွက်ဟာ လက်ရှိအချိန်မှာ အရောင်းအဝယ် ငြိမ်သက်နေပေမဲ့
အိမ်မြေဝယ်ယူဖို့စိတ်ကူးရှိသူတွေအတွက် မြို့ကွက်သစ် အရှေ့တောင်ဘက်ဧရိယာတွေမှာ
အခွင့်အရေးကောင်းတွေ ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
အရောင်းအဝယ် ငြိမ်သက်နေတာဟာ တစ်ဖက်မှာအခွင့်အရေးကောင်းတွေ ရှိနေတယ်လို့
တချို့က သုံးသပ်ကြပါတယ်။ အရောင်းအဝယ်ငြိမ်သက်ခြင်းရဲ့ အကျိုးဆက်အဖြစ်
အိမ်မြေရောင်းချလိုသူ တချို့ဟာ ကိုယ့်ပိုင်ဆိုင်မှုကို အရင်ကရှိခဲ့တဲ့ အမြင့်စျေးနှုန်းတွေ
ကနေ နိမ့်ဆင်းခေါ်လာတာတွေရှိပြီး အလားအလာကောင်းတာတွေကို သင့်တင့်တဲ့
နှုန်းထားနဲ့ ညှိနှိုင်းဝယ်ယူနိုင်တဲ့ အခွင့်အရေးတွေရှိလာကြောင်း အကျိုးဆောင်တချို့က
ပြောပါတယ်။
လက်ရှိအနေအထားအရ မြေကွက်ကို ကိုယ်တတ်နိုင်တဲ့ ငွေပမာဏနဲ့ ဝယ်ယူလိုသူတွေ
အနေနဲ့လည်း မြို့ကွက်သစ်အရှေ့ပိုင်းဧရိယာတွေမှာ ကျပ်သိန်း ၂ဝဝ ကနေ ကျပ်သိန်း
၄ဝဝ အတွင်း စျေးနှုန်းရှိတဲ့ မြေကွက်တွေကို ဝယ်ယူနေထိုင်မှု များပြားလာပါတယ်။ ငွေကို
ကျပ်သိန်း ၂ဝဝ လောက်သုံးရင် မြေကွက်အကျယ် ၁၅ ပေ၊ ပေ ၄ဝ လောက်ပဲရနိုင်ပေမဲ့
အဆောက်အအုံကို နှစ်ထပ်လောက် သပ်သပ်ရပ်ရပ် ဆောက်လုပ်လိုက်ရင် သင့်တင့်တဲ့
မိသားစုဝင်ဦးရေအတွက် ကောင်းကောင်းနေထိုင်လို့ ဖြစ်နေပါတယ်။ ဒါဟာတစ်ဖက်က
ကြည့်ရင် အငှားစျေးနှုန်းတွေ မြင့်နေတဲ့မြို့တွင်းမှာ အိမ်ငှားနေတာထက်စာရင်
အများကြီးတာသွားတယ်လို့ အိမ်မြေအကျိုးဆောင်တချို့က သုံးသပ်ပြပါတယ်။
မြို့သစ်ဧရိယာထဲမှာ အရှေ့နဲ့ အနောက်မှာ ၅၅ လမ်းကနေ ၄၅ လမ်းဧရိယာအတွင်း၊
တောင်နဲ့ မြောက်မှာ မနော်ဟရီလမ်းကနေ မင်းကြီးရန်နောင်လမ်းအတွင်းနေရာတွေမှာ
အထက်ကလို မြေကွက်ပေကျဉ်းတွေကို ဝယ်ယူဖို့ မေးမြန်းစုံစမ်းတာ များလာပါတယ်။
ဒီအထဲမှာမှ ငွေကို ကျပ်သိန်း ၅ဝဝ ပတ်ချာလည်အထိ သုံးနိုင်တဲ့သူတွေအတွက်ကတော့
ဝယ်ယူမယ်ဆိုရင် တကယ့် အချိန်ကောင်းလို့ ပြောလို့ရပါတယ်။
တချို့လမ်းပေါ်တင် မြေကွက်တွေက ကျပ်သိန်း ၁,ဝဝဝ လောက်အထိ စျေးခေါ်တာတွေ
ရှိနေပေမဲ့ အချိန်ပေးပြီး သေချာရှာရင် ကျပ်သိန်း ၅ဝဝ ဝန်းကျင်နဲ့ ရောင်းချင်နေတာတွေ
လည်း တွေ့နိုင်ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်တချို့ကတော့ မိန်းလမ်းပေါ်တင်ပြီး
ပေ ၃ဝ၊ ပေ ၄ဝ အကျယ်မြေကို ကျပ်သိန်း ၄ဝဝ ခေါ်နေတာတွေရှိကြောင်း ပြောပါတယ်။
မိန်းလမ်းပေါ်တင်ဆိုတာဟာ အိမ်မြေအကွက်အကွင်းအရ အားသာချက်ကြီးမားပြီး
ရှေ့အလားအလာကောင်းလည်း ရှိနေပါတယ်။
မြို့ကွက်သစ်ဧရိယာအများစုဟာ လူနေထိုင်မှု အနည်းနဲ့အများ ရှိနေကြပြီဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးက လွယ်ကူကောင်းမွန်နေပြီး ရေ၊ မီးကလည်း ရဖို့ လွယ်ကူ
ပါတယ်။ ဒါဟာ ကြီးမားတဲ့ အားသာချက်ဖြစ်နေပြီး စျေးနှုန်းအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်
မြို့တွင်းပိုင်းနဲ့ အဆများစွာကွာဟနေတာကြောင့် မြို့ကွက်သစ်မှာ နေထိုင်ဖို့ဖြစ်စေ၊
ရင်းနှီးမြှုပ်နှံဖို့ ဖြစ်စေ အချိန်စောနိုင်သမျှ စောပြီး ဝယ်ယူထားခြင်းဟာ မမှားနိုင်ဘူးလို့
အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
















